Thursday 3 September 2015

ရွှေ့ပြောင်းဒုက္ခသည် ကလေးငယ် တစ်ဦး၏ ရုပ်အလောင်း တူရကီ ကမ်းခြေတွင် မျောပါသောင်တင်


တူရကီရှိ ကမ်းခြေတစ်ခုတွင် လာရောက် သောင်တင်နေသည့် ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းက ဥရောပသို့ ခိုဝင်ရန် ကြိုးပမ်းနေသည့် ရွှေ့ပြောင်း ဒုက္ခသည်များ၏ အန္တရာယ်များလှသည့် ဘဝကို ပိုမိုရုပ်လုံးပေါ် ထင်ဟပ်လာစေခဲ့သည်။
တူရကီရှိ အားလပ်ရက် အပန်းဖြေသူများကြား လူသိများသည့် ဘော့ဒရမ်မြို့ ကမ်းခြေတစ်ခုတွင် ဆီးရီးယားရှိ ကာ့ဒ်မျိုးနွယ်ဝင် ကလေးငယ် တစ်ဦး၏ ရုပ်အလောင်းက စက်တင်ဘာ ၂ ရက်တွင် လာရောက် သောင်တင်နေခြင်း ဖြစ်သည်။ အသက် ၂ နှစ်၊ သို့မဟုတ် ၃ နှစ်ခန့်သာ ရှိဦးမည့် သနားစဖွယ် ကလေးငယ်သည် သောင်ပြင်ပေါ် မျက်နှာ အပ်လျက်သားဖြင့် အသက်မဲ့နေပြီဖြစ်ပြီး အနီရောင်တီရှပ်၊ နက်ပြာရောင် ဘောင်းဘီတိုနှင့် ရှူးဖိနပ်တို့ကို ဝတ်ဆင်လျက်သား ရှိနေသည်။

အန်ကာရာမြို့၏ အနောက်ဘက် ကီလိုမီတာ ၄၀၀ မျှအကွာရှိ အဆိုပါ မြို့တွင် ကလေးငယ်၏ အလောင်း လာရောက် သောင်တင်နေသည့် သတင်းဓာတ်ပုံသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး ဥရောပတွင် လက်ရှိကြုံနေသည့် ရွှေ့ပြောင်း ဒုက္ခသည် ပြဿနာကို တစ်ကမ္ဘာလုံးက ပိုမို အာရုံစိုက်လာသည်။ လစ်ဗျား၊ ဆီးရီးယားတို့အပြင် ဆာဟာရနှင့် ထိစပ်နေသော နိုင်ငံများတွင် နိုင်ငံရေး မတည်ငြိမ်မှုများ၊ ပြည်တွင်းစစ်ပွဲများကြောင့် ဒေသခံများသည် မြေထဲပင်လယ်ကို စွန့်စားဖြတ်ကျော်ကာ ဥရောပသို့ ခိုဝင်ရန် ကြိုးစားလေ့ရှိသည်။ ယင်းကို ဥရောပ နိုင်ငံများဘက်မှ လက်ခံရန် ငြင်းဆိုသည့်အခါ ကြီးမားသည့် နိုင်ငံတကာရေးရာ အကျပ်အတည်းတစ်ခု ဖြစ်လာခဲ့သည်။
တူကွိုင်ဆေး ကမ်းခြေပေါ်တွင် တည်ရှိသည့် ဘော့ဒရမ်မြို့မှ ဆီးရီးယား နိုင်ငံသား ကာ့ဒ်ကလေးငယ်၏ ရုပ်အလောင်း ဓာတ်ပုံအပြင် ၎င်းကို ဝမ်းနည်းကြေကွဲစွာ ပွေ့ချီသွားသည့် တူရကီ လုံခြုံရေး အရာရှိ တစ်ဦး၏ ဓာတ်ပုံများသည် စိတ်နှလုံး ထိခိုက်စရာ ဖြစ်ခဲ့သလို ဥရောပ နိုင်ငံများ အနေဖြင့် ရွှေ့ပြောင်း ဒုက္ခသည်များကို လက်ခံပေးရန် ဖိအားလည်း ပိုမိုတိုးပွားလာသည်။
ဥရောပဘက်တွင်လည်း ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးဆုံး ကြုံလာသည့် ရွှေ့ပြောင်းဒုက္ခသည် ပြဿနာကို နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သည့် ပြင်ဆင်မှုမျိုး မပြုလုပ်နိုင်သေးချေ။ ယခုသေဆုံးသော ကလေးငယ်သည် ဂရိကမ်းလွန်ရှိ ကော့စ်ကျွန်းသို့ ရောက်ရှိရန် လှေငယ်နှစ်စီးဖြင့် စွန့်စားထွက်ခွာခဲ့သည့် ရွှေ့ပြောင်းဒုက္ခသည် ၂၃ ဦးတွင် အပါအဝင်ဖြစ်ကြောင်း တူရကီ ရေတပ်က ပြောကြားခဲ့သည်။ မျှော်လင့်ချက် ကြီးမားစွာဖြင့် မြေထဲပင်လယ်ကို ဖြတ်သန်းခဲ့သည့် အဆိုပါ ခရီးစဉ်သည် အဆိုးဆုံး ကံကြမ္မာဖြင့်သာ အဆုံးသတ်သွားခဲ့သည်။
တူရကီ သတင်းဌာနများက အဆိုပါ ကလေးငယ်သည် ၃ နှစ်အရွယ် ဂါလစ်ပ်ကာဒီနှင့် ၂ နှစ်အရွယ် အေလန်ကာဒီတို့ ညီအစ်ကို နှစ်ဦးအနက်မှ တစ်ဦးဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ညီအစ်ကို နှစ်ဦးအနက် မည်သူဖြစ်ကြောင်းကိုမူ တိတိကျကျ မသိရသေးချေ။ မြေထဲပင်လယ်ထဲတွင် ရွှေ့ပြောင်းဒုက္ခသည် လှေနှစ်စီး နစ်မြုပ်ခဲ့ရာ၌ ကလေးငယ် ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သေဆုံးပြီး ၇ ဦးကိုမူ တူရကီ ရေတပ်က ကယ်ဆယ်နိုင်ခဲ့သည်။ ကျန် ၂ ဦးမှာ အသက်ကယ် အင်္ကျီများ အကူအညီဖြင့် ကမ်းခြေထိ ကူးခတ်နိုင်ခဲ့သည်။ ပျောက်ဆုံးနေသူ ၂ ဦးကို အသက်ရှင်လျက် ရှာတွေ့ရန် မျှော်လင့်ချက်မှာ အလွန်နည်းပါးသွားပြီဟု သိရသည်။
အီတလီနှင့် ဂရိတို့သည် အစုလိုက် အပြုံလိုက် ဝင်ရောက်လာသည့် ရွှေ့ပြောင်း ဒုက္ခသည်များ အရေးကို ဖြေရှင်းရန် ရုန်းကန်နေရဆဲ ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ် တစ်ပတ်အတွင်း၌ပင် ဂရိကမ်းခြေသို့ ရောက်ရှိလာသည့် ရွှေ့ပြောင်း ဒုက္ခသည် အရေအတွက် ၂၃၀၀၀ ခန့် ရှိခဲ့ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Ref: SMH

No comments:

Post a Comment