ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး ကုမ္ပဏီများအား လိုအပ်သည့် ပစ္စည်းများထောက်ပံ့ပေးမည့် ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် စင်ကာပူအခြေစိုက်ကုမ္ပဏီတစ်ခုက စီစဉ်နေကြောင်းသတင်းရရှိသည်။
ကမ်းလွန်ရေနံတူးဖော်ရေး ကုမ္ပဏီများအတွက် လိုအပ်သော အရန်ပစ္စည်းများထောက်ပံ့ပေးသည့် ကုမ္ပဏီများမှာ ထိုင်းနှင့် စင်ကာပူနိုင်ငံဆိပ်ကမ်းများတွင်သာရှိပြီး မြန်မာနိုင်ငံ၌ မရှိ ကြောင်း၊ ထို့ကြောင့် ထိုကုမ္ပဏီများလိုအပ်နေကြောင်း မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ညွှန်ကြားရေးမှူး ဦးသန်းထွန်းကပြောသည်။
မွန်ပြည်နယ်စီးပွားရေးစီမံကိန်းဝန်ကြီးဒေါက်တာမင်းနွယ်စိုးက ယင်းကုမ္ပဏီကို မွန်ပြည်နယ် မုဒုံမြို့နယ် သဲသောင်ပြင်နှင့် ကျိုက္ခမီတွင်တည်ဆောက်ရန် စီစဉ်ထားကြောင်း၊ အကျိုးအမြတ်ခွဲဝေမှုကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ပြုလုပ်မည်ဖြစ်ကြောင်းပြောသည်။
‘‘ကုမ္ပဏီကတည်ဆောက်ဖို့ မြေနေရာစီစဉ်နေတုန်းပဲ။ ဒီကုမ္ပဏီအတွက် ပြည်နယ်အစိုးရက မူအားဖြင့်သဘောတူထားတယ်’’ ဟု ဒေါက်တာမင်းနွယ်စိုးကပြောသည်။
ကမ်းလွန်ရေနံထောက်ပံ့ရေးဆိုသည်မှာ ရေနံနှင့်ဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်ပိုက်များ၊ ဆေးဝါး အစရှိသည်များ ထောက်ပံ့ပေးရန်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးဆိပ်ကမ်းဖြစ်မည်ဟု ဦးသန်းထွန်းကပြောသည်။ သို့ သော် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံသို့ တင်ပြလာခြင်းမရှိသေးကြောင်း တင်ပြလာပါက ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအတွက် အမှန်တကယ်လိုအပ်ခြင်းရှိ၊ မရှိ မိမိတို့ဌာနက ထောက်ခံချက်ပေးရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
‘‘ဒီလိုကုမ္ပဏီတွေက လို အပ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုမျိုးကုမ္ပဏီတွေရှိတော့ ရေနံ ကုမ္ပဏီတွေအတွက် ကုန်ကျ စရိတ်သက်သာမယ်။ နိုင်ငံအတွက်လည်း ဝင်ငွေတိုးတယ်။ လာလျှောက်တဲ့ကုမ္ပဏီတွေက MOGE နဲ့ ဖက်စပ်လုပ်ချင်နေကြတယ်။ လက်ရှိအချိန်မှာ MOGE က ဒါကိုမလုပ်နိုင်သေးဘူး။ ဌာနကပိုင်တာ သာကေတမှာတစ်ခုရှိတယ်။ လုပ်လာတဲ့ကုမ္ပဏီတွေကိုလည်း ရေနံကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပေးဖို့ရှိတယ်’’ဟု ဦးသန်း ထွန်းကပြောသည်။
အထက်ပါ ကုမ္ပဏီမှာ စင်ကာပူအခြေစိုက် 2 fishကုမ္ပဏီ၏ ကုမ္ပဏီခွဲ MyanmarOffshore Supply base (MOSB)ဖြစ်သည်။ အထက်ပါ ဆိပ်ကမ်းသစ်မှာ ၁၉၃ ဧကနှင့် မြစ်ကမ်းအကျယ် ၄၆ ဧက ရှိပြီး အစိုးရထံမှ နှစ် ၅၀ငှားရမ်းထားသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းလုပ်ကိုင်သည့်ကုမ္ပဏီများကို အမျိုးမျိုးသောဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟု ကုမ္ပဏီသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
7 Day
No comments:
Post a Comment