နိုင်ငံတော်၊ မဏ္ဍိုင်ကြီးသုံးရပ်နှင့် သားရွှေအိုး ထမ်းခြင်း
၂၀၀၈
ခုနှစ်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ
နိုင်ငံတော်၏ အချုပ်အခြာ အာဏာ သုံးရပ်ကို ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံ
ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပြီးနောက် တသီးတခြားစီ
ပိုင်းခြား ကျင့်သုံးခဲ့သည်မှာ ယနေ့ဆိုလျှင် တစ်နှစ်နှင့် ခြောက်လ နီးပါး
ရှိနေပြီဖြစ်ပါသည်။ ဒီမိုကရေစီ စနစ်ကို အကောင်အထည် ဖော်ရန်
အရပ်သား အစိုးရ အသွင်ပြောင်းကာ ဖြတ်သန်းလာခဲ့သော တစ်နှစ်ခွဲခန့် ကာလကို
ပြန်ကြည့်ပါက ဥပဒေပြုရေး မဏ္ဍိုင်နှင့် အုပ်ချုပ်ရေး မဏ္ဍိုင်တို့ အနေနှင့်
များစွာသော အပြုသဘောဆောင် အပြောင်းအလဲများ အချိန်တိုအတွင်း အကောင်အထည်ဖော်
ဆောင်ရွက် နိုင်ခဲ့သည်ကို တွေ့ရ ပါသည်။
ထိုသို့ အကောင်အထည်
ဖော်နိုင်ခဲ့သည့် အတွက်လည်း နိုင်ငံတကာနှင့် မြန်မာပြည်သူ လူထု တစ်ရပ်လုံးက
သောင်းသောင်းဖြဖြ အားပေး ထောက်ခံခဲ့ကြပါသည်။
ဥပဒေပြု
လွှတ်တော်များတွင် ပြည်သူလူထု ကိုယ်စား တာဝန် ထမ်းဆောင်နိုင်ရန် ပြည်သူလူထု
တစ်ရပ်လုံးက ရွေးချယ် တင်မြှောက်ထားသော ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ကြီးများ ပါဝင်သည့် လွှတ်တော် အရပ်ရပ်၏ ကြိုးစား အားထုတ်မှု
ကြောင့် ဒီမိုကရေစီ ခရီးလမ်း အစအတွက် အရေးကြီးသော ဥပဒေများ အတည်ပြု
ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်၊ ပယ်ဖျက်ခြင်းတို့ လုပ်ဆောင် နိုင်ခဲ့ကြပါသည်။
အုပ်ချုပ်ရေး အာဏာကို တာဝန်ယူ ထားသည့် နိုင်ငံတော် သမ္မတကြီး ဦးဆောင်သော
အစိုးရအဖွဲ့ သည်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွား
အလို့ငှာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ အချိန်တိုအတွင်း ချမှတ်
ဆောင်ရွက်နိုင် ခဲ့သည်ကို တွေ့ရပါသည်။ တရားစီရင်ရေး အနေနှင့်မူ ပြည်ထောင်စု
အဆင့်မှသည် ပြည်နယ်နှင့် တိုင်းဒေသကြီး၊ မြို့နယ်အဆင့် အထိတိုင်
သီးခြားမဏ္ဍိုင် တစ်ခု အနေနှင့် ဥပဒေနှင့် အညီ လွတ်လပ်စွာ စီရင်
ဆုံးဖြတ်ခြင်းမျိုး သိသိသာသာ မြင်တွေ့ရခြင်း မရှိသော်လည်း နိုင်ငံတော်၏
အမြင့်ဆုံး တရားရုံးဟု တစ်နည်းအားဖြင့် သတ်မှတ်နိုင်သည့် ဖွဲ့စည်းပုံ
အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး အနေနှင့်မူ သမိုင်းဝင်သည့် ဆုံးဖြတ်ချက်
တစ်ရပ် ချမှတ် နိုင်ခဲ့ပါသည်။
ယင်းမှာ ပြည်နယ်နှင့်
