သည်လိုအချိန်မျိုးရောက်သည်နှင့် ကျောင်းဝင်းများအတွင်း သစ်ရွက်ခြောက်များ ကြွေကျနေလေ့ရှိသည် (ဓာတ်ပုံ-ညီညီဇော်)
သည်နှစ်မန္တလေးဆောင်းတွင်းကတော့ ဆောင်းတာရှည်လွန်းအား ကြီးသည်ဟုပင်ထင်မိသည်။ ဇန်နဝါရီလလယ် ရောက်နေတာတောင် ချမ်းလို့အေးလို့ အားမရသေး။ အချို့နေရာမှာ သစ်ရွက်ခြောက်တွေကြွေစပြုပြီ။ သစ်ပင်တွေလည်း အရိုးပြိုင်းပြိုင်း၊ ခါးကိုင်းကိုင်းဖြစ်စပြုပြီ။ နွေရဲ့အကြို လက်ပံတွေတောင်ဖူးချင်ချင်ဖြစ်နေသည့်အချိန်မှာ ဆောင်းကထွက်ဖို့တောင် တာမစူသေး။ အခုထိကို ခိုက်ခိုက်တုန်အောင် ချမ်းအေးနေဆဲ။
ဆောင်းမကျွတ်တကျွတ်အချိန် ဖေဖော်ဝါရီလဆန်းရက်များမှာဆို အခြေခံပညာကျောင်းတွေမှာအတန်းတင်စာမေးပွဲကြီး ကျင်းပနေကျဖြစ်သည်။ ခပ်ငယ်ငယ် အခြေခံပညာကျောင်းသားဘဝကတော့ယခုလို ဆောင်းအကုန် နွေအကူးကာလသည် အမျိုးအမည်မသိသော ဝေဒနာတစ်ခု ခပ်ပြင်းပြင်းလေးခံစားရသည့် အချိန်အခါမျိုးဖြစ်သည်။ ဟိုမရောက် သည်မရောက် စကောစကအရွယ် ရှစ်တန်း ကျောင်းသားအရွယ်ကဆို သာ၍ဆိုးလေသည်။
ဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်းလောက်ဆိုလျှင် ကျောင်းသင်ခန်းစာတွေက သင်ရိုးကုန် သလောက်ဖြစ်နေပြီ။ သည်အချိန်မှာ မကြာခင်ရောက်လာတော့မည့် စာမေးပွဲကြီးအတွက် အရေး ကြီးမည်ထင်သည့်စာတွေ ပြန်သင်ကြသည့်အချိန်။ သို့သော် ကျွန်တော်တို့တွေ စာကို စိတ်မဝင်စားတော့။ သင်ပြီးထားတဲ့စာတွေလည်း ဖြစ်ပြန်၊ နောက်ပြီး ရာသီဥတုကလည်း ဆောင်း အကုန်နွေအကူး ခပ်ရူးရူးကာလ လည်းဖြစ်ပြန်ဆိုတော့ ဘာကို လွမ်းလို့ လွမ်းရမည်မသိ။
လွမ်းလည်းလွမ်းချင်စရာ။ အရပ်ရှစ်မျက်နှာကြည့်လေရာ သစ်ပင်တွေမှာ ရွက်ဟောင်းတွေကြွေကျပြီ။ တစ်ခါတစ်ရံ နွေကြိုဥသြကလည်း ထထတွန်တတ်သေးသည်။ ဒီလိုအချိန်မျိုးမှာ စိတ်တွေကလည်း လေမှာဝဲသည့် သစ်ရွက်ခြောက်တွေလို တိုက်လာသည့် လေတွေထဲ ဝေ့ကာဝဲကာ ပါပါသွားတတ်သည်။ စာသင်နေသည့် ဆရာ၊ ဆရာမကိုကျော်လွန်ကာ ဖွင့်ထားသည့်ပြတင်းပေါက်မှတစ်ဆင့်သစ်ရွက်တွေကြွေကျလာသည်ကို လှမ်းငေးချင်ငေးနေတတ်သည်။
