အလှူရှင် လှူဒါန်းမှုပြုခဲ့ပြီးသမျှ အလှူပစ္စည်းကိုအကြောင်းပြုလို့ ဆွမ်းဒကာ၊ ကျောင်းဒကာ၊ ဇရပ်ဒကာ၊ သိမ်ဒကာ၊ ဘုရားဒကာ အဲဒီလို အမွှမ်းတင်ခေါ်ဝေါ်ကြတာ။ ဘာမှ လက်တွေ့မလှူရသေးပဲ လေလုံးထွား အကြွားပိုလေနဲ့ လှူတဲ့သူတွေကို ငေါ့ချင်တဲ့အခါ ဆောက်ဖြစ်ရင်တော့ ကျောင်းဒကာပေါ့ဆိုပြီး ယဉ်ယဉ်ကျေးကျေးနှိပ်ကွပ်တဲ့စကား။
အဲဒီကမှတစ်ဆင့် အသုံးတွင်ကျယ်လာပြီး ပါးစပ်ကတော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်နဲ့ ကြွား၊ တကယ့်လက်တွေ့တော့ ဘာမှမဟုတ် လေထဲမှာပြောတဲ့ စကား၊ လေထဲမှာပဲ လွင့်ပျောက်သွားတတ်တဲ့ လူမျိုးကိုလည်း ဆောက်ဖြစ်မှ ကျောင်းဒကာ၊ ဘာမှမစရသေးဘဲနဲ့ ဘာကျောင်းမှ ပန္နက်မရိုက်ရသေးရင် ဘာမှလာမပြောနဲ့၊ ဖြစ်မှယုံမယ်ဆိုတဲ့ သဘောပေါ့။
အခုလည်း ဒီနေ့ထုတ် ပုဂ္ဂလိကနေ့စဉ်သတင်းစာတွေထဲမှာ ကိုယ့်မွေးရပ်မြေနဲ့ ဆက်စပ်နေတဲ့ သတင်းလေးဖတ်လိုက်ရလို့ ကျောင်းဒကာကို တွေးမိသွားတာ။ ဆောက်ဖြစ်ပါစေဆုတောင်းပါတယ်။ ‘‘ဒလတံတား’’မြန်မာကိုရီးယားချစ်ကြည်ရေး အထိမ်းအမှတ်အနေနဲ့ ကိုရီးယား EDCF က ငွေထုတ်ချေးပြီး ဆောက်မယ့်တံတား။ ရန်ကုန်-ဒလ မြစ်ကူးတံတား။
၂၀၁၅ မှာ စဆောက် ၂၀၂၀ မှာ အပြီး။ ငါးနှစ်စီမံကိန်း။ တံတားအရှည် ၆,၁၄၄ ပေ၊ ကုန်ကျငွေ စုစုပေါင်းကျပ် ၁၆၈ ဒသမ ၁၇၄ သန်း။ ကိုရီးယားက ၁၃၇ ဒသမ ၈၃၃ ကျပ်သန်းကို ထုတ်ချေးမယ်။ ကျန်တာ ကိုယ့်ဘာသာစိုက်။ ရန်ကုန်ဘက်ခြမ်း ဘုန်းကြီးလမ်းနဲ့ ဒလဘက်ခြမ်း ဗိုလ်မင်းရောင်လမ်း။
ဒီတံတားစီမံကိန်းနဲ့ ပတ်သက်လို့ ဖတ်ဖူးတာ၊ ပျော်ရွှင်ခဲ့ဖူးတာ၊ စိတ်ကူးယဉ်ခဲ့ရဖူးတာ ဒါ ပထမဆုံးအကြိမ်မှ မဟုတ်ဘဲ။ လွန်ခဲ့တဲ့ ၂ နှစ် ၂၀၁၃ ဇွန်လဆန်းကတည်းကတစ်ကြိမ် မြေဆီလွှာစမ်းသပ်တဲ့ အဆင့်မှာတင် ရပ်သွားတာလက်တွေ့။ အဲဒီမတိုင်ခင်ကလည်း တံတားဆောက်မယ်၊ ဆောက်လိမ့်မယ်၊ ဆောက်တော့မယ်ဆိုတဲ့ ကောလာဟလလိုလို၊ အတည်လိုလို သတင်းတွေ လေထဲကလာ လေထဲမှာတင်လွင့်ပြယ်ပြီး ယုံမိတဲ့ ဒေသခံတွေ အရူးလုပ်ခံထားရတာ ဘယ်မေ့ပါမလဲ။
အခုလည်း လွှတ်တော်ကြီးက ကန့်ကွက်သူမရှိ သဘောတူလိုက်ပြီတဲ့။ မေးကြည့်ချင်ပါတယ်။ လွှတ်တော်ကြီးက သဘောတူလိုက်ရင် ဘယ်ကိစ္စမဆို အောင်မြင်ပြီလို့ ပြောနိုင်ပါသလား။ ရိုးသားစွာဝန်ခံရရင် လွှတ်တော်ဆိုတာ ကျွန်မတို့လို ၄၀ ကျော်အရွယ်တွေက အခုမှ မြင်ဖူးတာ။ ‘‘ဒီအဆောက်အအုံကြီးဟာ ဟိုးရှေးရှေးက