တိုင်းဒေသကြီးများ ရှိ တိုင်းရင်းသား ရေးရာ ၀န်ကြီးများကို
ရှေ့နေချုပ်ရုံး၏ လေ့လာ သုံးသပ်ချက်အရ သက်ဆိုင်ရာ ပြည်နယ်နှင့်
တိုင်းဒေသကြီး အစိုးရ အဖွဲ့က ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးအဆင့်အဖြစ်
မသတ်မှတ်ခြင်း ကိစ္စအပေါ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးက အခြေခံ
ဥပဒေ အကိုးအကားဖြင့် ယင်းတိုင်းရင်းသားရေးရာ ၀န်ကြီးများကို ပြည်နယ်နှင့်
တိုင်းဒေသကြီး ၀န်ကြီး အဆင့်အဖြစ် သတ်မှတ်ကာ ပြည်နယ်နှင့် တိုင်းဒေသကြီး
ဝန်ကြီးအဆင့် အဆောင်အယောင်နှင့် ခံစားခွင့်များ ပြုရမည်ဖြစ်ကြောင်း
ဆုံးဖြတ် ပေးခဲ့ပါသည်။
ဖော်ပြပါ အပြောင်းအလဲ၊ ဆုံးဖြတ်ချက်များသည်
နိုင်ငံတော်၏ အချုပ်အခြာ အာဏာ သုံးရပ်၏ နိုင်ငံတော်နှင့် နိုင်ငံသားများ
အကျိုး တစ်နည်းအားဖြင့် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေးအတွက် ထောက်ကူ
ပံ့ပိုးပေးသော သမိုင်းဝင် အကျိုးဆောင်မှု များဖြစ်ပါသည်။
ဒီမိုကရေစီ အသွင်ပြောင်း ကာလတွင် အာဏာသုံးရပ် အကြား အပြန်အလှန်
ထိန်းညှိကြသည့်အခါ လူသားများ ဖြစ်ကြသည့်အတွက် တစ်ခါတစ်ရံ အချေအတင်
ဖြစ်မှုများ၊ နားလည်မှု လွဲမှားခြင်းများ၊ တင်းမာမှုနှင့် ပွတ်တိုက်မှုများ
ရှိတတ်ပါသည်။ ကမ္ဘာပေါ်ရှိ အာဏာရှင် စနစ်မှ ဒီမိုကရေစီ စနစ်သို့
ကူးပြောင်းသော နိုင်ငံများ အားလုံး အဆိုပါအခြေအနေ များနှင့် အနည်းနှင့်
အများဆိုသလို ကြုံခဲ့ရသည်ချည်းဖြစ်ပါသည်။ ဤနေရာတွင် ဖွဲ့စည်းပုံ အခြေခံ
ဥပဒေအရ အပြန်အလှန် ထိန်းညှိကြသည့်အခါ အာဏာတစ်ခုနှင့် တစ်ခုအကြား နားလည်မှု
မလွဲစေရေး၊ ခံစားချက်နှင့် ပုဂ္ဂိုလ်ရေးများ မရောယှက် မိစေရေးမှာ
အထူးအရေးကြီးလှပါသည်။
ထို့အတူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ်
အဓိပ္ပာယ် ကောက်ယူမှု၊ ကောက်ချက်ချ ပုံဖော် ဆုံးဖြတ်မှုတို့သည် သက်ဆိုင်ရာ
အာဏာ တစ်ခုချင်း စီအလိုက် တစ်ခါတစ်ရံ ကွဲလွဲမှု ရှိတတ်ပါသည်။
ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း အာဏာသုံးရပ် အကြား နားလည်မှု လွဲစရာ
အရေးကိစ္စကြီး တစ်ရပ် ပေါ်ပေါက်ခဲ့ ပါသည်။ ယင်းမှာ နိုင်ငံတော်သမ္မတ ကိုယ်စား
ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ တင်ပြ လျှောက်ထားချက် အရ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေ ဆိုင်ရာခုံရုံးသည် လွှတ်တော်များက ဖွဲ့စည်းသည့် ရေးရာ ကော်မတီများကို
