ခုဆိုရင် အဝေးပြေးကားတွေ အသွားအလာ များလာလို့ဆိုပြီး ကချင်ပြည်နယ် အတွင်းက မြို့ကြီး ခုနစ်မြို့ မှာ အဝေးပြေး ယာဉ်ရပ်နား စခန်းတွေ တည်ဆောက်ပေးတော့မယ်လို့ အစိုးရက ကြေညာပါတယ်။ အဲဒီမြို့တွေ ကတော့ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးကောင်း၊ ရွှေကူ၊ မိုးညှင်း၊ ဖားကန့်နဲ့ တနိုင်းမြို့တွေဖြစ်ပြီး မြစ်ကြီးနားမြို့မှာတော့ တည်ဆောက်မှု စနေပြီလို့ ဆိုပါတယ်။ နိုင်ငံထဲမှာ အစိုးရဟာ အဝေးပြေးကား ကွင်းတွေကို ဘယ်နည်းဘယ်ပုံ တည်ဆောက် ထားကြပါသလဲ၊ အဲဒီကနေတစ်ဆင့် ခရီးသွားရတာ ပြည်သူတွေ အဆင်ပြေပါရဲ့လား၊ အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ဆောက်ထားပုံတွေဟာ သဘာဝ ကျပါရဲ့လား၊ ဘယ်လိုဖြစ်သင့် သလဲ ဆွေးနွေးပါမယ်။
လက်ရှိ အစိုးရရဲ့ အဝေးပြေးယာဉ် ရပ်နားစခန်း တည်ဆောက်ပုံကတော့ မြို့နဲ့ ခပ်လှမ်းလှမ်းက ကျယ်ဝန်း တဲ့ နေရာတစ်ခုရှာ၊ လေးထောင့် ကျကျ အဆောက်အအုံတွေ ဆောက်၊ အဲဒီ အဆောက်အအုံနဲ့ အခန်းတွေ ယာဉ်လိုင်းပြေးဆွဲသူတွေကို ပြန် ရောင်းစားဆိုတဲ့ နည်းနဲ့ အကောင်အထည် ဖော်ထားခဲ့တာပါ။ အဲလို တည်ဆောက်ထားမှု ပုံသဏ္ဍာန်တွေဟာ မမှန်သလို ပြည်သူ တွေအတွက် ဘယ်လိုနေသလဲဆို “အဆင်မပြေဘူး” ဆိုတာကိုပဲ တစ်ခွန်းတည်း ပြောရမှာ ဖြစ်ပါတယ်။ စဉ်းစားတွေးခေါ်မှုပုံစံ မှားနေသလို၊ စေတနာလည်း မမှန်လို့ ခုလို အဆင်မပြေ ဖြစ်နေရတာပါ။
လက်ရှိ အစိုးရ လုပ်ကိုင်ထားပုံဟာ အဝေးပြေးယာဉ်ရပ်နားစခန်းကို မြို့နဲ့ ခပ်လှမ်းလှမ်းမှာ ထားပါတယ်။ အဲလို ခပ်လှမ်းလှမ်းမှာ ထားရတာကလည်း အဝေးပြေး ကားလိုင်းတွေ အများကြီးအတွက် မြေနေရာ အကျယ်ကြီးလိုတယ်လို့ ယူဆပြီး လုပ်ကိုင်ခဲ့တာကြောင့် လည်း ဖြစ်ပါတယ်။ ဒီအတွက်ပ ထမအဆင့်အနေ နဲ့ ပြည်သူတွေဟာ အလွန်ဝေးတဲ့နေရာကို သွားပြီး ကား စီးရ၊ ကားနဲ့ ကိုယ့်ရပ်ရွာ ပြန်ရောက်ပြီးနောက် အဝေးပြေးကားကွင်းကနေ နေအိမ်ကို အဝေးကြီး ထပ်လာရစတဲ့ ဒုက္ခတွေပိုလာပါတယ်။ ကုန်ကျ စရိတ် များသလို အချိန်ကုန်၊ ပိုပြီး စိတ်ဒုက္ခရောက်ကြရပါတယ်။