လွှတ်တော်ကြီးပေါ့ကွယ်’’လို့တောင် ပုံပြင်ထဲထည့်ပြောလို့ရတဲ့ ရွေးကောက်ခံအမတ်တွေမရှိတဲ့ ရွှေတိဂုံစေတီအနောက်ဘက်မုခ်နဲ့ တည့်တည့်က လွှတ်တော်ကြီးကိုတော့ မြင်ဖူးတာပေါ့နော်။ ခေါင်းပေါင်းနဲ့အမတ်တွေ သူတို့ကြိုက်တဲ့အဆို သူတို့တင်၊ သူတို့မလိုချင်တာကျ ကန့်ကွက်။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒထည့်မစဉ်းစားတဲ့ လွှတ်တော်ကျင်းပတာကိုတော့ အခုမှ အရှင်လတ်လတ်မြင်ဖူးတာပါ။
အပြစ်ပြောတာ မဟုတ်ပါဘူး။ ပြည်သူ့ဆန္ဒကို လျစ်လျူရှုတဲ့နေရာမှာ နေပြည်တော်က လွှတ်တော်ကြီးကို ထူးချွန်ဆုပေးသင့်တယ်။ ပြည်သူတွေက လမ်းပေါ်ထွက် ဆန္ဒပြရင် ထောင်ချောက်ဆင်ထားတဲ့ ပုဒ်မ ၁၈ နဲ့ တွေ့မှာစိုးလို့ လက်မှတ်ထိုးပြီး ဆန္ဒထုတ်ဖော်တယ်။ နှုတ်တစ်ရာ စာတစ်လုံး ပါးစပ်ကပြောနေရင် ပြောပြီးပြီးရောဖြစ်မှာစိုးလို့ စာနဲ့ရေးထားတဲ့အပေါ်မှာ လက်မှတ်ထိုးတယ်။ ဆန္ဒပြုတယ်။ မတရားလွန်းတဲ့ ၂၀၀၈ အခြေခံဥပဒေကြီး ပြင်ပေးပါ။ ပုဒ်မ ၄၃၆ ပြင်ပေးပါ။ လက်မှတ်အစစ်ငါးသန်း။
လွှတ်တော်ကြီးက ဘယ်လိုတုံ့ပြန်လိုက်သလဲ အားလုံးအသိ။ ကိုယ်စားပြုမဲဆန္ဒနယ်မရှိ။ ပြည်သူဆန္ဒပြုတဲ့ မဲတစ်ပြားမှယူစရာမလိုဘဲ လွှတ်တော်ထဲရောက်လာတဲ့ ဦးထုပ်ဆောင်းအမတ်တွေက ကက်ကက်လန်ကန့်ကွက်တာနဲ့ ပြည်သူ့ဆန္ဒတွေ ပဲခူးရိုးမထဲလွင့်ထွက်သွားတယ်။ လွှတ်တော်အမတ်တစ်ယောက်ကို အမေရိကန်နိုင်ငံက Black List ထုတ်တော့ တညီတညာတည်းဝိုင်းပြီး ဆန္ဒတွေဆင်တူပြုလိုက်ကြတာ တောကျီးကန်းတွေဝိုင်းအာတဲ့အတိုင်း။ အဲဒါလား ပြည်သူ့အတွက် လွှတ်တော်။
ဝေသာလီပြည် ဘီလူးကျသလို တစ်တိုင်းပြည်လုံးရဲ့ အဆီ၊ အသား၊ ရိုးတွင်းခြင်ဆီတောင် မကျန်ရအောင် အကောင်ကြီးကြီးတွေ တက်ညီလက်ညီစားကြတာ မြန်မာအသိ၊ အာဆီယံအသိ၊ ကမ္ဘာကအသိ၊ ဟုတ်ပြီ စားပြီးသောက်ပြီးပြီမို့ ပြီးတာတွေလည်း ပြီးစေတော့၊ အခုချိန်ကစပြီး ဣနြေ္ဒနဲ့နေကြတော့၊ ပိုင်ဆိုင်မှုစာရင်းကို ကြေညာထား။ ဒါမှ ဒီမိုကရေစီစံနှုန်းနဲ့ ညီပေမပေါ့ဆိုတော့ရော ဖျပ်ဖျပ်လူးကန့်ကွက်ကြတာ သူတို့ပဲမဟုတ်လား။ ဘယ်မလဲ သန်း ၅၀ကို ကိုယ်စားပြုတဲ့လွှတ်တော်။
လွှတ်တော်ကြီးက အတည်ပြုထားတဲ့ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကိုတောင် ပမာမခန့်လုပ်သူကလုပ်၊ မခန့်လေးစားသဘောထားသူကထားနဲ့ ပလုံနေတာ ရန်ကုန်မြို့လယ်ကောင်မှာ မိုးရွာရင် မြင်ရတဲ့ရေသန့်ဘူးတွေ ရေထဲမျောနေသလိုပဲ။ အဲဒီတော့ လွှတ်တော်ကြီးက အတည်ပြုလိုက်ပြီဟေ့လို့ ပျော်ရွှင်စွာ ထမခုန်ရဲပါဘူး။
