မန္တလေးမြို့၊ သီရိမန္တလာ အဝေးပြေး ခရီးသည်တင် ယာဉ်ရပ်နားစခန်းကို မဟာအောင်မြေမြို့နယ် သံလျက်မော်ရှေ့ရပ်ကွက်သို့ ပြောင်းရွှေ့မည်ဖြစ်သည်ဟု မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ အခွန်ဌာန ဌာနခွဲမှူး ဦးမောင်မောင်မြင့်က ပြောသည်။
သီရိမန္တလာ အဝေးပြေးခရီးသည်တင် ယာဉ်ရပ်နားစခန်း၏ အကျယ်အ၀န်း မှာ ၂ ဒသမ ၅၉ဧကသာ ရှိသော်လည်း ယခုပြောင်းရွှေ့မည့် သံလျက်မော်ရှေ့ ရပ်ကွက်ပတ္တာကွင်းအကွက် ၄၀၇၊ ၄၀၈ သည် အကျယ်အ၀န်း ၉ ဒသမ ၆၂ ဧက ရှိသည်။
သီရိမန္တလာယာဉ်ရပ်နားစခန်းအတွင်းရှိ ဂိတ်ခန်းပေါင်း ၁၁၈ ခန်း၊ ယာဉ် အသင်းပေါင်း ၁၄၁ သင်း ပိုင်ရှင်များနှင့် အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်သည်ဟုလည်း ဦးမောင်မောင်မြင့် က ပြော သည်။
“ကန့်ကွက်မှုလည်း ယခုအချိန်ထိ မရှိပါဘူး။ ပြောင်းလဲ ဖွင့်လှစ်ရင်လည်း အဲဒီမှာ ဂိတ်ခန်းပိုင်တဲ့သူရော၊ ငှားရမ်း ဖွင့်လှစ်နေတဲ့သူပါ အခန်းတွေကို ပြန်လည်ချထားပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးမောင်မောင် မြင့် က ပြောသည်။
သီရိမန္တလာကားကြီးကွင်းမှ မန္တလေးမှ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်၊ ကျောက်ပန်းတောင်း၊ စဥ့်ကူး၊ မိုးကုတ်၊ သပိတ်ကျင်းမြို့များသို့ ပြေးဆွဲလျက်ရှိကာ တစ်နေ့လျှင် အသွားအပြန် မော်တော်ယာဉ်စီးရေ ၄၀၀ ကျော်ခန့်ရှိသည်။ တစ်နေ့လျှင် ခရီးသွားလူဦးရေ ၅,၀၀၀ ၀န်းကျင်ခန့် ၀င်ထွက် သွားလာလျက်ရှိ သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီစာရင်းများတွင် ဖော်ပြသည်။
မျိုးသန့် - Mizzima - News in Burmese
No comments:
Post a Comment