Tuesday 9 December 2014

လက်ရှိပြေးဆွဲနေသော ကျောင်းကားများ လဲလှယ်သွားရန် စီစဉ်

ရန်ကုန် မြို့ရှိ အခြေခံပညာကျောင်းများမှကျောင်းသား  ကျောင်းသူများယာဉ်အန္တရာယ် ကင်းရှင်းစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုဖြေလျှော့နိုင်စေရန် ပြေးဆွဲနေသော ကျောင်းကားများကို လဲလှယ်သွားမည် ဖြစ် ကြောင်း သတင်းရရှိသည်။

ယင်းကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ကျောင်းသား၊ ကျောင်း သူများ လုံခြုံရေးအတွက် ပိုမို ကောင်းမွန်စေရန် ဆောင်ရွက် ခြင်းဖြစ်ပြီး ကျောင်းတက်ရန် ကျောင်းကားစီးခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု အနောက်ပိုင်းခရိုင် (မထသ) ဒုဥက္ကဋ္ဌ ဦးသန်းစိန်က ပြောသည်။

‘‘မှော်ဘီ၊ တိုက်ကြီးဟိုင်း လတ်ကားတွေ၊ ဒိုင်နာကားတွေ လည်း မြို့တွင်းမောင်းနှင်ခွင့်မပြု တဲ့အခါမှာ တုတ်တွေ၊ ဓားတွေနဲ့ ခြိမ်းခြောက်မှုတွေရှိတာတောင် နားလည်အောင်ပြောပြီး ပြောင်းခဲ့ တာပဲ။ ကျောင်း ကား တွေကိုလည်းမကြာမီအရှိန်မြှင့်ပြောင်းလဲသွား မှာပါ’’၎င်းက ဆိုသည်။ သို့သော်မည်သည့်အချိန် တွင် ကျောင်း ကားများ လဲလှယ်ပြေးဆွဲမည်ဆို သည်ကိုမူ ပြောကြားခြင်းမရှိပေ။

ကျောင်းကားများလဲလှယ် ပြေးဆွဲရာတွင် လက်ရှိသတ်မှတ် ထားသော မီနီဘတ်စ်ကားများ၏ တန်ဖိုးကို ယာဉ်ပိုင်ရှင်အများစု မတတ်နိုင်သေးကြောင်း ကားပိုင် ရှင်အချို့က ပြောသည်။

‘‘အခုသတ်မှတ်တဲ့အတိုင်း ဆိုရင်တော့ အဆင်မပြေဘူး။ ဇုန်ထုတ်ကားတွေလည်း ဒီလနောက် ဆုံးထား အပ်ရမယ်ဆိုတော့ အ များစုက စဉ်းစားနေတယ်။ စူပါ ကပ်စတန်လိုကားမျိုးတွေနဲ့ ဆွဲဆို ရင်တော့ အဆင်ပြေ တယ်။ လဲနိုင် တယ်။ ဒီလိုကားမျိုးတွေနဲ့ ပြေးဆွဲ ခွင့်ပေးဖို့တော့ ပြောပြထားတယ်’’ ဟု ၎င်းတို့က ပြောသည်။

ကျောင်းကားကိုစုရပ်ဖြင့် စီး ရမည်ဆိုပါက ကျောင်းပို့ချိန်တွင် စိတ်ပူပန်မှုမရှိသော်လည်း ကျောင်းဆင်း ချိန်၌ ကလေးကို ပြန်ကြိုသည့်အခါ အခက်အခဲရှိနိုင်သည်ဟု မရမ်းကုန်းမြို့နယ်မှ မိဘတစ်ဦးကပြောသည်။

