Sunday 27 December 2015

ဘူဆန် အနုပညာ ယဉ်ကျေးမှုအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr.Song Young – Myung နှင့် တွေ့ဆုံမေးမြန်းခြင်း

ယခု ၂၀၁၅ ခုနှစ်သည် ကိုရီးယား- မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၄၀ ပြည့် နှစ်တစ်နှစ် ဖြစ်ပါသည်။ ယခုနှစ်ပိုင်းအတွင်း အနုပညာနှင့် ပတ်သက်သည့် ကိုရီးယား- မြန်မာ ချစ်ကြည်ရေးပန်းချီပြပွဲများ ကျင်းပနိုင်ခဲ့ပြီး ပြီးခဲ့သည့်ဒီဇင်ဘာ ၇ ရက်တွင် ကိုရီးယား- မြန်မာ နှစ်နိုင်ငံ ပန်းချီအနုပညာ လှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပန်းချီမင်းဝေအောင်၏ New Treasure Gallery နှင့် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ အနုပညာ ယဉ်ကျေးမှုအဖွဲ့ချုပ်တို့ MoU ရေးထိုးခဲ့ကြသည်။ သဘောတူ စာချုပ်လက်မှတ် ရေးထိုးခြင်းနှင့် ပတ်သက်၍ ဆက်လက်ပြုလုပ်သွားမည့် အနုပညာ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ဘူဆန် အနုပညာယဉ်ကျေးမှုအဖွဲ့ချုပ် ဥက္ကဋ္ဌ Mr.Song Young – Myung နှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

မေး ။ ။ ပထမဆုံးအနေနဲ့ Art Busan အဖွဲ့အစည်း အကြောင်းနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။

ဖြေ ။ ။ Art Busan အဖွဲ့ (The Federation of Artistic & Cultural Organization of Busan) ကို ၁၉၆၃ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပါတယ်။ အဓိက,က တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာရှိတဲ့ အနုပညာသမားတွေ၊ အနုပညာလက်ရာတွေကို နိုင်ငံတကာ ပြန့်ပွားစေဖို့၊ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးပြီး အနုပညာလက်ရာတွေ ဖလှယ်နိုင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။ Art Busan အဖွဲ့ဟာ အနုပညာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပန်းချီ၊ ရိုးရာအက၊ ခေတ်ပေါ်အက၊ စာပေ၊ ဓာတ်ပုံ၊ ပြဇာတ်၊ ရုပ်ရှင်၊ ဂီတ၊ ပန်းအလှပြုပြင်မှု၊ ဗိသုကာပညာ၊ လက်ဖက်ရည် ယဉ်ကျေးမှု အစရှိတဲ့ကဏ္ဍ အသီးသီးမှာ အနုပညာပွဲတော်တွေ၊ လှုပ်ရှားမှုတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။

မေ ။ ။ အခုလို အနုပညာအလုပ်တွေ ပူးပေါင်းလုပ်ဆောင်ဖို့အတွက် မြန်မာနိုင်ငံက New Treasure Gallery နဲ့ MoU ရေးထိုးဖြစ်ပုံကို ပြောပြပေးပါ။

ဖြေ ။ ။ တောင်ကိုရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ ဒီနှစ်မှာ သံတမန်ဆက်ဆံရေး နှစ် ၄၀ပြည့်လည်း ဖြစ်တယ်။ ညီအစ်မ မြို့တော်တွေအဖြစ်လည်း ဒီ ၂၀၁၅ မှာ စာချုပ်ချုပ်ဆိုခဲ့တာရှိပါတယ်။ ဒါကြောင့် ညီအစ်မ မြို့တော်ဖြစ်တဲ့အလျောက် အနုပညာပိုင်း ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဖလှယ်မှုတွေ လုပ်လိုတဲ့အတွက် ဒီသဘောတူညီမှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တာပါ။ ပြီးတော့ ကျွန်တော်တို့အဖွဲ့ရဲ့ ပရောဂျက်အရ အရှေ့တောင်အာရှကို အဓိကထားပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို ရွေးချယ်ခဲ့တာပါ။