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကိုးအကား ပြုကာ ပြည်ထောင်စု အဆင့်မဟုတ်ဟု
ဆုံးဖြတ်ခဲ့ပါသည်။
ထိုဆုံးဖြတ်ချက်ကို မူတည်ကာ ပြည်ထောင်စု
လွှတ်တော်ကခုံရုံး၏ အဆုံးအဖြတ်ကို ပြန်ရုပ်သိမ်း ပေးရန်၊
ခုံရုံးအဖွဲ့ဝင်များ မိမိ သဘောဆန္ဒ အလျောက် နုတ်ထွက် ပေးရန်သမ္မတထံ သ၀ဏ်လွှာ
ပေးပို့ခြင်း၊ ခုံရုံး အဖွဲ့ဝင်များအား စွပ်စွဲ ပြစ်တင်ရန် စီစဉ်ခြင်း၊
ခုံရုံးအဖွဲ့က အခြေခံဥပဒေ အတိုင်းသာ စီရင် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း
သတင်းစာရှင်းလင်း ပွဲပြုလုပ်ခြင်း၊ နိုင်ငံတော် သမ္မတက စွပ်စွဲ
ပြစ်တင်ခြင်းအစား အခြေခံဥပဒေပါ ထိုအချက်နှင့် ဆိုင်သော ဥပဒေပုဒ်မကို
ပြင်ဆင်ခြင်းကိုသာ ရွေးချယ်ရန် လွှတ်တော်ထံ မေတ္တာရပ်ခံ
အကြောင်းပြန်စာပေးပို့ခြင်းတို့ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်ခဲ့ပါသည်။
နောက်ဆုံးရရှိသော သတင်းများအရ အခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်
မှားယွင်းကြောင်း ကြေညာရန် အဆိုကို ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းရာ
လွှတ်တော်အမတ် ၆၂၂ ဦးရှိသည့်အနက် ထောက်ခံမဲ ၄၅၂မဲဖြင့် လက်ခံ ဆွေးနွေးရန်
ဆုံးဖြတ်ချက် ချခဲ့ကြောင်း သိရပါသည်။
ဖော်ပြပါ အခြေအနေများသည်
အခေါ်အဝေါ်၊ အဆင့် သတ်မှတ်ချက် တစ်ခုကို အကြောင်းပြုကာ ဥပဒေ ပြုလွှတ်တော်၊
အုပ်ချုပ်ရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးတို့အကြား
အခြေခံဥပဒေနှင့် လွှတ်တော် ဥပဒေများ အပေါ် အခြေခံ၍ အဓိပ္ပာယ် ကောက်ယူမှု
ကွဲလွဲနေကြခြင်း တစ်နည်းအားဖြင့် အချေအတင် ဖြစ်နေကြခြင်းဖြစ်ပါသည်။
ဤနေရာတွင် များစွာ သတိထားရမည့် အချက်မှာ သာမန်အားဖြင့် အဓိပ္ပာယ် ကောက်ယူမှု
ကွဲလွဲမှု တစ်ခုထက် ခံစားချက်ပါသော ပုဂ္ဂိုလ်ရေးစိတ်၊ အဖွဲ့အစည်း အသင်းအပင်း
စိတ် ရောယှက် မသွားမိစေရေး ဖြစ်ပါသည်။
နိုင်ငံတော်၏ အရေးအကြီးဆုံး
မဏ္ဍိုင်ကြီးများ အနေနှင့် လက်ရှိ ရင်ဆိုင်နေရသော အကျပ်အတည်းကို
နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုး အလို့ငှာ နိုင်ငံတော်နှင့်
ပြည်သူများ အကျိုးအတွက် ကျန်ခဲ့သည့် ကာလအတွင်း မဏ္ဍိုင် အသီးသီး၏ သမိုင်းဝင်
ဆောင်ရွက် ဆုံးဖြတ်ချက်များကို ထောက်ချင့်ကာ သူမနိုင်၊ ငါမရှုံး၊ သူနိုင်၊
ငါနိုင် သားရွှေအိုး ထမ်းလာသည့် ဖြေရှင်းနည်းဖြင့် အကောင်းဆုံး ဖြေရှင်းကြ
ပါမည့် အကြောင်း အလေးအနက် တိုက်တွန်း အပ်ပါသည်။
No comments:
Post a Comment