Friday 15 May 2015

လောက်ကိုင်ဒေသ စစ်အုပ်ချူပ်ရေး ထပ်တိုးရန် သင့်မသင့် ယနေ့ ဆွေးနွေးဆုံးဖြတ်မည်

လောက်ကိုင်ဒေသတွင် လုံခြုံရေးယူနေသော မြန်မာ့ တပ်မတော်သားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (လောက်ကိုင်)တွင် ထုတ်ပြန်ထားသော စစ်အုပ်ချူပ်ရေးအမိန့်ကို ရက်ကိုးဆယ် ထပ်မံတိုးပေးရန် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချူပ်ကြီး ဝေလွင်က အဆိုတင်သွင်းရာ မေ ၁၅ ရက် (ယနေ့) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ် အတည်ပြုသွားမည်ဟုသိရသည်။

“စစ်ရေးစစ်ရာဆိုတာ ပြောရတာခက်တယ်။ ဟိုဘက်က ရန်သူနဲ့ လုပ်နေရတာ ဖြစ်တဲ့အတွက် ရန်သူ့ အနေအထား ပေါ်မှာလည်း မူတည်တဲ့အတွက် ဒီအပေါ်မှာ လောလောဆယ်အဖြေကတော့ လာမယ့် မေ ၁၇ ရက်မှာ ရက်ပေါင်း ၉၀ ပြည့်တယ် မပြီးသေးဘူး။ အဲ့တော့ နောက်ထပ်တိုးဖို့ လိုမယ် ဆိုတဲ့သဘောနဲ့ လုပ်တာပါပဲ။ ဒါပေမယ့် ကိုယ်တို့ အဆိုတင်တာပဲ ရှိသေးတယ်။ လွှတ်တော်က ဘယ်လို ဆုံးဖြတ်မယ် ဆိုတာတော့ မနက်ဖြန်ကျမှ သိရမှာပေါ့” ဟု ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချူပ်ကြီး ဝေလွင်က မေ ၁၄ ရက်တွင် မီဒီယာများကို ပြောသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွက် ကုန်ကျစရိတ်များကို လက်ရှိအနေအထားတွင် ခန့်မှန်းပြောဆိုနိုင်ခြင်း မရှိသကဲ့သို့ တွက်ချက်၍လည်း မရရှိသေးဟု ဒုတိယ ဗိုလ်ချူပ်ကြီး က ပြောသည်။

ပြည်ထောင်စု သမ္မတ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၃) ပုဒ်မခွဲ (ခ) အရ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သော ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များ၊ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သော တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အပ်နှင်းထားခဲ့သည်ဟု ပြည်ထောင်စု လွှတ်တော် တွင် ပြောသည်။

“နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ တရားစီရင်ရေးနှင့် စီမံခန့်ခွဲမှု အခြေအနေတွေဟာ မူလအခြေအနေကို ပြန်လည်ရောက်ရှိမှု မရှိသေးတဲ့အတွက် နိုင်ငံတော် သမ္မတက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၂၁၂) ဃပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် သက်မှတ်အချိန်ကာလ တိုးမြင့်ပေးရန် လိုအပ်ပါတယ်” ဒုတိယ ဗိုလ်ချူပ်ကြီး ဝေလွင်က ပြည်ထောင်စုလွှတ်တော်တွင် အဆိုတင်သွင်းစဉ် ပြောကြားလိုက်သည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်မှ ၂၀၁၅ မေလ (၁၇) ရက်တွင် သုံးလသက်တမ်း ပြည့်မည်ဖြစ် သဖြင့် ထပ်မံရက်တိုးပေးရန် အဆိုတင်သွင်းခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် နာယကက ဆွေးနွေးလို သည့် ကိုယ်စားလှယ်များ မေ ၁၅ ရက်တွင် ဆွေးနွေးဆုံးဖြတ် အတည်ပြု မည်ဟု ကြေညာလိုက်သည်။      

“တချို့ဟာတွေကျတော့ စစ်ရေးစစ်ရာ ဖြစ်တဲ့အတွက် ကိုယ်တို့ ပြောလို့မရတာတွေလည်း ရှိပါတယ်” ဟု  မီဒီယာများကို ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ပြောသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွင် လက်ရှိအချိန်ထိ နယ်စပ်ဒေသများတွင် စစ်ပွဲများဖြစ်ပွား လျက်ရှိ သည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment