Tuesday 19 May 2015

ဇွန်လမှ စတင်၍ မိုဘိုင်းဖုန်း ငွေဖြည့်တင်းမှုများမှ အခွန်ငွေဖြတ်မည်

အခွန်ဥပဒေအသစ်အရ ဆက်သွယ်ရေးအော်ပရေတာသုံး ခုစလုံးမှ မိုဘိုင်းဆင်းမ်ကတ်နှင့် ငွေဖြည့်ကတ် ၀ယ်ယူသူများ အနေဖြင့် ဇွန်လ ၁ ရက်မှစတင်၍ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ပြီး ဖုန်းဘီလ် ဖြည့်သွင်းလိုက်ပါကတိုက်ရိုက်ဖြတ်တောက်မည်ဖြစ် ကြောင်း သတင်းထုတ်ပြန်သည်။

ဖုန်းသုံးစွဲသူများသည် ငွေဖြည့်ကတ်ဝယ်ယူတိုင်း ၀ယ်ယူသည့် ငွေဖြည့်ကတ်တန်ဖိုးကို အပြည့်အ၀သုံးစွဲ ရမည် မဟုတ်ဘဲ ၅ ရာခိုင်နှုန်းကို အခွန်အဖြစ် အစိုးရထံ ပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဇွန်လ ၁ ရက်ကစပြီး ကောက်ခံသွားမယ်။ ငါးရာခိုင်နှုန်းအခွန်အတွက် သီးသန့်ကောက်ခံသွားမှာ မဟုတ်ဘဲ ငွေဖြည့်ကတ်ထဲကနေ ဖြတ်သွားပါ့မယ်’’ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူး ဦးသန်းထွန်းအောင်က ပြောသည်။

ထို့အပြင် သုံးစွဲသူများထံမှ ကောက်ခံမည့် အခွန်ကို ဆက်သွယ်ရေးအော်ပရေတာများက ၎င်းတို့၏ ဆင်းမ်ကတ် အရောင်းမြှင့်တင်ရန် ကျခံ ပေးဆောင်မည်ဆိုပါက ဥပဒေအရ တရားမ၀င်သည့်အတွက် လုပ်ဆောင် ခွင့်မရှိကြောင်း ဦးသန်းထွန်းအောင်က ဆက်လက်ပြောကြားသည်။

ဧပြီက ပြဋ္ဌာန်းလိုက်သည့် ၂၀၁၅ ပြည်ထောင်စု၏ အခွန်အ ကောက်ဥပဒေတွင် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်၌ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းမှ အခွန်ငွေကျပ်သန်းပေါင်း ငါးသိန်းကျော်ရရှိမည်ဟု မျှော် မှန်းထားသည်။

သုံးစွဲသူများအနေဖြင့် ဖုန်းဘီလ်တစ်ထောင်ကျပ် ဖြည့်သွင်းပါက ၄၈ ကျပ်ကို အခွန်ပေးဆောင် ရမည်ဖြစ် သည်။ ထို့အတူ ဖုန်းဘီလ် ၃,၀၀၀ကျပ်ဖြည့်သွင်းပါက အခွန်အတွက် ၁၄၃ ကျပ်၊ ဖုန်းဘီလ် ၅,၀၀၀ ကျပ်ဖြည့်သွင်းပါကလည်း ၂၃၈ ကျပ်၊ ဖုန်းဘီလ် ၁၀,၀၀၀ ကျပ်ဖြည့်သွင်းပါက ၄၇၆ကျပ် အသီးသီး ပေးဆောင်ရမည်ဖြစ်သည်။

သုံးစွဲသူများသည် ငွေဖြည့်ကတ်အတွက် အခွန် ၅ ရာခိုင်နှုန်းပေး ဆောင်ရမည်ဖြစ်ပြီး ဆင်းမ်ကတ်အတွက် ၅ ရာခိုင်နှုန်းကို အော်ပရေတာ များက ပေးဆောင်ရမည်ဖြစ်သည်။

အခွန်အတွက် Post Paid ဖုန်းများနှင့် ကြိုးဖုန်းများလည်း ၎င်းတို့ လစဉ်သုံး ဖုန်းဘီလ်၏ ၅ ရာခိုင်နှုန်းကို ပေးဆောင်ရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင် သက်ကပြောသည်။

ဇွန်လ ၁ ရက်မှစတင်ကာ သုံးစွဲသူများ၏ ဖုန်းဘီလ်ထဲမှ အခွန် ၅ ရာခိုင်နှုန်းကောက်ခံမည့်အပေါ် မိုဘိုင်းဖုန်း သုံးစွဲသူတစ်ဦးက ‘‘ကျွန် တော်ဆိုရင် တစ်လကို ဖုန်းဘီလ် ၃၀,၀၀၀ ကုန်တယ်။ ၅ ရာခိုင်နှုန်း စကောက်ရင် တစ်လကို ၁,၅၀၀ ကျပ်လောက်ကုန်မယ်။ ၁,၅၀၀ က အူရီး ဒူးဆင်းမ်ကတ်နဲ့ဆို ၇၅ မိနစ် လောက် ဖုန်းပြောလို့ရတယ်’’ဟု မှတ်ချက်ပြုသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာ သုံးခုမှ မိုဘိုင်းဖုန်းအသုံးပြုသူဦးရေ ၁၈ ဒသမ ၁ သန်းရှိလာပြီဖြစ်ကြောင်း မေလ ၁၆ ရက်က အစိုးရပိုင်မီဒီယာမှ ထုတ်ပြန်ကြေညာထားသည်။

7Day DAILY 

No comments:

Post a Comment