လွှတ်တော် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ နုနယ်မှုကြောင့် လွှတ်တော်များက ပြဋ္ဌာန်းလိုက်သော ဥပဒေ အချို့သည် မှားယွင်းမှုများ ရှိသည်ကို ပြန်လည် ပြင်ဆင်မည် ဟု ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက စက်တင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့၌ တရားရေး ဆိုင် ရာ အဖွဲ့များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
အလုပ်တစ်ခုဟာ ဒီလိုပဲ လုပ်မှ ဖြစ်မှာပါ။ မှားမှန်းသိလျက်နဲ့ ထားနေမယ်ဆိုရင် ကျွန်တော်တို့ တာဝန်ကျေ ရာ မရောက်ဘူး။ မှားရင်မှားတယ် ဆိုတာ ရဲရဲဝံ့ဝံ့ ၀န်ခံပြောဆိုတာဟာ ပိုကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် မကြာသေးခင်က လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းက ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေကို မှားတာတွေ၊ လွန်တာတွေ ရှိပါတယ်။ ဒါကို ကျွန်တော်တို့ ပြန်လည် သုံးသပ်ပါ့မယ်။ ဒီလိုပဲ တည်ဆဲဥပဒေတွေကို ပယ်ဖျက်ဖို့၊ ပြင်ဆင်ဖို့၊ ရှေ့နောက် မညီမညွတ် ဖြစ်တာကို၊ တစ်ခုနဲ့တစ်ခု ဆန့် ကျင်နေ တာ တွေလည်း ရှိပါတယ်။ ဒါကြောင့် တရားဥပဒေ စိုးမိုးရေးဆိုတဲ့ နေရာမှာ ဥပဒေပြုရေး အဖွဲ့ ကလည်း တရားမျှတသော ဥပဒေများ၊ အများလိုက်နာ နိုင်သော ဥပဒေများ ထုတ်ပြန်ပေးဖို့ လိုပါတယ်။ အဲဒီအတွက်တော့ ကျွန်တော်တို့ လွှတ်တော်က တာဝန်ယူရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ခေတ် ကျွန်တော်တို့ ကာလမှာ တရားမျှတသော ဥပဒေများ ပေါ်ပေါက်ရေး၊ တရားမျှတပြီး အများလိုက် နာနိုင်သော ဥပဒေများ ပေါ်ပေါက်ရေး၊ ကျွန်တော်တို့ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ နိုင်ငံတော် နဲ့ နိုင်ငံသား အကျိုးစီးပွား ဖြစ်စေသော ဥပဒေဖြစ်ရေး၊ တစ်နည်းဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွား ကို ကာကွယ် စောင့်ရှောက်သော ဥပဒေဖြစ်ရေး ကျွန်တော်တို့ ပြဋ္ဌာန်းလိုက်သော ဥပေဒတွေဟာ တစ်ဦးတစ်ယောက် အတွက်၊ အစိုးရအတွက် လွှတ်တော် အတွက်ပဲ မဟုတ်ရပါဘူး။ နိုင်ငံသား အားလုံးအ တွက် ဖြစ်ရပါမယ်။ အဲဒါကို ကျွန်တော်တို့က ရဲရဲဝံ့ဝံ့၊ ထိထိရောက်ရောက် လုပ်သွားဖို့ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment