“မင်းနဲ့ခဏကို တစ်ဘ၀လို့ ထင်ခဲ့တဲ့ငါ မလှည့်စားနဲ့...
ဒီရင်ဘတ်ကြီးတစ်ခုလုံးက စက်ရုပ်မဟုတ်တာ ထိန်းချုပ်လိုက်လို့ ရပ်တန့်
မရနိုင်ဘူး....” ဘ၀တစ်ခုလုံး ပုံအောချစ်ခဲ့သော မိန်းကလေး၏ အခြားအမျိုးသားနှင့်
ဖောက်ပြန်မှုကို ခံစားရေးဖွဲ့ ထားသော အဆိုတော်ယုန်လေး၏
အင်တာနက်စာမျက်နှာပေါ်မှ “မိုက်မဲခြင်း”အမည်ရှိ တေးသီချင်း၏
စာသားအချို့ဖြစ်သည်။
ထိုသီချင်းစာသားအတိုင်းပင် ကိုဝေဇင်တစ်ယောက် အလူးအလဲခံစားခဲ့ရသည်။ မိသားစုဘ၀ ရှေ့ရေး အတွက် ပြည်ပတွင် ငါးနှစ်ကျော်အလုပ်သွားလုပ်ပြီး ရန်ကုန်သို့ ပြန် ရောက်ချိန်မှာတော့ သူအလွန် ချစ်မြတ်နိုး ရသော ချစ်ဇနီးမှာ ရှာဖွေစုဆောင်းထားသော ပစ္စည်းဥစ္စာများကိုရောင်းချပြီးခြောက်နှစ်သား အရွယ် သားငယ်ကိုခေါ်၍ အခြားယောက်ျားတစ်ယောက်နှင့်အတူ သူ့ဘ၀ထဲမှ ပျောက်ကွယ်သွားခဲ့သည်။
အကြောင်းပြချက်မျိုးစုံဖြင့် ဖြစ်ပွားနေသော အိမ်ထောင်ရေးဖောက်ပြန်မှုများကြောင့် ပြိုကွဲသွားသော မိသားစုဘ၀များကို ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းတွင် ပိုမိုမြင်တွေ့နေရသည်။
“ကျွန်တော်ထင်တာက မိသားစုအနေဝေးလို့။ ဒါပေမဲ့ တကယ်ချစ်တာ၊ သံယောဇဉ်ရှိတာဆိုရင် ဒါမျိုးမဖြစ်နိုင်ဘူး။ ကျွန်တော်ကတော့ ရူးမတတ်ခံစားလိုက်ရတာ”ဟု ခွက်ထဲရှိ အရက်လက်ကျန် ကို မော့သောက်ရင်း ကိုဝေဇင်ကပြောလိုက်သည်။
ဇနီးသည်နှင့် သားလေးတို့သူ့ဘ၀ထဲတွင် မရှိတော့သည့်နောက်ပိုင်းကိုဝေဇင်တစ်ယောက် သူစိတ်ကူး ယဉ်ခဲ့သောကမ္ဘာလေးလည်း ပျောက်ဆုံးသွားခဲ့သည်။ အရက်ဆိုင်တကာတွင် လှည့်လည်သောက် နေသော ယစ်ထုပ်ကြီးဘ၀သို့ ရောက်ရှိခဲ့သည်။
ယောက်ျားများတွင် အိမ်ထောင်ရေးဖိုမသုခ မပြည့်ဝလျှင် မရသော အရာကို ပြင်ပတွင် ရှာဖွေတတ်ကြပြီး မိန်းမများတွင် မိမိအပေါ်ချစ်မြတ်နိုး၍ လေးလေးစားစား ဆက်ဆံသူနောက် ပါသွားတတ်သည်ဟု စိတ်ပညာဌာနမှ ကထိကတစ်ဦးက ပြောသည်။ အိမ်ထောင်ဖက်ပျော်ရွှင်ရေးအတွက် မိမိဘက်မှ ချစ်ခင် မှုများ၊ ကြင်နာမှုများကို ပြသရန် လိုအပ်ပြီး ချို့ယွင်းချက်ရှိ၊ မရှိကို ပြန်လည်သုံးသပ်သင့်သည် ဟုပြော သည်။
အိမ်ထောင်ရေးဖောက်ပြန်မှုများတွင် စိတ်မထိန်းနိုင်သူများက ဒေါသအလျောက် စိတ်လိုက်မာန်ပါ တုံ့ပြန်ကြရင်း အမှုအခင်းများ ဖြစ်ကုန်ကြသည်။
