ဗီလိမ် သရုပ်ဆောင် ဦးကျောက်လုံးကို မှတ်မိကြလိမ့်မည်။ သူ့ရဲ့ ခနဲ့တဲ့တဲ့စကားတွေ၊ ယုတ်မာမှုတွေနှင့် အမြင်ကပ်နိုင်စွမ်းရှိအောင် လုပ်နိုင်သည့် သူ့အမူအယာတွေက တခေတ်မှာ တယောက်၊ အသိအမှတ်ပြုရမည်။ ရုပ်ရှင်ကားကို မမှတ်မိ။ ဇာတ်ဝင်ခန်းတခုမှာ မင်းသမီးကြီး ဒေါ်စံရှားတင်က သေနတ်ကြီး တကားကားနှင့် ဒေါသူပုန်ထနေသည်။ ဦးကျောက်လုံးကထုံးစံအတိုင်း သောက်မြင်စ ရာကောင်း သည့်မျက်နှာပေးဖြင့်
ဒေါ်စံရှားတင် ခင်ဗျားမှာလည်း ရှုပ်ရှုပ်ရှက်ရှက်- ခင်ဗျားသေနတ်ကြီး ဘေးဖယ်ထားလိုက်စမ်းပါဗျာ။ ဒီမယ် ဒီမယ် သေနတ်ဆိုတာ ပစ်တတ်မှ ကိုင်ရတယ် ဗျ တဲ့ သေနတ်ဆိုတာ ပစ်တတ်မှ ကိုင်ရသတဲ့။
ဒါဖြင့် သေနတ်လည်း မပစ်တတ်၊ ရည်းစာလည်းမပေးတတ်သည့် သူတွေကို ဘယ်လိုပြောရမည်မသိ။
ဇာတ်လမ်းအဆုံးသတ်ခါနီးကို စပြီးပြောမှ ယ္ခုမြင်နေရသည့်မြင်ကွင်းကို ဇာတ်ရည်လည်တော့မည်။
အပိုင်း (၁)
ကံဇာတာနိမ့်နေသည့် အချိန်မှာ ငြိမ်ငြိမ်လေးနေသင့်သည်။ သူရဲကောင်းရောင်ရောင်၊ အသက် (၅၀) ပြည့်သူတွေရဲ့ ရင့်ကျက်မှုရောင်ရောင် ဟန်လုပ်ပြီး အင်တာဗျူးတွေမှာ လျှောက်ပြောလျှင် အရိပ်မဲတွေက တရိပ်ရိပ်လိုက်တာတတ်သည် ဆိုသည့် သဘောတရားလောက်တော့ နည်းနည်းပါးပါးသိဖို့ကောင်းသည်။ အတိတ်မေ့နေသူတွေကို ဓါတ်ပုံလေးတပုံပြကြည့်ချင်သည်။ ဒီဓါတ်ပုံလေးကို ထုတ်ပြတာ အကြောင်းရှိသည်။အကြံတူ၊ ပွင့်တူရွက်တူ၊ စရိုက်တူသူများရဲ့ကောက်ကြောင်းတွေကို ရှင်းရှင်းလင်းလင်းသိစေချင်သည်။
၂၀၀၇ ခုနှစ်လောက်မှာ ပြည်ပမှာ ပရိုပိုဆယ်တင်စားနေသည့်အဖွဲ့တွေရဲ့ မီစားကုန်ရေခန်းဇာတ်လမ်းတွေ အဆုံးသတ်ဖို့ ဖန်လာသည်။ သို့သော် ရွှေဝါရောင်တော်လှန်ရေးအရှိန်ကို အကြောင်းပြုပြီး လူထုအုံကြွမှုဖြင့် အောင်ပွဲခံခြင်းတွေ၊ ယူဂျီလှုပ်ရှားမှုတွေ၊ အားကောင်းမောင်းသန် အတိုက်အခံအဖွဲ့ ဖွဲ့စည်းရေးတွေ၊ စင်ပြိုင်အစိုးရသစ်ဖွဲ့စည်းရေးတွေ ပြန်လည်ခေတ်စားလာသည်။သို့သော် ပါမည့်သူများကို ကြည့်လိုက်တော့ နာမည်ပျက်နေသည့် မြေခွေးများ ကိုသာ ထပ်တလဲလဲတွေ့ရသည်။
ကိုမောင်မောင် ( FTUB ) က ဒေါက်တာစိန်ဝင်း ရဲ့ စင်ပြိုင်အစိုးရ ကို အားမရ၊ ဖက်ဒရယ် ပြည်ထောင်စုတပ်ဖွဲ့ ပြီး အားကောင်းသည့် အစိုးရသစ်ကိုဖွဲ့ကြမည်ဟုဆိုသည်။ သို့သော် ပြည်ပမှာ ဒီမိုကရေစီလုပ်နေသည့် လူတိုင်းသိနေသည့်အချက်ရှိသည်။ ဒီလူတွေ စုမိကြပြီ ဆိုရင်ဖြင့် လုပ်စားတောင်းစားမည့် ဂွင်ကိုသာ ရှာနေကြခြင်းဖြစ်သည်။ နိုင်ငံရေးကို မူအရလုပ်နေသည့်သူတွေ တယောက်မှမပါ။ ဘာပဲဖြစ်ဖြစ် သူတို့က ထုံစံအတိုင်း မျက်နှာပြောင်သည်။ နိုင်ငံရေးအတွေး အခေါ်ရှိစရာမလို၊ သမိုင်းနားလည်စရာမလို၊ ပြည်ပနိုင်ငံရေးမှာ ငွေရှာတတ်ရင် လူတွေကပ်လာကြမည်။ နိုင်ငံရေးမှာ လူပေါ်လူဇော်လုပ်လို့ရပြီ။
