ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာခုံရုံး UNODC ၏ ဒီဇင်ဘာ ၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာ ချက်တွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့၏ ဘိန်းစိုက်ပျိုးမှုကို သတိပေး မီးမောင်းထိုးပြလျက် ရှိနေသည်ကို တွေ့ရှိရသည်။
၂၀၁၄ ခုနှစ်အတွင်း မြန်မာ၊ လာအိုနှစ်နိုင်ငံ ဘိန်းစိုက်ဧက တစ်သိန်းခွဲကျော် ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်း စိုက်ပျိုးဧကထက် ဧက ၆,ဝ၀ဝ ကျော် ပိုမို စိုက်ပျိုးသည်ကို တွေ့ရှိရသည်။ UNODC က မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ထိပ်တန်းအဆင့်တွင် ရပ်တည်လျက်ရှိသည်ဟု လည်း မီးမောင်းထိုးပြထားသည်ကို တွေ့ရှိသည်။
ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုများသည့် ကမ္ဘာ့နိုင်ငံများတွင် အာဖဂန်နစ္စတန်ပြီးပါက ဒုတိယအများဆုံးနိုင်ငံကို မြန်မာနိုင်ငံဟု UNODC က ဖော်ညွှန်းထားသည်ဖြစ်ရာ ဂုဏ်ယူစရာ အချက်အလက်တစ်ခု မဟုတ်သည်မှာ သေချာလှပါသည်။
ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအတွက် ကမ္ဘာပေါ်တွင် နာမည်ဆိုးဖြင့်ကျော်ကြားသည့် မိမိတို့နိုင်ငံသည် အသွင် ကူးပြောင်းရေးကာလတွင် ဆက်လက်တိုးတက်နေ သည့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုများအတွက် မည်သို့ မည်ပုံ ထိန်းချုပ်မည်ကို ရေရှည်၊ ရေတို အစီအမံများဖြင့် ဖြေရှင်း ဆောင်ရွက်သင့်နေပြီဖြစ်သည်။
ဘိန်းစိုက်ပျိုးထုတ်လုပ်ရာ ဒေသများတွင် ရဲတပ်ဖွဲ့ဝင်တို့က ဘိန်းစိုက်ခင်းများကို ဧကပေါင်းများစွာ ဖျက်ဆီး နေသော်လည်း UNODC ၏ ကိန်းဂဏန်းများအရ မထိရောက်သည့် အခြေအနေကို ရှင်းလင်းစွာ သိမြင်ရန်လည်း လိုအပ်ပါသည်။
မြန်မာ၊ လာအို နှစ်နိုင်ငံသည် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ရှစ်နှစ်ဆက်တိုက် တိုးမြင့်လျက်ရှိပြီး ၂၀ဝ၆ ခုနှစ်က စိုက်ပျိုးခဲ့သော ပမာဏထက် သုံးဆနီးပါး တိုးမြင့်လာခဲ့သည်ဟု့ြဦဃ က ဖော်ပြထားသည်။ ၂၀၁၄ ခုနှစ်အတွင်း နှစ်နိုင်ငံပေါင်း ဘိန်းတန်ချိန် ၇၆၀ ကျော် ထွက်ရှိမည်ဟု UNODC က ခန့်မှန်းထားသည်။
ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုများသည် ကုန်သွယ်မှုစနစ်နှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေနိုင် သည်ဟုလည်း UNODC က သတိပေးထားသည်။ ဤသည်က ထင်သာ မြင်သာသည့် ဆိုးကျိုးပင်ဖြစ်ပြီး အခြားသော ဘေးထွက်ဆိုးကျိုးများနှင့် လူမှုရေးပဋိပက္ခများလည်း ရှိနေနိုင်ပါသည်။
ဆိုခဲ့သော ဆိုးကျိုးများကိုတားဆီးရန်၊ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့ကျရန် ကြိုးပမ်းအားထုတ်နေပါလျက် ဘာကြောင့် မအောင်မမြင် ဖြစ်နေရပါသနည်း အဖြေရှာရန် လိုအပ်လှပါသည်။ ဆင်းရဲနွမ်းပါးမှုနှင့် စီးပွားရေး အတွက် ရွေးချယ်ပိုင်ခွင့်မရှိခြင်း၊ စားဝတ်နေရေးအတွက် ရပ်တည်နိုင်ရန် အခြားသော အခွင့် အလမ်း များ နည်းပါးခြင်းတို့ကလည်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်စေနိုင်သည့် အကြောင်း အချက် များအဖြစ် ရှုမြင်နိုင်သည်။
UNODC ၏ လာအိုပြည်သူ့ ဒီမိုကရက်တူစ် သမ္မတနိုင်ငံဆိုင်ရာ စီမံခန့်ခွဲရေးမှူး မစ္စတာ ချိတ်ခ်တူရေးကမူ "ဘိန်းစိုက်ပျိုးသူတွေဟာ လူဆိုးတွေ မဟုတ်ပါဘူး။ သူတို့ဟာ ဆင်းရဲတယ်။ စားရေရိက္ခာ အလုံ အလောက် မရှိဘူး။ တခြားထုတ်ကုန်တွေ ရောင်းချဖို့ကျတော့လည်း အများအားဖြင့် သူတို့နေထိုင်တဲ့ အရပ်ဒေသ တွေက အချက်အချာကျတဲ့ နေရာတွေ ဈေးကွက်တွေနဲ့ ဝေးနေပြန်တယ်။ သူတို့အတွက် ဘိန်းစိုက်တဲ့အစား တခြားလုပ်နိုင်တဲ့ အလုပ်တွေ နည်းလမ်းတွေ လိုအပ်နေပါတယ်" ဟု သတိပေး ထားသည်။
မစ္စတာ ချိတ်ခ်တူရေး ထောက်ပြ ပြောဆိုသကဲ့သို့ပင် ဘိန်းစိုက်ရာဒေသများ ဖွံ့ဖြိုးရေးနှင့် လမ်းပန်း ဆက်သွယ်ရေးအတွက် သက်ဆိုင်ရာ အစိုးရအသီးသီးတွင် တာဝန်ရှိသည်ဟု မှတ်ယူရပါလိမ့်မည်။ ဘိန်းပင် သည် စိုက်ပျိုးရ လွယ်ကူခြင်း၊ အမြတ်အစွန်းများခြင်းတို့ကြောင့် အခြားအစားထိုး သီးနှံများ စိုက်ပျိုးရန် တွန့်ဆုတ်နေသည်ကိုလည်း ဖြေရှင်းပေးရန် လိုအပ်ပါလိမ့်မည်။
UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ဂျယ်ရမီဒေါက် ဂလတ်စ်ကလည်း "အရေးတယူ ဆောင်ရွက်ဖို့ လိုအပ်နေပါပြီ" ဟု သတိပေးထားသည်။ သို့မဟုတ်ပါက မိမိတို့နိုင်ငံသည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဘိန်းထုတ်လုပ်မှု အများဆုံး ကမ္ဘာ့နိုင်ငံများတွင် ဆက်လက်ပါဝင်နေဦးမည်သာ ဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment