ပြီးခဲ့သည့်လများက ရန်ကုန်ဆိပ်ကမ်းတွင် ပြည်ပနိုင်ငံများ၌ အသုံးပြုပြီးသော အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။
တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ သယ်ဆောင်လာသော ကွန်ပျူတာ၊ လျှပ်စစ်ပစ္စည်းများမှ ထွက်ရှိသည့် ဆားကစ်ပြားအဟောင်းကဲ့သို့သော အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းများပါဝင်ကာ ထိုပစ္စည်းများမှာ ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်ပျက်စီး နိုင်သည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက မူလနိုင်ငံသို့ ပြန်လည်ပို့ဆောင်၍ ညွှန်ကြားခဲ့သည်။
ထိုအီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းများသည် ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသဖြင့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း (Hazardous Waste) ဟု သတ်မှတ်ထားရာ နိုင်ငံတကာကွန်ဗင်းရှင်းများတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံတင်ပို့ရန် တားမြစ်ထားသည့် ပစ္စည်းများလည်းဖြစ်သည်။
စက်ရုံ၊ အလုပ်ရုံများမှ စွန့်ပစ်သည့် အညစ်အကြေးများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးထိခိုက်မှုများရင်ဆိုင်နေရချိန်တွင် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအန္တရာယ်ကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စိန်ခေါ်မှုဖြစ်လာနေသည်။
မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများဆိုသည့် စကားရပ်မှာ မတွင်ကျယ်လာသေးသော်လည်း အန္တရာယ်ကြီးမားသည့်အတွက် သတိထားဖြေရှင်းရမည့် ကိစ္စရပ်ဖြစ်လာနေသည်။
လွန်ခဲ့သည့်နှစ်များက ဖွံ့ဖြိုးပြီး နိုင်ငံကြီးများသည် ယင်းတို့၏ အသုံးပြုပြီး အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းများ၊ နျူကလီးယားစွန့်ပစ်ပစ္စည်းများကို နိုင်ငံငယ်လေးများဆီသို့ လာရောက်စွန့်ပစ်သည့် သာဓကများရှိခဲ့ရာ မြန်မာနိုင်ငံသို့လည်း အမှိုက်ပုံသဖွယ်လာရောက် စွန့်ပစ်ရန် ကြိုးပမ်းနေမှုသည် စိုးရိမ်ဖွယ်ရာဖြစ်နေသည်။
‘‘အရင်တုန်းကဆို နျူကလီးယားစွန့်ပစ်အမှိုက်တွေကို ကမ္ဘောဒီးယားတို့၊ ဗီယက်နမ်တို့နားက တောင်တရုတ်ပင်လယ်မှာ လာပစ်တယ်။ အဲဒါကို ဂရင်းပိစ်အဖွဲ့ကသိလို့ သင်္ဘောနဲ့ပိတ်ပြီး ကန့်ကွက်ခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိတယ်။ ဆိပ်ကမ်းမှာ ဖမ်းမိတယ်ဆိုလည်း မိလို့သိရတာ။ တို့နားကို လာပစ်ရင်သိတောင်သိလိုက်မှာ မဟုတ်ဘူး။ ဒါတွေကို လက်သင့်ခံပြီး ယူလာတဲ့သူကလည်းယူတယ်’’ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးညိုမောင်က ပြောသည်။
ယင်းအီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းများ ဖမ်းဆီးရမိချိန်တွင် မြန်မာနိုင်ငံမှ ဘာဆယ်ကွန်ဗင်းရှင်း (ဘေးအန္တရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများနှင့် နိုင်ငံဖြတ်ကျော်သယ်ဆောင်ခြင်းဆိုင်ရာ သဘောတူညီချက်) အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့်အတွက် ကွန်ဗင်းရှင်းပါ အချက်အလက်များအတိုင်း နိုင်ငံတွင်းသို့ ဝင်ရောက်မလာစေရန် တားဆီးနိုင်ခဲ့သော်လည်း ပတ်ဝန်းကျင်ထိခိုက်စေသည့် စွန့်ပစ်ပစ္စည်းများ ထပ်မံမဝင်ရောက်လာစေရန် အရေးတကြီးထိန်းကွပ်ရန်လိုအပ်နေသည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်းက ပြောသည်။