ကျောင်းဝင်းထဲရှိ တမာတို့၊ ကုက္ကိုပင်တို့မှ ဝေ့ကာဝဲကာ မြေ ပေါ်သို့ကျလာသည့် ဝါကြန့်ကြန့်ရွက်ခြောက်လေးတွေကြား ကျောင်းစိမ်းပုဆိုး တရွတ်တိုက် ကာ သွားချင်သွားနေတတ်သည်။ အငယ်တန်း ကျောင်းသားလေး တွေကတော့ လေပေါ်မှာ ဝဲကျ လာနေသည့် သစ်ရွက်ခြောက် ကလေးတွေကို လိုက်ဖမ်းတတ် ကြသည်။ ထိုသစ်ရွက်ခြောက် ကလေးတွေကို မြေပေါ်မကျဘဲ ဖမ်းပြီး စာအုပ်ထဲမှာ ညှပ်ထား လျှင် စာမေးပွဲအောင်သည်ဆိုကာ အပြေးအလွှား လိုက်ဖမ်းလေ့ရှိ ကြသည်။
အချို့ကျောင်းသား၊ ကျောင်း သူတွေကတော့ လက်တစ်ဝါး လောက်အရွယ် စာအုပ်တိုလေး တွေ ကိုယ်စီဖြင့် ချစ်ခင်ရသည့် သူငယ်ချင်းတွေကို အမှတ်တရ စာလေးတွေ ရေးသားပေးဖို့ တောင်းဆိုကြသည်။ မင်းသား၊ မင်းသမီးတွေ အော်တိုရေးပေး သည့်ပုံစံမျိုးလေးဖြစ်သည်။ ထို စာအုပ်လေးထဲမှာ လက်ရေးကို အလှဆုံးရေးပြီး သူငယ်ချင်း အတွက် ကိုယ်ဖတ်ထား သိထား သည့် ဒဿနလေးတွေ၊ သူငယ် ချင်းအတွက် အားပေးစကားတွေ၊ ဘဝမှာအောင်မြင်ဖို့ ဆုတောင်း စကားလေးတွေ ရေးသားပေး တတ်ကြသည်။ ကျောင်းက ဆရာ၊ဆရာမများနှင့် သူငယ်ချင်းများ ကို ထာဝရသတိရနေမည့်အကြောင်း အလွမ်းစကားလေးတွေ ဝေမျှတတ်ကြသည်။
တကယ်တော့ ကျောင်းဆို သည်က ကျွန်တော်တို့ရဲ့ ဒုတိယ အိမ်ပင် မဟုတ်ပါလား။ မနက်မိုး လင်း မျက်စိဖွင့်ကတည်းက တွေ့နေမြင်နေရသည့် ဆရာ၊ ဆရာမများနှင့် သူငယ်ချင်းများကို ရက်ရှည်ခေတ္တ ခွဲခွာရဦးမည်မို့ လွမ်းမည်ဆိုလည်း လွမ်းလောက်ပါ လေသည်။
ကျွန်တော်တို့ ရှစ်တန်းစာ မေးပွဲဖြေခါနီးတုန်းကတော့ ကျောင်းပိတ်ပြီး ပြန်ဖွင့်လျှင် အထက်တန်းကျောင်းကြီးဆီ ပြောင်းရွှေ့ရတော့မည်ဆိုသည့် စိတ်က ဖိစီးနှိပ်စက်နေသည်။ လေးနှစ်တာ တက်ရောက်ခဲ့သည့် အလယ်တန်းကျောင်းကလေးမှာ ဆက်တက်ခွင့်မရတော့ဘူးဆို သည့်အသိက ဝမ်းနည်းစေခဲ့ သည်။ အပြောင်းအလဲများနှင့် အသားမကျသေးသည့် မရင့် ကျက်သော အရွယ်တွေမို့ အထက်တန်းကျောင်းကြီးတွင် ဒီကျောင်း လောက် ပျော်ပါ့မလားဟု ကြိုတွေးစိတ်ပူကြသည်။ကလေးအတွေး ဖြင့် ကျောင်းမှာ မြေကွက်အပိုတွေ အများကြီးရှိ နေတာပဲ။ ကိုးတန်း ဆယ်တန်း အဆောင်တွေ ထပ်ဆောက်လိုက်ပြီးရောဟု တွေး တတ်ကြသည်။
