Monday 29 June 2015

ကျူးကျော်အိမ် တစ်လုံးကို လုံခြုံရေးစရိတ် ကျပ်သုံးသောင်း ကောက်ခံသည်မှာ မဟုတ်မှန်ဟုဆို

လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်မြစ်ဘေးရှိ မြေနုကျွန်းပေါ်မှ ကျူးကျော်နေသူများ၏ လုံခြုံရေးကို ဆောင်ရွက် ပေးသော ပြည်သူ့စေတနာ့ဝန်ထမ်း အသင်း (PVA) က ကျူးကျော်နေအိမ်များကို လုံခြုံရေးစရိတ် တစ်အိမ်လျှင် ကျပ်သုံးသောင်း ကောက်ခံနေသည် ဆိုသည်မှာ မဟုတ်မှန်ကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးသိမ်းဆန်းက The Voice သို့ ပြောကြားသည်။

“မြေကွက်ဦးထားပြီး လူမိုက်ရန်ကြောက်လို့ မနေရဲသူတွေက ကျွန်တော်တို့ လုံခြုံရေးဆောင်ရွက်ပေးမှ သူတို့ပြန်လာနေရဲတယ်၊ ရပ်ကွက်ထဲက လူဟောင်းတွေက ငွေတွေ အကုန်ခံပြီး လမ်းတွေပြင် တာဘောင်တွေဖို့ လုပ်ထားတာကြောင့် နောက်ပြောင်းလာသူတွေကို ရပ်ကွက်ပုံစံ ဖြစ်မှ ပြန်နေချင်ရင် တစ်အိမ် ငွေသုံးသောင်း ရန်ပုံငွေထည့်ရမယ် ဆိုပြီး သူတို့အစီအစဉ်နဲ့ သူတို့လုပ်ခဲ့တာပါ၊ ကျွန်တော်တို့အဖွဲ့နဲ့ မပတ်သက်ပါဘူး” ဟု ၎င်းက ရှင်းပြသည်။ 

ပန်းလှိုင်မြစ်ဘေးရှိ ငါးသုံးလုံး သဲကွင်းအနီး မြေနုကျွန်းပေါ်မှ ကျူးကျော်နေအိမ်များကို ဖယ်ရှားပေးရန် သက်ဆိုင်ရာက အမိန့်စာ ထုတ်ပြန်ခဲ့ပြီးနောက် လူတစ်စုက နေထိုင်သူများကို အုပ်စုဖွဲ့ အနိုင်ကျင့်မှု မကြာခဏ ဖြစ်ပေါ်နေကြောင်း၊ ယင်းအတွက်ကြောင့် PVA အဖွဲ့က မတ်လကုန်ပိုင်းခန့်က ယင်းနေရာသို့ ရောက်ရှိလာကာ ကျူးကျော်နေသူများ၏ လုံခြုံရေးကို ဆောင်ရွက်ပေးခဲ့ကြောင်း ကျူးကျော်နေထိုင်သူများထံမှ သိရှိရသည်။ 

“ရန်ကုန်မှာ ငွေသုံးသောင်းပေးပြီး အိုးပိုင်အိမ်ပိုင်ဖြစ်ဖို့ ဆိုတာ ဒီတစ်ခါပဲ အခွင့်အရေးရမှာ၊ ဒါကြောင့် ကျွန်မတို့လည်း လွတ်တဲ့မြေကွက်မှာ တဲအိမ်ဆောက်ပြီး ငွေသုံးသောင်း ပေးနေလိုက်တယ်၊ အိမ်ငှားနေလည်း တစ်လငါးသောင်းလောက် ပေးရပေမယ့် ဘယ်တော့မှ အိမ်ပိုင်ဖြစ်လာမှာ မဟုတ်ဘူးလေ” ဟု ယင်းမြေနုကျွန်းနေရာသို့ ရွှေ့ပြောင်းနေထိုင်လာသူ အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ယင်းအမျိုးသမီးသည် ထိုငွေကျပ်သုံးသောင်းကို ရွာရှိ ကမကထ ပြုလုပ်သည့် အဖွဲ့ထံ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ 

အဆိုပါ မြေနေရာတွင် ကျူးကျော်အိမ်ခြေ ငါးထောင်ခန့် ဆောက်လုပ်နေထိုင်လျက် ရှိပြီး ကျူးကျော်နေ ထိုင်သူ များက အေးချမ်းသာယာရပ်ကွက်ဟု အမည်ပေးကာ ရာအိမ်မှူး ဆယ်အိမ်မှူးများ ခန့်အပ်ထားပြီး ရပ်ကွက်လုံခြုံရေး အစီအစဉ်များ ဆောင်ရွက်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကာကွယ်ရေးစရိတ်ပြောပြီး ကျူးကျော်တွေဆီက တစ်အိမ်သုံးသောင်း ကောက်ခံနေတာနဲ့ ပတ်သက်လို့ PVA အဖွဲ့က တာဝန်ရှိသူတွေကို ရပ်ကွက်ထဲက ပါတီအဖွဲ့အစည်းတွေနဲ့ ရပ်မိရပ်ဖတွေက ဇွန်လ ၂၅ ရက်နေ့က ခေါ်မေးမြန်းခဲ့တယ်၊ မေးမြန်းတဲ့နေ့မှာပဲ သူတို့အဖွဲ့ မင်္ဂလာဒုံမှာ အခြေချနေတယ်လို့ သိရတယ်၊ ဘာအကြောင်းကြောင့် သူတို့အဖွဲ့ ပြောင်းရွှေ့သွားတယ် ဆိုတာတော့ အတိအကျ မသိသေးပါဘူး” ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးသန်းမြင့်ဦးက ပြောကြားသည်။

အဆိုပါ PVA အဖွဲ့မှာ မွန်ပြည်နယ် သထုံမြို့တွင် ရုံးချုပ်ဖွင့်လှစ်ထားပြီး ABSDF အဖွဲ့မှ တပ်ရင်းမှူး ဦးသိမ်းဆန်းက ဦးဆောင်ကာ ပြည်သူများ၏ အခက်အခဲ ပြဿနာနှင့် မတရားမှုများ ကြုံတွေ့နေရမှုကို လိုက်လံကူညီပေးနေသော်လည်း ယင်းလုပ်ဆောင်ချက်မှာ ABSDF အဖွဲ့နှင့် လုံးဝပတ်သက်မှု မရှိကြောင်း၊ လက်ရှိတွင် မင်္ဂလာဒုံမြို့နယ် ဆင်ဖုံကျေးရွာရှိ နေအိမ်များ အင်အားသုံး ဖယ်ရှားခံရပြီး အိမ်ခြေမဲ့ ဒုက္ခရောက်နေသူများ၏ လုံခြုံရေးအတွက် PVA အဖွဲ့က ဆောင်ရွက်ပေးနေကြောင်း PVA ခေါင်းဆောင် ဦးသိမ်းဆန်းက ပြောကြားသည်။

The Voice Weekly 

No comments:

Post a Comment