မေး ။ ။ ဒါဆို မြန်မာနိုင်ငံနဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက် ပထမဆုံးလုပ်ဆောင်မယ့် အနုပညာ လှုပ်ရှားမှုက ဘာဖြစ်ပါမလဲ။

ဖြေ ။ ။ ကျွန်တော်တို့ Art Busan အဖွဲ့မှာ အနုပညာနဲ့ပတ်သက်ပြီး ကဏ္ဍစုံရှိတဲ့အနက် လာမယ့် ၂၀၁၆ ခုနှစ် ဘူဆန်အနုပညာပွဲတော်မှာ ပန်းချီနဲ့ ဂီတကို အထူးပြု လုပ်သွားဖို့ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ပန်းချီနဲ့ ဂီတပညာရှင်တွေကို အနုပညာပွဲတော်မှာ ပါဝင်နိုင်ဖို့အတွက် ဖိတ်ခေါ်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့အနေနဲ့ New Treasure Gallery နဲ့ လက်မှတ်ရေးထိုးခဲ့တယ် ဆိုပေမယ့် ပန်းချီပိုင်းကို ပဲ သီးသန့်အနေနဲ့ လက်မှတ်ထိုးတာ မဟုတ်ပါဘူး။ တခြားအနုပညာကဏ္ဍ အသီးသီးနဲ့လည်း သက်ဆိုင်တာဖြစ်တဲ့အတွက် နှစ်စဉ်တိုင်းမှာ တခြားကဏ္ဍတွေကိုလည်း တိုးမြှင့်လုပ်ဆောင်သွားမှာတွေ ရှိပါတယ်။ အနုပညာနဲ့ပတ်သက်တဲ့ တခြားကဏ္ဍတွေကလည်း New Treasure Gallery ကတစ်ဆင့် ကျွန်တော်တို့နဲ့ ပူးပေါင်း လှုပ်ရှားနိုင်ဖို့ ဖိတ်ခေါ်ပါတယ်။

မေး ။ ။ အခုလို MoU ရေးထိုးမှုကတစ်ဆင့် နှစ်နိုင်ငံ အနုပညာလှုပ်ရှားမှုတွေမှာ ဘယ်လိုတိုးတက်မှုတွေကို မျှော်လင့်ထားပါလဲ။

ဖြေ ။ ။ ကျွန်တော်တို့ နှစ်စဉ်ပြုလုပ်နေတဲ့ အနုပညာပွဲတော်တွေမှာ MoU ရေးထိုးထားတဲ့ အနုပညာရှင်တွေကို ဖိတ်ခေါ်တယ်။ ပူးပေါင်းပြပွဲပြုလုပ်တယ်။ အပြန်အလှန် အနုပညာဖလှယ်တာတွေ လုပ်တဲ့အခါ ဘူဆန်မြို့တော်က ပြည်သူတွေဟာ အနုပညာကို ခံစားခွင့်ရစေပါတယ်။ တစ်ဖက်ကလည်း ပွဲတော်တစ်ခုတည်းမှာ ကိုယ့်အနုပညာကို တခြားနိုင်ငံအသီးသီးမှာ ပြသခွင့်ရမှာဖြစ်သလို အနုပညာဖလှယ်တဲ့ အနေနဲ့ အခြား အနုပညာရှင်တွေရဲ့ လက်ရာတွေကိုလည်း လေ့လာခွင့်ရတဲ့အတွက် နှစ်ဦးနှစ်ဖက် အနုပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ဖြစ်စေပါတယ်။

မေး ။ ။ လက်ရှိ Art Busan အဖွဲ့နဲ့ MoU ထိုးထားတာ ဘယ်နှနိုင်ငံ ရှိပါသလဲ။

ဖြေ ။ ။ လက်ရှိမှာ တရုတ်၊ ဂျပန်၊ အမေရိကန်(ချီကာဂို)၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နဲ့ ချုပ်ဆိုထားပါတယ်။
Eleven Media Group

No comments:

Post a Comment