အဲလိုဖြစ်ရတာကလည်း အာဏာပိုင် အဆက်ဆက်ဟာ အဝေးပြေးယာဉ် ရပ်နားကွင်း လုပ်မယ်ဆိုရင် အဲဒီအထဲမှာ ကားလိုင်းတွေ အခန်းယူကြရမယ်၊ ကားလိုင်းက ပိုင်ဆိုင်တဲ့ ကားတွေအားလုံး အဲဒီကွင်းထဲ ရှိရမယ်၊ အဲဒီနေရာကနေ ကားတွေ ထွက် ရမယ်ဆိုပြီး နားလည် အကောင်အထည် ဖော်ထားကြလို့ပါ။ ပြောရရင် စီမံခန့်ခွဲမှု အတွေးအခေါ် အလွန်ခေတ်မမီ ညံ့ဖျင်းမှုလို့ ပြောရင် ရနိုင်ပါတယ်။ အာဏာပိုင်တွေ သိတာ တစ်ခုတည်းပါပဲ။ ကားဝင်းကြီး အတွက် မြေနေရာယူမယ်၊ အဲဒီမှာ အခန်းတွေ ဆောက်မယ်၊ အဲဒီအခန်း ကားလိုင်းတွေကို အတင်းအကျပ် ဝယ်ခိုင်းမယ်၊ ဒီ တည်ဆောက်ရေး လုပ်ငန်းကနေ တစ်ဆင့် ကိုယ်ကျိုးရှာမယ် ဆိုတဲ့ အတွေးအခေါ်မျိုး ပါပဲ။ ဒီထက်ဘာမှမပိုပါဘူး။
တကယ်တော့ အဝေးပြေးယာဉ်ရပ်နား စခန်း ဆိုတာဟာ ခရီးထွက်မယ့် ပြည်သူတွေ ကားလက်မှတ် လွယ်လွယ်ကူကူ ဝယ်နိုင်တဲ့ လက်မှတ်ရောင်း ဂိတ်လေးတွေရှိမယ်၊ နောက် ခရီးထွက်ချိန် မတန်သေးရင် နားနေမယ့် နားနေဆောင်၊ စားမယ်ဆို စားလို့ရမယ့် ဆိုင်နဲ့ သန့်စင်ခန်း အဲဒါတွေ ရှိရပါမယ်။ နောက် ထွက်ခွာမယ့်ကားက သတ်မှတ်နေရာမှာ ခဏတစ်ဖြုတ် ဂိတ်လာ ထိုးပြီး ခရီးသည်တင်ဆောင် ထွက်ခွာ ရုံပါပဲ။ နေရာအများကြီး မလိုပါဘူး။ ခရီးဝေးကနေ အဲဒီဂိတ်ကို ကားဆိုက်လာရင်လည်း သတ်မှတ်နေရာမှာ ကားဆိုက်၊ ခရီးသည်တွေကို ချပြီးရင် အဲဒီဝင်းကနေ တခြားဘတ်စ်ကားတွေ စုရပ်ထားမယ့်ကွင်းကို သွားရုံပါပဲ။
လက်ရှိ အာဏာပိုင်တွေ အဝေးပြေးကားကွင်း တည်ဆောက်ထားပုံကတော့ ကားဂိတ် ကုမ္ပဏီတွေအားလုံး အဲဒီအထဲ နေရာ ချထားပေးပါတယ်။ အဲဒီကုမ္ပဏီတွေရဲ့ အခန်း အနီးအနားမှာ ကားအားလုံး ဟိုတစ် စီးသည်တစ်စီး ရပ်ထားရပါတယ်။ ပြောရရင် ကားကွင်းထဲမှာ ကားတွေ အားလုံး၊ ဂိတ်တွေအားလုံး၊ ခရီး သည်တွေ အားလုံး၊ စားသောက်ဆိုင်တွေ အားလုံး စုပြုံထည့်ထားသလိုပါ။ ခရီးသည်တွေ အဆင်မပြေ သလို ကားလိုင်း ဖွင့်စားသူတွေလည်း အဆင်မပြေပါဘူး။ အဓိက ကတော့ အာဏာပိုင်တွေ စီမံခန့်ခွဲမှု နားမလည် ညံ့ဖျင်း၊ လုပ်ချင်စိတ် မရှိလို့ပါ။
အခု ကချင်ပြည်နယ်မှာ အဝေးပြေး ကားဝင်း အသစ်တွေ တည်ဆောက်မယ် ဆိုရင် အဲလိုအဆင်မပြေတဲ့ ပုံစံမျိုး တည်ဆောက်ဖို့ အလားအလာ များနေပါတယ်။ တကယ်ဖြစ်သင့်တာက ကားလိုင်း ကုမ္ပဏီတွေ သူ့ဘာသာသူ ရှိချင်တဲ့နေရာမှာ ရှိနေပါစေ၊ အရေးမကြီးပါ။ နောက် ကားတွေ အားလုံး စုပေါင်း နားနေရပ် ထားမယ့်ကွင်း တစ်ခုခု သတ်မှတ်တာ လုပ်ချင်လုပ်၊ မလုပ်ချင် ကြိုက်ရာနေရာမှာ ရပ်ပါစေ။ တကယ် အဝေးပြေးကားကွင်းထဲမှာ ရှိရမှာက လက်မှတ်ဝယ်နိုင်တဲ့ လက်မှတ်ရုံတချို့၊ ပြည်သူတွေနားနေဖို့ လုံ လောက်တဲ့ နေရာ ထိုင်ခင်း၊ သန့်စင်ခန်း၊ စားသောက်ဆိုင် တချို့နဲ့ကားတွေ ခရီးသည်လာတင်ရင် ရပ် မယ့်နေရာလောက်ဆို လုံလောက်ပါတယ်။