အိမ်ထောင်ဖက်၏ ဖောက်ပြန်မှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်သွားသည့် သာဓကများလည်းရှိသည်။ ယဉ်ယဉ်လေးနှင့် ရူးသွားသူများရှိသလို ပတ်ဝန်းကျင်၏ တံတွေးခွက်ထဲ ခေါင်းငုံ့ခံနေရသူများလည်း ရှိသည်။ အနည်းနှင့်အများဆိုသလို မိသားစုဘ၀များ ပြိုလဲပျက်စီးကုန်ကြသည်။
ယောက်ျား၏ဖောက်ပြန်မှုကြောင့် ဇနီးမိန်းမမှ ကွာရှင်းခွင့် တောင်းဆိုနိုင်ကာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၈ (၁)အရ ဇနီးသည်က မယားစရိတ်၊ ကလေးစရိတ် တောင်းခံနိုင်ပြီး ပစ္စည်းခွဲဝေလိုမှုတောင်းဆိုနိုင် သည်။ ထို့အပြင် အမျိုးသမီးတစ်ယောက် ဖောက်ပြန်ပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၇ အရထိုအမျိုး သမီးအား ပြစ်မှုကို အားပေးကူညီသူအဖြစ် ပြစ်ဒဏ်မကျထိုက်စေရဘဲ ကာမပိုင်ယောက်ျား အနေ ဖြင့် ယင်းမိန်းမအား ကွာရှင်းခွင့်ရှိသည်။ အ၀တ်တစ်ထည်ကိုယ်တစ်ခုဖြင့် မယားအိမ်ပေါ်မှဆင်းရမည် ဟု မြန်မာနိုင်ငံဥပဒေတွင် ဖော်ပြထားသည်။
“အခု ကြုံတွေ့နေရတာ အများဆုံးက လွယ်လွယ်တွေ့၊ လွယ်လွယ်ပေါင်းကြလို့ ကြုံတွေ့နေရတဲ့ အမှုတွေ၊ ပြီးတော့ မယားထိဓားကြည့် စကားအရ အမှုအခင်းတွေဖြစ်၊ ရုံးရောက်ကြတာအများဆုံးပဲ”ဟု အ ထက်တန်းရှေ့နေ ဦးခင်ဇော်က ပြောသည်။
၂၀၁၁ ခုနှစ် စာရင်းများအရ တစ်ကမ္ဘာလုံးရှိယောက်ျားများတွင် ၂၃ ရာခိုင်နှုန်းနှင့် မိန်းမများတွင် ၁၉ ရာခိုင်နှုန်းဖောက်ပြန်ကြသည်။ ကျွမ်းကျင်ပညာရှင်များက နိုင်ငံပေါင်း ၃၆ နိုင်ငံတွင် စာရင်းပြုစုမှုများအရ အရှေ့တောင်အာရှမှ နိုင်ငံအများစု မှာ ထိပ်ဆုံးနေရာတွင် ပါဝင်လျက်ရှိ သည်။ ထိုင်းနိုင်ငံက ဖောက်ပြန်မှု ၅၉ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ မလေးရှား နိုင်ငံက ၃၉ ရာခိုင်နှုန်းဖြင့် တတိယနှင့် ပဉ္စမနေရာမှ စင်ကာပူက ၁၉ ရာခိုင်နှုန်းရှိနေသည်။ ထို့အပြင် ယောက်ျားလေးအားလုံး၏ ၅၀ ရာခိုင်နှုန်းမှာ ၎င်းတို့ထက် ငယ်ရွယ်သူ များနှင့် ဖောက်ပြန်မှုများရှိသည်ဟု အခြားစစ်တမ်းတစ်စောင်ကလည်း ဖော်ပြထားသည်။
အိမ်ထောင်ရှင်များသာမက ချစ်သူ၊ ရည်းစားများတွင်လည်း အပြန်အလှန်နားလည်မှုမရှိခြင်းကြောင့် လမ်းခွဲမှုများ၊ မိမိထက် အစစအရာရာ သာသောသူများနှင့် ဖောက်ပြန်မှုများရှိနေသည်။
“သူ့ကိုသာမက သူ့အိမ်ကိုပါ အစစအရာရာ ကူညီနားလည်ပေးခဲ့တာ။ အခုတော့ ခြေစုံကန်ပြီး နောက် တစ်ယောက်ဆီကို သွားပြီ” ဟု နာမည်ကြီး လူငယ်တီးဝိုင်းအဖွဲ့တစ်ခု မှ အသက် ၂၈ နှစ်အရွယ် ဂစ်တာသမားတစ်ဦးက ပြောသည်။