အမေရိကန်ဂိုးပေါက်ထဲကို ရန်နိုင်ဦး ကန်သွင်းလိုက်တဲ့ ယူ-၂၀ ကမ္ဘာ့ဖလားရဲ့အဖွင့်ဂိုးလို မျက်စိနဲ့ တပ်အပ်မြင်ရတော့မှပဲ ဟေးခနဲ ထအော်တော့မယ်။
တကယ်ဆိုရင် ပန်းဆိုးတန်းဆိပ်ခံတံတားကနေ ဇက်နဲ့ကူး၊ ဒလမြို့ကနေ ကားနဲ့ဆက်သွား၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းဆိုတဲ့မြို့တွေဟာ တကယ့်ကို မြို့မဆန်တဲ့မြို့တွေပါ။ ဒလကနေ တစ်နာရီလောက်မောင်းရင်ရောက်တဲ့ ကွမ်းခြံကုန်းအထိတောင် ၃၆ မိုင် ၄ ဖာလုံပဲဝေးတာပါ။ ရန်ကုန်တိုင်းအတွင်းမှာရှိနေပေမယ့် ရန်ကုန်မြစ်ကြီးခြားထားတဲ့အတွက် အရာရာဖွံ့ဖြိုးမှု နောက်ကျနေတာအားလုံးအသိ။
အခုမှ လှိုင်သာယာဘက်ကနေ လမ်းဖောက်ထားတယ်ဆိုလို့ အရေးအကြောင်းဆို ကားနဲ့တိုက်ရိုက် ရန်ကုန်လာလို့ရနေတာ။ အဲဒီလမ်းကလည်း ခုတ်ရာတခြားရှရာတလွဲ။ ရန်ကုန်ကနေ မြစ်ကို သင်္ဘောနဲ့ကူး ဒလကားဂိတ်ကနေ အခု လမ်းဆုံလို့ခေါ်တဲ့ ဘုရားငုတ်တိုရွာအထိ ၁၁ မိုင်ပဲဝေးတယ်။ တံတားမထိုးထားတဲ့အတွက် ရန်ကုန်မြို့လယ်ကနေ အခုရှိနေတဲ့ လမ်းသစ်အတိုင်း လှိုင်သာယာဘက်က လှည့်သွားရင် ဘုရားငုတ်တိုရွာလမ်းဆုံအထိ မိုင်အစိတ် (၂၅ မိုင်) လောက်ရှိတယ်။ တွက်ကြည့်ပေါ့။ အခုလိုကားလမ်းကျပ်ပုံမျိုးနဲ့ အချိန်တွေကုန်၊ ကားထဲက ဆီတွေကုန်။ ဇက်နဲ့ကူးလိုက်တာမှ ပိုမြန်သေးတယ်။ အဲဒါကြောင့်လည်း ဟိုဘက်ကမ်းက ခရီးသွားတွေ ဇက်ကိုပဲအားကိုး မြစ်ကိုဖြတ်ကူးရတဲ့လမ်းဟောင်းကိုပဲ ဆက်သုံးနေကြဆဲပါ။
အန္တရာယ်ရှိနေတာကတော့ နေ့တိုင်းပေါ့။ အခုလို မိုးဦးကျ လေဦးကျဆို ပိုတောင်အန္တရာယ်များသေး။ စက်မှုအထွန်းကားဆုံး တောင်ကိုရီးယားလို တိုင်းပြည်မှာတောင် ကူးတို့သင်္ဘောမတော်တဆမှုမှာ လူတွေရာချီသေရသေးတာ။
ရန်ကုန်-ဒလ မြစ်ကူးတံတားဟာ မဖြစ်မနေဆောက်ပေးသင့်တဲ့ တံတားပါ။ နေ့စဉ်သောင်းနဲ့ချီ ကူးသန်းသွားလာနေရတဲ့ ပြည်သူတွေရဲ့အကျိုးကိုလိုလားရင် ဘယ်လိုအကြောင်းပြချက်နဲ့မှ ဖျက်မပစ်သင့်ပါဘူး။ ဒလဘက်ခြမ်း ဟိုဘက်ကမ်းက ကျွန်မတို့လို နယ်ခံတွေကတော့ ခဲမှန်ဖူးတဲ့ စာသူငယ်လို ရင်တထိတ်ထိတ်ပါ။ လွှတ်တော်ကြီး အတည်ပြုတဲ့ကိစ္စ အမြန်ဆုံးအကောင်အထည်ပေါ်ပါစေ။ ကျောင်းဒကာကြီးရေလို့ အားပါးတရခေါ်လိုက်ချင်ပြီမို့ ကျောင်းဆောက်ပါတော့လို့ တိုက်တွန်းလိုက်ရပါကြောင်း။ ။
ဂျေလှသင်
7 day
No comments:
Post a Comment