‘‘အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းတွေကို ဖမ်းမိတာ မိုဘိုင်းတင်မ်အဖွဲ့က ဖမ်းမိတာ။ ဒါဖမ်းဆီးရရှိမှုပေါ့။ လွတ်သွားတာတွေလည်း ရှိရင်ရှိမှာပဲ။ ဒီဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းတွေနဲ့ ဓာတုစွန့်ပစ်ပစ္စည်းတွေရဲ့ အန္တရာယ်က ကြီးတယ်’’ဟု ၎င်းက မှတ်ချက်ပြုသည်။
သို့ရာတွင် ဘေးအန္တရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများ၏ အန္တရာယ်ဆိုးကျိုးမှာ ဒီတစ်ခုတည်းတော့မဟုတ်။ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် စွန့်ပစ်ပစ္စည်းများအန္တရာယ်အပြင်၊ ပြည်တွင်း၌ လုပ်ကိုင်နေသည့် သတ္တုတွင်းလုပ်ငန်းများ၊ စက်မှုဇုန်စက်ရုံများ မှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ အန္တရာယ်သည်လည်း ကြီးမားလျက်ရှိသည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက ဆိုသည်။
အထူးသဖြင့် သတ္တုတွင်းလုပ်ငန်းများမှ စွန့်ပစ်လိုက်သည့် ဓာတုစွန့်ပစ်ပစ္စည်းများကြောင့် ယင်းအနီးဝန်းကျင်ရှိ ဒေသခံများ ကျန်းမာရေးထိခိုက်မှုများ ဖြစ် ပေါ်လျက်ရှိပြီး ပတ်ဝန်းကျင်ရှိ ဂေဟစနစ်မှာလည်း ထိခိုက်မှုနှင့် ကြုံတွေ့နေရသည်ဟု ၎င်းတို့က ဆိုသည်။
‘‘သာဓကအနေနဲ့ဆို တီကျစ် ကျောက်မီးသွေးစက်ရုံရှိတယ်။ လေထုညစ်ညမ်းပြီး အဲဒီဒေသခံ တွေဆို ကျန်းမာရေးပြဿနာတွေ ရှိတယ်။ နောက်စံပယ်တောင်လုပ် တုန်းကဆို စွန့်ပစ်ရေတွေလျှံထွက် လို့ လယ်မြေတွေ ပျက်သွားတာ လည်းရှိတယ်။
အခုထိ သေချာမလုပ်ပေးသေးတော့ ပြဿနာတွေတက်နေတုန်းပဲ’’ဟု စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းအုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက ဆိုသည်။
သတ္တုတွင်းများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများတွင် ပြဒါးဓာတ်၊ ခဲ၊ ကြေးနီဓာတ်၊ မာကျူရီ စသည့်ဓာတ်များပါရှိနေပြီး ယင်းဓာတ်များကြောင့် ကင်ဆာ၊ အသက်ရှူလမ်းကြောင်းရောဂါများ အဆုတ်၊ အသည်း၊ ကျောက်ကပ်ရောဂါများနှင့်
မွေးလာသည့် ကလေးတွင် ဉာဏ်ရည်ချို့တဲ့ခြင်းစသည့် ရောဂါများကြုံတွေ့နိုင်သည်။
ယင်းသတ္တုတွင်းများမှ စွန့်ပစ်ပစ္စည်းများကြောင့် သတ္တုတွင်းလုပ်ငန်းအများအပြားရှိရာ ကချင်ပြည်နယ်တွင် ပြဒါးအဆိပ်သင့်မှု ဖြစ်ပွားမှုနှုန်းများပြီး ဧရာဝတီတိုင်းတွင် အာဆင်းနစ်နှင့် တနင်္သာရီတိုင်း၌ ခဲဆိပ်သင့်မှုတို့ ဖြစ်ပွားမှုများသည်ကို လေ့လာတွေ့ရှိခဲ့ကြောင်း ဇီဝဓာတုဘေးထွက်ဆိုးကျိုးများ သက်ရောက်မှုစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထို့အပြင် နိုင်ငံအတွင်းရှိနေသည့် ကျောက်မီးသွေးစက်ရုံများမှထွက်ရှိသည့် ချော်ပြာများနှင့် အမှုန်အမွှားများသည်လည်း လေထုညစ်ညမ်းစေကာ ဒေသခံတို့၏ ကျန်းမာရေးထိခိုက်စေရုံမက ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေသည်ဖြစ်ရာ ကျောက်မီးသွေးစက်ရုံများ ထပ်မံဝင်လာပါက ဆိုးကျိုးပိုများလာမည်ဟု ၎င်းတို့က ဆိုသည်။