တကယ်တော့ အဲလို အဆင်ပြေပြေ တည်ဆောက်ထားတဲ့ ကားကွင်းပုံစံမျိုး နိုင်ငံအများအပြားမှာ ရှိပါတယ်။ အိမ်နီးချင်း ထိုင်း၊ တရုတ်၊ စင်ကာပူ၊ မလေးရှား တွေမှာလဲ အဲလို ပုံစံမျိုး နမူနာယူနိုင်ပါတယ်။ အထူးသဖြင့် အဝေးပြေးယာဉ် အများအပြားအသုံးပြုတဲ့ အိမ်နီးချင်း ထိုင်း နိုင်ငံက ယာဉ်ရပ်နားစခန်း တည်ဆောက် ထားမှု အလွန်အတုယူဖို့ ကောင်းပါတယ်။ အလွန်ကြီးတဲ့ ဘန်ကောက် မိုချစ်ကားကွင်း ဆိုရင် အဆောက်အအုံကြီးတစ်ခုပဲ ရှိပါ တယ်။ အဲဒီအထဲမှာ ပြည်သူတွေ နားနေဆောင်၊ စားသောက် ဆိုင်နဲ့ သန့်စင်ခန်းတွေ ထည့်သွင်း တည်ဆောက်ထားပါတယ်။ အပြင်ဘက်မှာတော့ ကားလိုင်းအသီးသီးရဲ့ လက်မှတ်ရောင်းအခန်းငယ်လေးတွေပဲ ရှိပါတယ်။ ကားတွေ ၀င်ရောက်ဂိတ်ထိုးပြီး ထွက်ခွာနိုင်မယ့် ဂိတ်ထိုး နေရာလေးတွေ အခု ၁၀၀ ကျော် ထည့်သွင်းထားပါတယ်။ ဂိတ်တစ်နေရာကနေ နာရီဝက် တစ် ကြိမ် ကားထွက်နိုင်တာကြောင့် တစ်နာရီအတွင်း ကားအစီးရေ ၂၀၀ ကျော် အဆင်ပြေပြေ ထွက်ခွာနိုင် ပါတယ်။ အဲဒီ ကားတွေဟာ ယာဉ်ရပ်နားစခန်းမှာ မထားဘဲ အခြားသင့်လျော်ရာ တစ်နေရာမှာ ထားပြီး သူထွက်ရမယ့် အချိန်နီးမှ ကားဂိတ်ထဲလာ ဂိတ်ထိုး၊ ထွက်ခွာတာမျိုးပါ။ မရှုပ်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုဆီကို ဦးတည်နေတဲ့နိုင်ငံပါ။ ဒီလို အခြေအနေမှာ အခု ယာဉ်ရပ်နား စခန်းဆောက်တဲ့ ကိစ္စမျိုးမှာ အရင်အာဏာပိုင်တွေ လုပ်ခဲ့သလို ပြည်သူတွေ အဆင်ပြေရင် ပြေ မပြေရင်နေ၊ ကားလိုင်းထောင်သူတွေ အဆင်ပြေရင်ပြေ မပြေရင်နေ၊ ငါတို့ ကိုယ်ကျိုးရှာလို့ရ ပြီးရော ဆိုတဲ့ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား အကျင့်မျိုး မလုပ်ကြတော့ဖို့ လိုပါတယ်။ ဒါကြောင့် အခု ဆောက်မယ့် အဝေးပြေး ယာဉ်ရပ်နားစခန်းတွေကို အိမ်နီးချင်းနိုင်ငံတွေနည်းတူ စနစ်တကျ တည်ဆောက် သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
Mizzima - News in Burmese
No comments:
Post a Comment