ဒေါက်တာစိန်ဝင်းဆီက အသိအမှတ်ပြုသည့် လက်မှတ်ရဖို့အတွက် ကျောင်းသားလေးယောက်ကို လွှတ်ပြီး ဖိအားပေးခိုင်းသည်။ ကိုမောင်မောင်က ဒေါက်တာစိန်ဝင်းဆီက လက်မှတ်ရရင် မင်းတို့လိုချင်တဲ့ ငွေကို ပေးမယ် ဆိုသည့် မက်လုံးလေးဖြင့် မြှားလိုက်သည်။ကိုမောင်မောင် ရဲ့ ကြံ့ဖွံ့ ကျောင်းသားများက လည်း ဒေါက်တာစိန်ဝင်းထံသွားကြသည်။
ရှစ်ဆယ့်ရှစ် ပြည်ပ ကျောင်းသားတချို့ကလည်း ရှစ်ဆယ့်ရှစ် ခေါင်းစဉ်ကို ကိုင်ပြီး သူတို့ကပဲ အားလုံးကို ကိုယ်စားပြုသရောင်ရောင်၊ ရှစ်လေးလုံးခေါင်းစဉ်ဖြင့် ငွေတောင်းဖို့ပြင်ကြသည်။ တဘက်ကလည်း ရှစ်ဆယ့်ရှစ် ခေါင်းစဉ်ဖြင့် လက်မခံနိုင်။ ကျန်သည့် လူများနှင့် ပြဿနာတက်နိုင်သည် ဟု ငြင်းလိုက်သည်။ ပိုပြီးဆိုးသည့်အချက်က - ဒီလူတွေဗျာ- ကိုယ်ဘာလုပ်မယ်မှန်းလည်း ရေရေရာရာမသိဘူး၊ ပရိုပိုဆယ်တောင် ကောင်းကောင်းမရေးတတ်ဘူး- တဲ့၊ပြည်ဖုံးကားချလိုက်တော့ - ဒေါက်တာ စိန်ဝင်းကလည်း လက်မှတ်မထိုး၊ ကိုမောင်မောင်လည်း ဝန်ကြီးမဖြစ်၊ ရှစ်လေးလုံး ပြည်ပကျောင်းသား တချို့လည်း ပရိုပိုဆယ် မရ။ ဖွတ်မရ ဓါးမဆုံးတော့ အဖြစ်မခံနိုင်။ သိတ်မကြာခင်မှာ တယောက်နှင့် တယောက် နောက်ကျော ဓါးနှင့်ထိုးသည့် ဝေဖန်တိုက်ခိုက်သံများဖြင့် ဆူညံလာပြန်သည်။ မည်သူ့ကို ယုံလို့မရသည့် ပြည်ပနိုင်ငံရေးဆိုသည်က သည်လိုပဲဖြစ်လိမ့်မည်။ ဒီလိုနှင့်--- မည်သူမှ မသတ်ရပဲ သူ့အလိုလိုသေကုန်ကြသည်။
အပိုင်း (၂)
ခုတော့ ဖက်ဒရယ်ပြည်ထောင်စုတပ်ကြီးကို ဦးဆောင်ဖွဲ့စည်းမည် ဆိုသည့် ကိုမောင်မောင် ( FTUB) က ထန်းညှက်ပွဲစား မြို့တက် ဖဲနိုင်ပြီး ပြန်လာသည့် အပြုံးဖြင့် ပြည်တွင်းကို ပြန်ဝင်သွားပြန်သည်။ ပရိုပိုဆယ် မရသည့် ပြည်ပ ရှစ်လေးလုံးကျောင်းသားတချို့ကလည်း နောက်ထပ် ပရိုပိုဆယ်တခုကို ထပ်တင်သည်။ သမ္မတကြီး နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ကူညီပါရစေ တဲ့။ ( ပရိုပိုဆယ်တင်တာ တော်တော် ဝါသနာပါပုံရသည်)။ အိမ်မပြန်နိုင်သေးသည့် ဒေါက်တာစိန်ဝင်းကလည်း ကိုမင်းကိုနိုင်တို့အတွက် ကိုသောင်းထွန်းယူသွားတဲ့ ဆုဟာ အဖွဲ့အစည်းကို မပြောပဲယူသွားတာ ဖြစ်တယ် ဆိုပြီး အပြစ် တင်နေသည်။ ကိုနိုင်အောင် ကတော့ မြောက်ပိုင်းလူသတ်မှုမေးခွန်းများဖြင့် ချာလည်ရိုက်နေသည်။ ထိုင်းနယ်စပ်နိုင်ငံရေးယဉ်ကျေးမှုက ပြည်တွင်းကို ရွေ့လာနေသည်။
