Wednesday 7 January 2015

ဝင်ငွေနည်းလူတန်းစားများ အိမ်ဝယ်နိုင်ရန် နှစ်ရှည်ငွေချေးမည်

အတိုးနှုန်း အနည်းငယ်ဖြင့် နှစ်ရှည် ချေးငွေဖြင့် အိုးပိုင်အိမ်ပိုင် မရှိသော ဝင်ငွေနည်း လူတန်းစားများ အတွက် လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ငွေချေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောကြားသည်။

ဝင်ငွေနည်းသူများအတွက် အတိုးနှုန်း နည်းပါးသော နှစ်ရှည်ချေးငွေဖြင့် နေအိမ် ပိုင်ဆိုင်နိုင်စေရန် ရည်ရွယ်ကာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ လတ်တလောတွင် အတိုးနှုန်းကို ညှိနှိုင်းနေဆဲ ဖြစ်ပြီး အနည်းဆုံးသော အတိုးနှုန်း ထားဖြစ်ရန် အာမခံနိုင်ကြောင်း၊ ပြည်သူများကို ချေးငွေ ထုတ်ပေးနိုင်ရန် ပြည်ပနိုင်ငံများမှ ချေးငွေ အကူအညီ ရယူမည်ဖြစ်ပြီး နှစ် ၃၀ သတ်မှတ်ကာ ချေးယူမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ချေးငှားမယ့်သူတွေ အနေနဲ့ကတော့ အမှန်တကယ် ဝင်ငွေနည်းပြီး အိမ်ငှားနေရသူတွေ ဖြစ်ဖို့လိုပြီးတော့ အသက်အရွယ် အားဖြင့်လည်း ၄၀ လောက်အထိကို ချေးပေးမှာပါ။ အသေးစိတ် အချက်အလက်ကို ထပ်မံထုတ်ပြန်မှာပါ” ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ဆိုသည်။

ယင်းကဲ့သို့ နှစ်ရှည် ငွေချေးမှုအပြင် ဆောက်လုပ်ရေးလုပ်ငန်း လုပ်မည့် သူများကိုလည်း ကာလတို သုံးနှစ်မှ ငါးနှစ်အထိ ချေးငွေ ထုတ်ချေးရန်လည်း စီစဉ်လျက် ရှိပြီး အငှားချ အိမ်ရာကိုလည်း လာမည့် ဘဏ္ဍာရေးနှစ် အတွင်း၌ပင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“အခုဆို ၁၀ ပေ မပြည့်တဲ့ အခန်းကိုတောင် တစ်လလေးသောင်း ပေးနေရတာဆိုတော့ အဲ့ဒီချေးငွေကို စိတ်ဝင်စားတယ်။ အဆင်ပြေမယ် ဆိုရင်တော့ ချေးချင်တယ်။ ကိုယ့်ဘာသာဆိုရင် အိမ်ပိုင်ဖို့က မဖြစ်နိုင် တော့ဘူး” ဟု တောင်ဥက္ကလာပမြို့နယ် ၇ ရပ်ကွက်တွင် အိမ်ငှားရမ်း နေထိုင်သူ ဒေါ်မြင့်မြင့်နိုင်က ပြောဆိုသည်။

လတ်တလောတွင် ရန်ကုန်မြို့တော်၏ အိမ်ငှားခ အများစုမှာ ဟောတိုက်ခန်း တစ်ခန်းလျှင် ကျပ်ငွေ တစ်သိန်းကျော် အထိရှိပြီး မြို့သစ်မြို့နယ်များဘက်တွင် အိမ်ခန်း ငှားရမ်းခများသည် ငွေကျပ် သုံးသောင်းနှင့်အထက် ရှိကြောင်း ရန်ကုန်မြို့အတွင်းရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက် အတွင်းထံမှ သိရှိရသည်။

The Voice Weekly 

No comments:

Post a Comment