အထီးကျန် ဆန်သူများသည် အများသူငါကဲ့သို့ လူ့အရိပ်အကဲကို နားလည်သော်လည်း အခြားသူများနှင့် စကားပြောဆိုရခြင်း ဆိုသည့် ဖိအားကို မခံနိုင်ဘဲ ပြိုလဲနေသူများ ဖြစ်ကြောင်း သုတေသန ပညာရှင်များက လေ့လာတွေ့ရှိခဲ့သည်။
အထီးကျန်ဝေဒနာ ခံစားနေရသူများတွင် လှုပ်ရှားလုပ်ဆောင်မှု ဆိုင်ရာ စိုးရိမ်စိတ် ရှိနေပြီး၊ ယင်းကြောင့် ၎င်းတို့သည် အခြားလူများနှင့် ရောနှော နေထိုင်မှု မရှိခြင်းဖြစ်ကြောင်း လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။ တကယ်တမ်းတွင် အထီးကျန် ဆန်သူများသည် လူ့အရိပ်အကဲကို အခြားသူများထက် ပိုမိုနားလည်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် အခြားလူများနှင့် ဆက်ဆံရာမှာ ဖြစ်ပေါ်လာသည့် ဖိအားကို မခံနိုင်ကြခြင်းသာ ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု ဖရန်ကလင်နှင့် မာရှယ်ကောလိပ်ရှိ ပညာရှင်များသည် ကျောင်းသား(၈၄) ဦးကို ရွေးချယ်ပြီး၊ ၎င်းတို့၏ လူမှုရေးဆိုင်ရာ ခံစားချက်အဆင့် မည်မျှရှိသည်ကို သိရှိရန် စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။ အလေ့လာခံ များအား ကွန်ပျူတာ ဖန်သားပြင်တွင် မျက်နှာ(၂၄)ခုကို ဖော်ပြပြီး ယင်းမျက်နှာများကပြသော ခံစားချက် အမူအရာများကို အမည်ပေးခိုင်းသည်။
ကိုယ့်ကိုယ်ကိုယ် အထီးကျန် ဆန်သည်ဟု ပြောဆိုခဲ့သူများသည် ဖိအားနှင့် ရင်ဆိုင်ရသည့်အခါတွင် အထီးကျန် မဆန်ဟု ကိုယ့်ကိုယ်ကိုယ် ပြောဆိုသူများလောက် စွမ်းဆောင်နိုင်ခြင်း မရှိကြောင်း လေ့လာတွေ့ရှိခဲ့သည်။
အထီးကျန်သူများသည် အထီးကျန် ဆန်မှုမှ လွတ်မြောက်ရန်အတွက် လူမှုရေး ကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေးများကို သင်ယူစရာ မလိုဘဲ လူလူချင်းဆက်ဆံရေးရှိ ထိတွေ့ ဆက်ဆံမှုဆိုင်ရာ စိုးရိမ်စိတ်ကိုသာ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းသင့်ကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။ ယခုလေ့လာမှုအား Personality and Social Psychology Bulletin တွင် ဖော်ပြထားသည်။
Source:BBC
No comments:
Post a Comment