သို့သော် အိမ်ထောင်ရေး ဖောက်ပြန်မှုများကို ခံစားရသည်မှာ ယောက်ျားများတွင်သာမဟုတ် မိမိကွယ်ရာ တွင် ဖောက်ပြန်နေသော ခင်ပွန်း၏ ဒဏ်ကို ခံစားနေကြရသော မိန်းမသားများမှာလည်း ဒုနှင့်ဒေး။
“ဒီကိုလာတဲ့ လူ ၁၀ ယောက်မှာ ခုနစ်ယောက်က တစ်မြို့တည်းနေပြီးယောက်ျားကကေတီဗီ၊ မာဆတ်တွေကို သွားပြီး အဲဒီက သူတွေနဲ့ဖြစ်တာများတယ်။ တချို့ဆိုတကယ့်အရာရှိ ကြီးတွေရဲ့ ဇနီးတွေ လည်း လာမေးကြတယ်” ဟု အိမ်ထောင်ရေး ဖောက်ပြန်ရှုပ်ထွေးမှုများကို ယတြာနည်းဖြင့် ဖြေရှင်းပေးနေ သော ဗေဒင်လက္ခဏာသုတေသီ ဆရာမ ထက်မြင့်စနီကပြောသည်။
အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် အယောက် ၅၀ ဗေဒင်၊ ယတြာလာရောက် ပြုလုပ်ကြလျှင် ၄၈ ယောက်မှာ မိန်းမများဖြစ်ပြီး နှစ်ယောက်လောက်သာ ယောက်ျားများဖြစ်သည်ဟု ဆိုသည်။
အခြေအနေ၊ အကြောင်းအရာ အမျိုးမျိုးဖြင့် လူမှုရေးဖောက်ပြန်မှုများကြောင့် မိမိတို့နှစ်သက်တန်ဖိုး ထားရသော မိသားစုဘ၀များ ပျောက်ဆုံးသွားနိုင်သည်ကို အချိန် မနှောင်းမီ သိရှိနားလည်ထားသင့် သည်။ မိမိတို့၏စိတ်ဓာတ်ကသာအဓိကဖြစ်ပြီး အနေဝေးခြင်းနှင့် နီးခြင်းနှင့် မသက်ဆိုင်ဟု အငြိမ်းစား ကျောင်းအုပ်ဆရာမကြီးတစ်ဦးက ပြောသည်။
“တချို့လည်း တစ်အိမ်တည်း နေပြီးစိတ်ချင်းဝေးနေကြတာပဲ။ တချို့လည်းဝေးနေပေမယ့် ယုံကြည်မှု၊ ခံယူချက်တူတော့ စိတ်ချင်း နီးနေကြတာပဲ”ဟု စာရေးဆရာမမသီတာ (စမ်းချောင်း) က ပြောသည်။
လိုအပ်သည်ထက် ပို၍ အနေနီးစပ်မှုများ၊ မိသားစုစီးပွားရေး အဆင်မပြေမှုများနှင့် အိမ်ထောင်ရေး ဖောက်ပြန်ရန် အလွယ်တကူသွားရောက်နိုင်မည့် နေရာများ အတားအဆီးမဲ့ များပြား လာခြင်း၊ မြန်မာ့ယဉ်ကျေးမှုကို လွှမ်းမိုးလာသော ကိုရီးယားဇာတ်လမ်းတွဲများမှ အိမ်ထောင်ရေး ဖောက်ပြန်မှုများကြောင့် လူမှုရေးဖောက်ပြန်မှုများကို ယနေ့ ခေတ်ကာလတွင် ပိုမိုမြင်တွေ့လာရသည်။ ထို့ကြောင့် မြန်မာ့ဓလေ့ဖြစ် သော တစ်လင်တစ်မယားစနစ်ကို ပိုမိုထိန်းသိမ်းရန် လိုအပ်လာသည်ဟု သုံးသပ်ထားကြသည်။
အိမ်ထောင်ရေးဖောက်ပြန်မှုများနှင့် ပတ်သက်၍ အထက်တန်း ရှေ့နေဦးခင်ဇော်က “သာယာခြင်းက တစ်ခဏ၊ ပေးဆပ်ရတာ တစ်ဘ၀ပဲ”ဟု ပြောလိုက်သည်။
ရေးသားသူ- အောင်ခိုင်၊ ရဲနောင်
7DaysNewsJournal

No comments:
Post a Comment