အစိုးရရဲ့ ကစားကွက်တွေက အကွက်စေ့သည်။ မည်သူတွေကို ခေါ်လိုက်ရင် ပွဲဆူမည်။ အဖွဲ့ကွဲမည် ဆိုတာကို သိသလို၊ မည်သည့်လူတန်းစားကို ဖိတ်ခေါ်လိုက်လျင် ဒီမိုကရေစီလှုပ်ရှားမှုကို ခြစားအကျင့် ပျက်စေနိုင်သည် ဆိုတာကိုလည်း သိပုံရသည်။
ကျနော်တို့ ရင်ဆိုင်နေရသည့်ခေတ်က၊ ပြည်တွင်းက လူတွေက ပြည်ပကို ထွက်ချင်ပြီး ၊
ပြည်ပမှာ ရှိသည့်လူတွေက ပြည်တွင်းကို အငမ်းမရပြန်ချင်နေသည့် ခေတ်ဖြစ်သည်။
ဆဒမ်ဟူစိန်ပြုတ်ကျသွားအပြီး အီရတ်မှာ ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်တခုကို သတိရမိသည်။
အီရတ်မှာ ဆဒမ်ဟူစိန် ပြုတ်ကျသွားတော့ အမေရိကန်ပြည်ထောင်စုဆီမှာ ပညာသင်ကြားခွင့်ရ၊ ပြည်ပနိုင်ငံရေးကို ဦးဆောင်ခွင့်ရသည့် အတိုက်အခံတွေ အီရတ်နိုင်ငံရေးမှာ ပါဝင်ခွင့်ရအောင် ပြန်သွားကြသည်။ အစိုးရသစ်မှာ ဘဏ္ဍာရေးမှူးတက်ဖြစ်သည့်သူက ဖြစ်ကုန်သည်။ သို့သော် သိပ်မကြာ၊ အီရတ်ပြည်သူတွေက ပြည်တော်ပြန်တွေရဲ့ အယူအဆတွေ၊ နိုင်ငံရေးခြစားမှုတွေကို လက်မခံတော့ဘူး ဆိုတာကို သိလိုက်သည့်အခါမှာတော့၊ အမေရိကန်ပြည်ထောင်စု ကိုယ်တိုင်က သူတို့မွေးထားသည့် အီရတ်နိုင်ငံရေးသမားတွေကို ခေါ်စစ်လေတော့သည်။
အမေရိကန်ပြည်ထောင်စုမှာ နေထိုင်စဉ်တုံးက ပြည်တွင်းလှုပ်ရှားမှုအတွက်ဆိုပြီး သန်းချီသုံးထား သည့်ငွေတွေကို ဘယ်လိုသုံးခဲ့သလဲ။ ဘယ်လို ဘုံးခဲ့သလဲ ဆိုသည့်အချက်ကို ခေါ်မေးလေတော့သည်။
ပြည်တော်ပြန်အတိုက်အခံတွေကလည်း ခေသူတွေမဟုတ်။ ယူဂျီလုပ်ငန်းအတွက် ယူဆွတ် ကို ပေးခဲ့တယ် တဲ့။
အမေရိကန်ဒိုနာတွေ ယူဆွတ် ဆိုသည့်ကောင်ကို လိုက်ရှာကြည့်လိုက်မိသည်။
--- အာပါးပါး -- ယူဆွတ် ဆိုတဲ့ နာမည်တွေက အီရတ်မှာ များမှများ-----
ကျနော်တို့နိုင်ငံမှာတော့ နာမည်တူတွေ သိတ်များများမရှိတန်ရာ၊
ဘာပဲဖြစ်ဖြစ် ခေါ်စစ်ဖို့တော့လိုသည်။
အပိုင်း (၃)
ဘုရားသခင်က လူကို ဖန်ဆင်းခဲ့တယ် ဆိုလျင်၊ မစားကောင်းသော အသီးကို ဖန်ဆင်းသည့်သူက ပိုပြီး အကြံကောင်းသည်ဟု စောတက တက်ခဲ့သူတွေ ရှိနေသည်။ လူဆိုသည့် သတ္တဝါက ထိုအသီးကို စားမိပြီး ဒုက္ခတွေ တခုပြီးတခုတွေ့နေလေတော့သည်။ ဒါဖြင့် မစားကောင်းသော အသီးနှင့် လူ ကို တပြိုင်တည်းဖန်တီးတတ်သည့် နောက်ထပ် ဘုရားသခင်ရော ရှိမနေနိုင်ဘူးလား။
ဇာတ်လမ်းကို အစမှပြန်ပြီး ပြောပြဖို့လိုမည်ထင်သည်။
(ဒုတိယပိုင်း ကို ဆက်လက်တင်ပြသွားပါမယ်)
ref:ko aung moe win 's FB
No comments:
Post a Comment