လက်ရှိတွင် တီကျစ်ကျောက် မီးသွေးစက်ရုံကြောင့် ဒေသခံများသည် ညှော်နံ့များခံစားရပြီး အသက်ရှူလမ်းကြောင်း ပြဿနာများ၊ မွေးဖွားသည့်ကလေးမှာ ပေါင်မပြည့်၊ လမစေ့ခြင်းစသည့် ပြဿနာများတွေ့လာရသည်ဆိုသည်။ နိုင်ငံရပ်ခြားမှ အသုံးပြုပြီး ကျောက်မီးသွေးစက်ရုံအဟောင်းများ ဝင်ရောက်လာပါက ထိခိုက်မှုပိုများလာမည်ဖြစ်သည်။
‘‘ကျောက်မီးသွေးမိုင်းတွေဆိုရင် နှစ် ၈၀ အတွင်းမှာ တစ်ရက်ကို တစ်ယောက်နှုန်းနဲ့ သေနေတာ။ လူသေနှုန်းက ဒါမတော်တဆကြောင့် မီးသွေးမှုန့်ကိုရှူမိလို့ အဆုတ်ထိပြီး သေနေတာတွေက ဘယ်လောက်မှန်းမသိဘူး။ ဒါလည်း ဘေးအန္တရာယ်ရှိတဲ့ စွန့်ပစ် ပစ္စည်းတွေပဲ’’ဟု ဦးညိုမောင်က ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် စီးပွားရေးတိုးတက်ဖွံ့ဖြိုးလာမှုနှင့်အတူ သီလ၀ါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်ကဲ့သို့သော အကြီးစားစီးပွားရေးဇုန်များလုပ်ဆောင်ရန်ရှိနေရာ ယင်းစီးပွားရေးဇုန်များမှ အန္တရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများ ပါဝင် လာမည်ဖြစ်ရာ စနစ်တကျစီမံခန့်ခွဲရန် လိုအပ်လာမည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များက ဆိုသည်။
‘‘အထူးစီးပွားရေးဇုန်တွေက ဘယ်လိုစက်ရုံတွေပါမှာလဲ။ ရေနံနဲ့ဓာတုပစ္စည်းအသုံးပြုမယ်ဆိုရင် ဘယ်လိုစွန့်ပစ်မလဲ။ ဒါတွေကို မီးရှို့စက်ကြီးတွေနဲ့ရှို့ပြီး ဝေးတဲ့နေရာရေထဲကို စွန့်ပစ်လိုက်မလား။ ဒါမှမဟုတ် စွန့်ပစ်ပစ္စည်းတွေကို သိမ်းထားပြီးမှ မြေအောက်ထဲမြှုပ် မလား။ ဒါတွေက စဉ်းစားစရာပဲ’’ ဟု ဦးဝင်းမျိုးသူက ဆိုသည်။
လက်ရှိတွင် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများနှင့်ပတ်သက်၍ စီမံခန့်ခွဲရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အမိန့်ရေးဆွဲလျက်ရှိပြီး မကြာမီတွင် ထုတ်ပြန်နိုင်မည်ဖြစ်သည်။ ယင်းအမိန့်တွင် ပြည်တွင်းရှိ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ ထိန်းသိမ်းကာ ကွယ်ရေးအပြင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမည့် စွန့်ပစ်ပစ္စည်းများ အန္တရာယ်တားဆီးရေးလည်းပါဝင်မည်ဖြစ်သည်။
ထို့အပြင် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုဆိုင်ရာများကို နော်ဝေးနိုင်ငံအကူအညီဖြင့်လည်း လုပ်ဆောင်သွားရန်ရှိပြီး နည်းပညာပံ့ပိုးမှုများအပြင် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများထွက်ရှိသည့် လုပ်ငန်းများ၊ ထွက်ရှိမှုပမာဏများကို ရန်ကုန်နှင့် မန္တလေးတို့၌ စစ်တမ်းကောက်မည်ဖြစ်သည်။
ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများမှာ သာမန်စွန့်ပစ်ပစ္စည်းများထက် လူနှင့်ပတ်ဝန်းကျင်ကို ထိခိုက်မှုဆိုးကျိုးပိုမိုများပြားသည့်အတွက် ကာကွယ်တားဆီးရေးကို ဥပဒေနှင့်အညီ အာဏာသက်ဝင်စေရေးအတွက်ပါ လုပ်ဆောင်သင့်ကြောင်း ပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေသူများက အကြံပြုခဲ့သည်။
7 day
No comments:
Post a Comment