‘‘ကလေးပြန်လာလို့ စုရပ် သွားကြိုတဲ့အခါ လမ်းပိတ်လို့ နောက်ကျနေရင် ကလေးကို ဘယ်သူတာဝန်ယူ ပေးမလဲ။ ကိုယ့်ကား နဲ့ကိုယ်ကြိုတော့နောက်ကျလည်း ကလေးက ကျောင်းမှာပဲရှိနေမှာလေ။ အဆင် မပြေရင်တော့ အိမ်နဲ့ နီးတဲ့ ကျောင်းပြောင်းထားမယ်’’ဟု ၎င်းက ပြောသည်။

အိမ်ကားသမားများသည် မိမိတို့၏ သားသမီးများကျောင်းပို့ ရာတွင် ကျောင်းထဲရောက်သည့် တိုင် စိတ်မချဘဲ ကားကို ရပ်တန့် ပြီး ကျောင်းရှေ့တွင် ရပ်နေသည့် မိဘများလည်း ရှိသည်ဟု အထက(၂) ကမာရွတ် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသွယ်က ပြောသည်။

‘‘ကျောင်းကားဆိုရင် နောက်ကျမှ လာတယ်၊ စောလာတယ်ဆို ပြီး ပြောတာတွေရှိတယ်။ ဒီလို ကျောင်းကားတွေ ပြောင်းစီးဖို့ကို လည်း ဆရာမကြီးတို့ လုပ်တာ မဟုတ်ပါဘူး။ နိုင်ငံတော်အကြီး အကဲတွေက ကျောင်းသားတွေ အန္တရာယ်ကင်းပြီး ကျောင်းတက် နိုင်အောင် လုပ်ပေးတာပါ’’ဟု ၎င်းက ပြောသည်။

မီနီဘတ်စ်နှင့် ကျောင်းကား များပြေးဆွဲမည်ဆိုလျှင် ကားပိတ်ဆို့မှုအနည်းငယ်လျော့နိုင်သော်လည်း အဆိုပါကားများမှာ လမ်းသွယ်များသို့ မ၀င်နိုင်သည့်အတွက် မူလတန်းမှ ဒုတိယတန်းအရွယ်ကလေးများ ကျောင်းဆင်းချိန်တွင် မလွယ်ကူနိုင်ကြောင်း (၁၀) နှစ်ကျော် ကျောင်းကားမောင်းလာသူတစ်ဦးက ပြောသည်။

‘‘လိုက်ထရပ်နဲ့ ပေးမဆွဲရင်လည်း စူပါကပ်စတန်လိုကားမျိုး ကတော့ ကလေးတွေအတွက် အဆင်ပြေ ပါတယ်။ တချို့မိဘတွေက အိမ်မရောက်သေးရင် ကလေးတွေကို ကားသမားတွေက ကိုယ့်အိမ်မှာ ခေါ်ထားပေးရတာတွေရှိ တယ်။ စုရပ်တွေနဲ့ဆို ကလေးတွေကို ဘယ်သူခေါ်ထားပေးမလဲ’’ဟု ၎င်းက ပြော သည်။

ကျောင်းကြိုပို့ယာဉ်မောင်း များနှင့် ကိုယ်ပိုင်ယာဉ်ပိုင်ရှင်များ စည်းကမ်းလိုက်နာရေးပညာပေး ဟောပြောပွဲ များကို ယခုလမှစ တင်ကာ ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းများသို့ လိုက်လံဟော ပြောနေပြီး ဒီဇင်ဘာ ၈ ရက်တွင် အထက (၂) ကမာရွတ်၌ ပြုလုပ်ခဲ့သည်။ အထက (၂) ကမာရွတ်တွင် ကျောင်းကားပြေးဆွဲသူ ၂၀၀ ကျော်ဖိတ်ကြားရာ ၅၈ ဦး တက်ရောက်ခဲ့သည်။ ဟောပြောပွဲများ ပြုလုပ်ပြီးနောက် ကျောင်းကား ပြောင်းရေးအတွက် သဘောထားများ တောင်းခံခဲ့သည်။

7Day DAILY 

No comments:

Post a Comment