စာမေးပွဲကြီးဖြေပြီးလျှင် ကျောင်းသုံးလ ပိတ်တော့မည်ဖြစ် ၍ ထိုနွေကျောင်း ပိတ်ရက် ကာလအတွင်း ဘယ်လိုဖြတ်သန်းကြ မည်ဆိုတာတွေလည်း ပြောဖြစ် ကြသည်။ ငွေရေး ကြေးရေး တတ်နိုင်သည့် မိသားစုမှကျောင်းသား တွေကတော့ ကျောင်းပိတ်ရက် အတွင်း ရေကူးသင်တန်းတို့၊ အင်္ဂလိပ်စာသင်တန်းတို့ တက်မည့်အကြောင်း သူငယ်ချင်းတွေ ကို ကြွားလုံးထုတ်ကြသည်။ အချို့ကတော့ ဘဝအတွက်အရေးကြီး လာတော့မည့် အထက်တန်းစာ တွေကို ကြိုတင်သင်ယူကြဖို့ ပြင် သည်။
အချို့ အခြေခံလူတန်းစား လက်လုပ်လက်စား သားသမီး တွေကတော့ နွေရာသီကျောင်း ပိတ်ရက်အတွင်းမှာ မိဘလုပ်ငန်း ကူဖို့ လုံးပန်းကြရသည်။ နွမ်းပါး လွန်းသည့် သူငယ်ချင်းအချို့က တော့ နွေကျောင်းပိတ်ရက်များ အတွင်း မိဘတွေ တတ်နိုင်သ လောက် အမောကလေးပြေစေဖို့ ရေခဲချောင်း ပြေးရောင်းသူက ရောင်းရသည်။ စက်ရုံ၊ အလုပ်ရုံတွေမှာ ဝင်လုပ်သူကလုပ်ကြ သည်။ ကျောင်းသင်ခန်းစာ ခေတ္တနားချိန် ဘဝသင်ခန်းစာတွေ ရွှေ့ပြောင်းသင်ယူရသည့် အချိန် ဖြစ်သည်။
အခုတော့ အခြေခံပညာ ကျောင်းသားဘဝတွေ ကျော်လွန် ကာ ဘဝတက္ကသိုလ်ကြီးတွင် နေ့စဉ်နှင့်အမျှ သင်ခန်းစာပေါင်း မြောက်မြားစွာ သင်ယူနေရပါပြီ။ ကြည်နူးလွမ်းဆွတ်ဖွယ် ကောင်း လှသည့် ဆောင်းအကုန် နွေအကူးကာလတွေကလည်း တစ်နှစ် လည်လို့ ရောက်လာပြန်လေပြီ။ သို့သော် ငယ်ရွယ်စဉ် အခြေခံ ပညာကျောင်းသား ဘဝတွေတုန်း ကလိုတော့ ရွက်ခြောက်တွေကြား ခံစားမှုအပြည့်ဖြင့် စိမ်ပြေနပြေ လမ်းလျှောက်နေချိန် မရတော့။ ခေတ်ကြီးက ဒုန်းစိုင်းပြေးနေ သည်မို့ တစ်ယောက်တည်း ပြတ် မကျန်ခဲ့ဖို့ မနည်းပြေးလိုက်နေ သည့်အချိန်။ နေ့စဉ်နှင့်အမျှ ရောက်ရောက်လာတတ်သည့် ဘဝစာမေးပွဲတွေကို အောင်မြင် အောင် ကိုယ်စီကိုယ်စီ ကြံ့ကြံ့ခံ ရုန်းကန်နေကြရသည်မို့ သစ်ရွက် ကြွေတာကိုလည်း ထိုင်ကြည့် မနေနိုင်အား၊ ဥသြတွန်သံကိုလည်း တခုတ်တရ နားမစွင့်နေနိုင်တော့ပါ။ ပြန်လည်ရနိုင်ဖို့ မဖြစ်နိုင်တော့သည့် အပူအပင်သောကမရှိဖြတ်သန်းခဲ့ရသည့် နွေကြိုရက် တွေက ဟိုခပ်ဝေးဝေးမှာ ကျန်ရစ် ခဲ့လေပြီ မဟုတ်ပါလား။
7Day Daily
No comments:
Post a Comment