Wednesday, 5 September 2012

““ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ရေဘေးသင့်ပြည်သူများထံသွားရောက်စဉ် ပြောကြားသည့် မိန့်ခွန်း””

အဓိကလာရတဲ့အကြောင်းရင်းကတော့ ရေဘေးကြောင့်ထိခိုက်သွားတဲ့ ရပ်ကွက်တွေ အခြေအနေ လာပြီး လေ့လာဖို့ပါ။ လေ့လာဖို့ဆိုပေမယ့်လည်း ရပ်ကွက်တိုင်းတော့မရောက်နိုင်ပါဘူး။ ရပ်ကွက်နှစ်ခုပဲ သွားလိုက် တယ်ဆိုပေမယ့် အခြေခံပြဿနာတွေကတော့ အားလုံးတူမယ်ထင်ပါတယ်။ ပထမတစ်ချက် ကတော့ ဘာဖြစ်လို့ ဒီလိုရေထထကြီးလဲပေါ့နော်။
မိုးတွင်းတိုင်း ရေကြီးတဲ့ရပ်ကွက်တွေရှိတယ်။
အဲဒီရပ်ကွက်တွေမှာ အခြေခံပြဿနာရှိတယ်။ ရေရှည်အတွက်လုပ်သင့်လုပ်ထိုက်တာလုပ်လို့ ကျွန်မတို့စဉ်းစားပြီးတော့ စီစဉ်သွားမှာပါ။ နောက်တစ်ချက်ကတော့ ချက်ချင်းလက်ငင်းတွေ့ကြုံနေရတဲ့ အခက်အခဲပေါ့နော်။ ချက်ချင်းတွေ့ကြုံနေရတဲ့အခက်အခဲက ကျန်းမာရေး အခက်အခဲပဲလို့ ကျွန်မကို တင်ပြကြပါတယ်။ ရေကြီးတဲ့ဒဏ်ကြောင့် ရေမ သန့်တာကြောင့် ကျန်းမာရေးအခက်အခဲကိစ္စတွေ။
အစကတည်းက ကျန်းမာရေးမကောင်းတဲ့ကိစ္စတွေ။ နောက်တစ်ခုက ဒီလို ရေကြီးလို့ ပြဿနာတွေဖြစ်တဲ့အခါမှာ ကျန်းမာရေးကုသဖို့ ငွေရေးကြေးရေး မတတ်နိုင်တဲ့ ကိစ္စတွေ။ ဆေးရုံကိုသွားတဲ့အခါကျရင် ဆေးရုံမှာကုသမှု ခံယူဖို့ အတွက်လည်း ငွေက အင်မတန်မှ လိုနေတဲ့ကိစ္စတွေပေါ့နော်။ ဒါတွေက ရပ်ကွက်တိုင်းမှာ တူလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ ကျွန်မတို့ထင် တာကတော့ ရေမကြီးတဲ့ရပ်ကွက်တွေမှာလည်း ပြည်သူတွေ ကြားထဲမှာ ကျန်းမာရေးနဲ့ပတ်သက်လို့ အကူအညီလိုမယ့်ပြည်သူတွေရှိမယ်လို့ ကျွန်မတို့ထင်ပါတယ်။

ဆေးရုံတွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်။ ကျောင်းတွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ကျွန်မပြည်သူတွေကို တစ်ခုတော့ သတိပေးချင်ပါတယ်။ ကျွန်မတို့က မျှမျှတတဟိုဖက်ဒီဖက် စဉ်းစားရပါလိမ့်မယ်။
ဆေးရုံဝန်ထမ်းတွေ ကျောင်းက၀န်ထမ်းတွေစသဖြင့် ပြည်သူတွေနဲ့ဆက်ဆံ တဲ့နေရာမှာ ကျေနပ်မှု မရှိနိုင်ဘူးဆိုပေမယ့်လည်း တစ်ဖက်က သူတို့ဘ၀ ကိုလည်း ပြန်ပြီးတော့ စဉ်းစားပေးစေချင်တယ်။
ဒါ စနစ်ကြီးတစ်ခုလုံးနဲ့ဆိုင်တယ်။ ကျွန်မတို့ ကွက်ပြီးတော့ ငါနဲ့မဆိုင်ဘူးလို့ ပြောလို့မရ ဘူး။ ဆေးရုံက၀င်ဝင်ချင်းပိုက်ဆံတောင်းတယ်ဆိုတာလည်း ဆေးရုံက၀န်ထမ်းတွေရဲ့ဘ၀အခြေအနေနဲ့အများကြီးသက်ဆိုင် တယ်။ ဆေးရုံဝန်ထမ်းတွေရတဲ့လစာ၊ ဆေးရုံကိုအုပ်ချုပ်ပုံ၊ စီမံခန့်ခွဲပုံတွေနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ အဲဒါကြောင့် ဒီလိုကိစ္စတွေကို ကျွန်မတို့ တစ်ဖက်က ပဲကြည့်လို့တော့မဖြစ်ဘူး။ ကျွန်မတို့တစ်နိုင်ငံလုံးမှာ ပြုပြင် စရာတွေအများကြီးရှိနေတယ်ဆိုတာကို ကျွန်မတို့သဘောပေါက်ရမယ်။ လူတိုင်းလူတိုင်းလည်း ကိုယ့်နေရာကကိုယ်ကြိုးစားပြီးတော့ လုပ်ကြရမယ်။

