Friday 7 September 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနှင့် တွေ့ဆုံစဉ်ပြောကြားသည့် မိန့်ခွန်း



တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ ကြခြင်း ဖြစ်ပါတယ်။ အားလုံးကျန်းကျန်းမာမာ ရှိကြစေရန် ရှေးဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။



တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများဟာ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအတွင်းရှိ သက်ဆိုင်ရာလူမျိုးစုများ၏ ကိုယ်စားလှယ်များဖြစ်သည် နှင့်အညီ မိမိတို့လူမျိုးစုများ၏ အရေးအရာ ကိစ္စများကို တာဝန်ယူဆောင်ရွက် ပေးရန် တာဝန်ရှိသူများ ဖြစ်ကြပါတယ်။




ထိုသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရများနဲ့ တန်းတူရည်တူ ဆက်ဆံနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ပေးခဲ့သည့်အတိုင်း ဥပဒေရေးရာ ကိစ္စများကို ပြင်ဆင်ပေးနိုင်ဖို့နဲ့ လိုအပ်တဲ့ အုပ်ချုပ်မှုကိစ္စ အဝဝတို့ကို ဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့ ခေါ်ယူတွေ့ဆုံခြင်း ဖြစ်ပါတယ်။



တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများအနေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရတို့နဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနိုင်မည့်အပြင် ပြည်ထောင်စု အဆင့် အစိုးရအဖွဲ့နဲ့လည်း တိုက်ရိုက် ထိတွေ့ဆက်ဆံနိုင်အောင် သမ္မတရုံးတွင် ပြည်ထောင်စုဝန်ကြီးတစ်ဦးနှင့်အတူ ဝန်ကြီးဌာနတစ်ခုကိုလည်း ဖွင့်လှစ် ပေးထားပြီးဖြစ်၍ အထက်အောက်နဲ့ ဘေးတိုက် ဆက်သွယ် ဆောင်ရွက် နိုင်တော့မှာ ဖြစ်ပါတယ်။



မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုပေါင်း (၁၀၀) ကျော်ရှိပြီး အားလုံးဟာ တိုင်းပြည်ရဲ့ နယ်နိမိတ်အဝန်းအဝိုင်း တစ်ခုတည်းအောက်တွင် အတူနေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ဖြစ်ကြတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို တန်းတူရည်တူ ရရှိကြရမည့်အပြင် တူညီသည့် တာဝန်များကိုလည်း အတူတကွ ထမ်းရွက်ကြရမှာ ဖြစ်ပါတယ်။



တူညီတဲ့ အဓိကတာဝန်ကတော့ ပြည်ထောင်စုကြီးအတွင်း ဥမကွဲသိုက်မပျက် အတူတကွ ပူးပေါင်းနေထိုင်ရေးနဲ့ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး ဖြစ်ပါတယ်။ ပြည်ထောင်စုကြီးမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး ဆိုတဲ့ အဓိကတာဝန်ကြီး (၃) ရပ်ဟာ နိုင်ငံသားတိုင်းရာသက်ပန် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမယ့် တူညီသောတာဝန် ဖြစ်ပါတယ်။ ဒီတာဝန်ကိုမိမိတို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် လက်တွဲ ပူးပေါင်း ထမ်းဆောင် သွားကြရမှာ ဖြစ်တယ်။



နယ်စပ်ဒေသတွေဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေဆဲဖြစ်တယ်။ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းနေတဲ့အတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးစတဲ့ လုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်နိုင်ခဲ့တာ အားလုံးအသိဘဲဖြစ်ပါတယ်။ ဒါဟာ လူမျိုးစု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခတွေကြောင့် ဖြစ်တယ်။ ယခုအခါ နှစ်ပေါင်းကြာရှည်ခဲ့ပြီဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်း သွားအောင် မိမိတို့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက် နေတယ်။ ငြိမ်းချမ်းရေး ကြိုးပမ်း ဆောင်ရွက်မှုလုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများအနေနဲ့ မိမိတို့ လူမျိုးစုတွေကို ဦးဆောင်ပြီး ပူးပေါင်းပါဝင် ကူညီလုပ်ဆောင်ပေးကြဖို့ လိုတယ်။



နောက်တစ်ခုကတော့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကိစ္စ ဖြစ်တယ်။ ဘိန်းစိုက်ပျိုးမှု ပပျောက်အောင်၊ အခြားသော ဝင်ငွေရအလုပ်အကိုင်များနဲ့ အစားထိုးနိုင်အောင် ကြိုးပမ်း ဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်။ ဆေးပြားများ ချက်လုပ်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်မှုများကိုလည်း မြန်မာနိုင်ငံမူးယစ်ဗဟိုနဲ့ အစွမ်းကုန်ပူးပေါင်းကူညီဆောင်ရွက်ပေးကြဖို့ လိုတယ်။



နယ်စပ်ဒေသတွေမှာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမဦးဆုံး လိုအပ်ချက်ဟာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဖြစ်တဘ်။ သို့မှသာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး စတာတွေကို ထိထိရောက်ရောက် ကူညီပေးနိုင်မယ်။ ယခုအခါ ကိုယ့်ဒေသကိုယ်ဖွံ့ဖြိုးအောင် ဝန်ကြီးတွေကိုယ်တိုင်က တာဝန်ယူပြီးအပြိုင်အဆိုင် လုပ်ကြရမယ်။ လိုအပ်ချက်တွေကို အထက်ကဖြည့်ဆည်းပေးနိုင်တာတွေ ဖြည့်ဆည်းပေးမယ်။



နိဂုံးချုပ်အနေဖြင့် ဒီကနေ့ မိမိတို့အစိုးရရဲ့ ရည်မှန်းချက်ဟာ ပြည်သူအများစု၏ ဆန္ဒဖြစ်သော တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်တယ်။



ဒါကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ပြည်တွင်းနိုင်ငံရေး တည်ငြိမ်အောင်၊ ပြည်ပဖိအားတွေ   လျော့ပါးသွားအောင် စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးအောင်၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရင်း လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်း၊ လယ်ယာကဏ္ဋ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ပြည်ပအရင်းအနှီးများ ဖိတ်ခေါ်ပြီး မိမိတို့ ပြည်သူများ အကျိုးရှိစေမည့် စက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များ ထူထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေတယ်။



အစိုးရ၏ ရည်မှန်းချက်များ အောင်မြင်အောင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများမှလည်း မိမိတို့လူမျိုးစုများနဲ့အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရန် တိုက်တွန်းပါတယ်။

No comments:

Post a Comment