Monday 25 May 2015

ဖုန်းပြောခအခွန်နှင့်ပြည်သူ့အသံ

ဓာတ်ပုံ−ကျော်ဇင်သန်း 
အခွန်ဥပဒေသစ်အရ ဆက်သွယ်ရေးအော်ပရေတာ သုံးခုစလုံးထံမှ မိုဘိုင်းဆင်းမ်ကတ်နှင့် ငွေဖြည့်ကတ်ဝယ်ယူသူများ ဇွန် လ ၁ ရက်မှစ၍ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းပေးဆောင် ရမည်ဖြစ် ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါအခွန်ဥပဒေအရ မိုဘိုင်းဖုန်းသုံးစွဲသူများအနေဖြင့် ငွေဖြည့်ကတ်ဝယ်ယူဖြည့်တင်းလျှင် ငွေဖြည့်ကတ်တန်ဖိုး အပြည့်အ၀သုံးစွဲရမည်မဟုတ်ဘဲ ၅ ရာခိုင်နှုန်းကို အခွန်အဖြစ် အစိုးရသို့ ပေးဆောင်ရမည်ဖြစ်သည်။ ဖုန်းဘီလ်အပေါ် အခွန်ကောက်ခံမည့် အစိုးရ၏ အစီအစဉ်ကို ပြည်သူများကဝေဖန်ခဲ့ကြသဖြင့် ပြည်သူ့လွှတ်တော်တွင် တစ်နှစ်ကင်းလွတ်ခွင့်ပြုရန် အဆိုတင်သွင်းရသည်အထိဖြစ်ခဲ့၍ ဖုန်းဘီလ်အပေါ်အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ ပြည်သူများကြား ဖြစ်ပေါ်နေသည့် အသံများကို စုစည်းတင်ပြလိုက်ပါသည်။
ဦးမင်းဆွေလှိုင်
(မန်နေဂျင်းဒါရိုက်တာ -Global Technology Co.,Ltd)

ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းဆိုတာ ဥပဒေအရ ပေးရမှာပေါ့။ ဒါပေမဲ့ ဘယ်လိုနေရာတွေမှာ ပေးရမလဲ ဆိုတာ အစိုးရက ပြန်သုံးသပ် သင့်တယ်။ နိုင်ငံတကာမှာတော့ Post Paid မှာ အခွန်ကောက် တယ်။ Prepaid မှာ အခွန်မကောက်ဘူးလို့ နားလည်ထားတယ်။ ဒီမှာလည်း အဲဒီလို ခွဲပြီး အခွန် ကောက်သင့် တယ်လို့ ကျွန်တော်ယူဆတယ်။ စား သုံးသူနစ်နာတာမျိုး မဖြစ်သင့်ဘူး။ အော်ပရေတာတွေ အနေနဲ့လည်း အခွန်ကောက်တော့မယ်ဆိုရင် Air Time (ဖုန်းပြောချိန်)ကို ထပ်ဆောင်း ပေးသင့်တယ်။ သူတို့ အတွက်လည်း ပိုပြီး ကုန်သွားတာမဟုတ်တာ။ အခွန်ကောက်မယ်ဆိုရင် ၀ယ်လိုအားကျ ဆင်းသွားနိုင်တယ်။ ပြည်သူ တွေဆီက အခွန်ရမှာဖြစ်ပေမယ့် ၀ယ်လိုအားကျဆင်းရင် ဆက်သွယ် ရေး အော်ပရေတာတွေဆီကနေ ၂ ရာခိုင်နှုန်း အခွန်ရရှိမှုက ကျဆင်းသွားမယ်။ လွှတ်တော်မှာ ဆွေးနွေး ရင်တော့ အစိုးရအနေနဲ့ ပြည်သူကိုယ် စားပြု ကိုယ်စားလှယ်တွေ ပါဝင်တဲ့ဆုံးဖြတ်ချက်ကို အတည်ပြုပေးရ လိမ့်မယ်။

မမြတ်ဖြိုးသူ
(၀မ်းတွင်းမြို့)