ကျွန်မအခုရောက်ခဲ့တဲ့ရပ်ကွက်နှစ်ခုမှာ ရပ်ကွက်ကော်မတီဖွဲ့ပြီး ကျန်းမာရေး ရန်ပုံငွေဆိုပြီး ၁၀ သိန်းစီမတည်ခဲ့တယ်။ အဓိကက ပိုက်ဆံမဟုတ်ပါဘူး။ ဒီရန်ပုံငွေကို ဘယ်လိုသုံးမယ်။ ဘယ်လိုထိန်း သိမ်းမယ်ဆိုတာပဲ
ကျွန်မတို့ပြည်သူတွေကကိုယ့်ကိုယ်ကိုယ်အုပ်ချုပ်နိုင်တဲ့ အရည်အချင်းတွေကြီးထွားလာအောင်လို့  ပြုစုပျိုးထောင်စေချင်တယ်။ ဒီရန်ပုံငွေလေးကိုထိန်းသိမ်းပြီးတော့ တကယ်လိုအပ်တဲ့သူတွေကို ဘယ်သူကိုဘယ်လောက်ပေးမယ်၊ ဘာအတွက်ပေးမယ်။ အဲဒီလိုလုပ်တတ် ကိုင်တတ်အောင်လို့။ ဒီရန်ပုံငွေဟာ အရေးပေါ်ရန်ပုံငွေ ဆိုတော့ နောက်ကုန်သွားမှာပဲ။ ကုန်သွားပေမယ့်လည်း ဒီရန်ပုံငွေကို ထိန်းသိမ်းသုံးစွဲ တဲ့နေရာမှ ရသွားတဲ့ အတွေ့အကြုံတွေကတော့ ကုန်သွားမှာ ပျောက်သွားမှာမဟုတ်ဘူး။ နောက်ဆက်လက် ပြီးတော့ ကိုယ့်ရပ်ကိုယ့်ရွာအတွက် ပရဟိတလူမှုရေးလုပ်ငန်းတွေ လုပ်တဲ့နေရာမှာအသုံးဝင်မယ့် အတွေ့အကြုံတွေဖြစ်တယ်။

ကျွန်မတို့က ပြည်သူတွေကို ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်တဲ့ အခြေအနေဖြစ်အောင် မြှင့်တင်ပေးဖို့ပဲ။ ကျွန်မတို့ကနေပြီး ပြည်သူတွေကို အားလုံး တို့လုပ်ပေးမယ်ဆိုတဲ့စိတ်မျိုး ဘယ်တော့မှမလုပ်ဘူး။ အဲဒီလို တို့လုပ်ပေးမယ်ဆိုလို့ရှိရင် ပြည်သူတွေက ဘယ်တော့တတ်တော့မလဲ။ ကျွန်မတို့က ကျွန်မတို့ ပြည်သူတွေ ကို သန်မာစေချင်တယ်။
ကိုယ့်ရဲ့ကံကြမ္မာကိုယ် ဖန်တီးနိုင်စေချင်တယ်။ မိဘကောင်းတွေက သားသမီးတွေကို သူတို့ကိုအား ကိုးစရာမလိုတဲ့ ပုဂ္ဂိုလ်တွေဖြစ်လာအောင် လုပ်ပေးရမယ်။ ငါတို့ကိုပဲအားကိုးစေချင်တယ်ဆိုရင် စစ်မှန်တဲ့မေတ္တာ မဟုတ်တော့ဘူး။ ဒါအတ္တဘဲ။

ကျွန်မတို့ရဲ့ပြည်သူပြည်သားတွေကို ဒီမိုကရေစီအရွယ်ရောက်အောင် ကျွန်မတို့က အမြန်ဆုံးတွန်းပို့ရမှာဖြစ်ပါတယ်။ ပြည်သူပြည်သားတွေဟာဒီမိုကရေစီအရွယ်ရောက်သွားလို့ရှိရင် ဒီမိုကရေစီခေါင်းဆောင်တွေကို မလိုတော့ဘူး။ ကိုယ့်ဘာသာကိုယ် လုပ်နိုင်ကိုယ်နိုင်တဲ့အခြေအနေ ဖြစ်သွားမယ်။ ငါတစ်ယောက်တည်း အမြဲနေရာမှာရှိရေးအတွက် ဆိုပြီး လုပ်နေတဲ့ပုံနဲ့ဆိုရင်တော့ ကျွန်မတို့ပြည်သူတွေဟာ ဒီမိုကရေစီအတွက် ခိုင်မာတဲ့အခြေအနေကို ရောက်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့အဖွဲ့ချုပ်ကပြည်သူတွေအနေနဲ့ ဒီမိုကရေစီအရွယ်ရောက်အောင်၊ လူလားမြောက်အောင်လို့ အမြန်ဆုံးဖြစ်ဖို့ ကြိုးစားပြီးဆောင်ရွက်နေပါတယ်။

No comments:

Post a Comment