Wednesday 5 August 2015

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရန်ကုန်တွင် ယနေ့တွေ့မည်

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီနှင့် သြဂုတ်လ ၅ ရက်နေ့တွင် တွေ့ဆုံကာ ရခိုင်ပြည်နယ်၏ အခြေအနေများကို ရှင်းပြမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားသည်။

ရခိုင်တွင် မုန်တိုင်းတိုက်ခတ်ပြီး ရေကြီးမှုများ ဖြစ်ပေါ်နေ၍ မစ္စယန်ဟီလီ ရခိုင်သို့လာရန် အခက်အခဲရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ရခိုင်ပြည်နယ်ရဲ့ Current (လက်ရှိ) အခြေအနေကို အမှန်အတိုင်း ရှင်းပြမယ်” ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။

မစ္စယန်ဟီလီ ယခင်က ရခိုင်ပြည်နယ်သို့ လာရောက်ခဲ့သည့် ခရီးစဉ်များတွင် ရခိုင်ပြည်နယ် အခြေအနေမှန်များကို ရှင်းပြခဲ့သော်လည်း အခြေအနေမှန်များကို မျက်ကွယ်ပြုကာ ပြောဆိုခဲ့ကြောင်း ၎င်းက ပြောကြားသည်။ 

“ကိုယ်တို့နဲ့ ပြောတုန်းကတော့ ခေါင်းညိတ်ပြီး ပြန်သွားမှ တစ်မျိုးပြောတာ ကိုတော့ လက်မခံနိုင်ဘူး။ ဒီတစ်ခါတော့ သေချာလေးကို အသေးစိတ်နဲ့ ခပ်ပြတ်ပြတ် ပြောမယ်။ မှန်မှန်ကန်ကန်နဲ့ တာဝန်ယူစိတ်နဲ့ ပြောမယ်” ဟု ၎င်းက ဆိုသည်။

လူ့အခွင့်အရေး အခြေအနေကို လေ့လာရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် မစ္စယန်ဟီလီသည် နိုင်ငံရေး၊ အမျိုးသမီးအရေး၊ လူ့အခွင့်အရေး လှုပ်ရှားနေသူများနှင့် သြဂုတ်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့သည်။

The Voice Weekly 

No comments:

Post a Comment