ချိုတဲ့တဲ့သူတွေက ငွေဖြည့်ဖို့တောင် မတတ်နိုင်တဲ့အခြေအနေမှာ အခွန်ကောက်ခံတော့မယ်ဆိုရင် သုံးစွဲ သူတွေ တကယ်အကျိုးရှိအောင် နယ်တွေရော မြို့ပေါ်တွေပါ လုံလောက်တဲ့ ဆက်သွယ်ရေး တာဝါတိုင် တွေ တပ်ဆင်ပေးစေချင်တယ်။ အင်တာနက်သုံးစွဲခတွေရော လျှော့ပေး စေချင်တယ်။ ပြည်သူတွေဘက်ကို လည်း သူတို့ဘက်က ပြည့်ဝတဲ့ ကောင်းမွန်တဲ့ဆက်သွယ်ရေး အခြေအနေတစ်ခုပေးနိုင်မှ ကျန်တဲ့အပိုင်း တွေ ဆက်သွားစေချင်တယ်။ တကယ်လို့ အခွန်ဆောင်ရမယ်ဆိုရင် တော့ လက်ရှိပြောနေတာထက် လျှော့ပြောမှာ။ လွှတ်တော်ကနေ အ ရေးကြီးအဆိုတင်တာတွေ ဘာတွေတော့ မသိပါဘူး။

ကိုချမ်း
(နောင်ချိုမြို့− ရှမ်းပြည်နယ်မြောက်ပိုင်း)

အခွန်မဖြစ်မနေဆောင်ရမှာဆိုရင် ဆောင်ပေးရမှာပဲလေ။ သူတို့ ဘက်က ပြန်ပေးရမယ့် ပရိုမိုးရှင်း ပုံစံလည်း ရှိရမယ်။ ဒီအခွန်ဆောင်ထား တာကို သူတို့ဘက်က ဘာမှပြန်မပေးဘူးဆိုရင် ၅ ရာခိုင်နှုန်း ဆောင်တာ လည်းအလကားဖြစ်မှာပဲလေ။ အခွန်တော့ဆောင်ပါပြီ အစိုးရဘက်က ဖုန်းသုံးစွဲသူတွေအတွက် တာဝါတိုင်တွေ တိုးချဲ့တပ်ဆင်ပေးတာတို့၊ အင်တာနက်လိုင်းတွေ ပိုကောင်းအောင်တို့ လုပ်ပေးရမယ်။ ဘယ် နေရာ သွားသွားဖုန်းလိုင်းမိနေအောင် လုပ်ပေးရမယ်။ ကျွန်တော်တစ်ယောက် တည်းအတွက် ကတော့ အခွန်ပေးဆောင်ရလည်း ဖုန်းသုံးစွဲမှုကတော့ လျှော့ချမသွားပါဘူး။ အခွန်ပေးရတာက တစ်ယောက် တည်းအတွက် မသိသာပေမယ့် အများနဲ့ဆိုရင် သိသာလာတယ်။ ဒီဖုန်းကိုအသုံးပြုပြီး အလုပ်လုပ်နေရတဲ့သူတွေအတွက်တော့ ဒီအခွန်ပေးဆောင်ရတာလည်း မမြင်သာတော့ဘူးပေါ့။

ဦး Jack မြတ်ကို
(Business Manager၊ ဆေးကုမ္ပဏီ)

ငွေဖြည့်ကတ်ကနေ အခွန် ၅ ရာခိုင်နှုန်းဆောင်ရမယ်ဆိုတာ မလှုပ် နိုင်တဲ့လူကို ကြိုးနဲ့ တုပ်ရိုက်တယ်လို့ မြင်ပါတယ်။ မဖြစ်မနေပေးရမယ် ဆိုရင် အင်တာနက်မြန်နှုန်းမြှင့်ပေးသင့်တယ်။ ဆက်သွယ်ရေးက အယူ ပဲရှိပြီး ဘာတစ်ခုမှပြည်သူတွေအတွက် မပေးဆပ်ခဲ့လေတော့ ဆုပဲ တောင်းရတော့မှာပေါ့။ လွှတ်တော်မှာ ဆွေးနွေးလည်း တပ်မတော် ၂၅ ရာခိုင်နှုန်းနဲ့ ကြံ့ခိုင်ရေးဖွံ့ဖြိုးရေးအမတ်တွေကြားမှာ ဘယ်နှခါများ ပြည်သူ အကျိုးပြုအဆိုတွေ အောင်မြင်ထမြောက်ခဲ့လို့လဲ။ ကင်းလွတ်ခွင့် ပေးခဲ့ရင် ကျေးဇူးအတင်ခံချင်လို့၊ မပေးခဲ့ရင် လူမဆန်လို့ ကိုယ့်ဖဲကိုယ် ချိုးပြီး ကစားတဲ့ပွဲပေါ့။ ရွေးကောက်ပွဲအတွက်လို့ပဲမြင်တယ်။ ဖုန်းကို တော့ မဖြစ်သာမှသုံးတော့မယ်။ ကိုယ်ပေးတဲ့အခွန်ငွေကို ဘယ်မှာသုံး မယ်ဆိုတာလည်း မသိရဘူး။ သိရခဲ့ရင်လည်း သမိုင်းအဆက်ဆက်လိမ် ညာလာခဲ့လို့ မယုံကြည်ဘူး။

ကိုနိုင်နိုင်
(ဘုရင့်နောင်ရပ်ကွက်၊ ဒလမြို့နယ်)

လက်ရှိတော့ အမ်ပီတီဖုန်းကို ဆွေသဟာပြောင်းပြီးသုံးနေတာပါ။ သိတဲ့အတိုင်း အင်တာနက်ဖွင့်ရင် ပိုက်ဆံ က အရမ်းကုန်တာပေါ့။ ဒီကြားထဲ အခွန်ကောက်ဦးမယ်ဆိုတော့ကာ တော်တော်ကို စိတ်ထဲ ဒေါသဖြစ် သွားတာ။ ဆက်သွယ်ရေးလည်း ပိုကောင်းလာမှာမဟုတ်၊ အင်တာနက်လည်း ပိုမြန်လာမှာ မဟုတ်ဘဲနဲ့ သက်သက်မဲ့ အလကားပေးနေရမှာပဲလေ။ ဘယ်လောက်ပဲ တစ်ကျပ်၊ နှစ်ကျပ်ပဲ ကောက်ကောက် တစ်ထောင်ဖိုးငွေဖြည့်ရင်တော့ တစ်ထောင်ဖိုး သုံးချင်တာပဲလေ။ ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် တစ်ပြားမှ မပေးချင်ဘူး။ ခေါ်ဆိုခတွေ လျှော့ဖို့တော့ စိတ်မကူးဘဲ အခွန်တောင် တိုးကောက်ဦးမယ် ဆိုတော့ တော်တော်စေတနာပျက်တယ်။

ကိုအောင်ဇော်မိုး
(ဆိုင်ကယ်ကယ်ရီသမာ၊ ဒလမြို့)

အမ်ပီတီ မကိုင်ချင်လို့ လက်ရှိမှာ တယ်လီနောပြောင်းပြီးကိုင်ပါ တယ်။ အမှန်ကတော့ သုံးခုစလုံး သုံးစား မရပါဘူး။ သုံးစားလို့ မရတဲ့အပြင် အခွန်တွေပါ ပေးရမယ်ဆိုတော့ လုံးဝလက်မခံပါဘူး။ ကုန်သွယ်ခွန်ဆိုပြီး တကယ်ရောင်းတဲ့လူတွေ မကောက်ဘဲ ဘာလို့ သုံးနေတဲ့လူတွေ ကောက်ရတာလဲ။ တကယ်တော့ လက်လီ လက်ကား ဆိုင်တွေမှာ ဖုန်းကတ်ရောင်းနေတဲ့လူတွေကလည်း ဘယ်လောက်မှ ရတာမှမဟုတ်ကြတာ။ အဲဒီလိုကောက်မယ်ဆိုရင် နဂိုကတည်းက ၁၅၀၀ နဲ့ မရောင်းပါနဲ့လား။ အဲဒါဆို ကျွန်တော်တို့ ကိုင်လည်း မကိုင်ဘူး။ ပေးလည်း မပေးဘူး။ ပြီးတော့ သူတို့ပဲ ဆုံးဖြတ်သူတို့ပဲ လွှတ်တော်ပြန်တင်နဲ့ ရောဂါပေးပြီး ဆေးပေးနေသလိုပါပဲ။ ဘာပဲဖြစ်ဖြစ် ကောက်မယ်ဆိုရင်တော့ ဖုန်းသုံးစွဲခ လျှော့မှာတော့ အမှန်ပဲ။

ဦးစိုင်းလူ - တောင်ကြီးဒေသခံ
(တိုင်းရင်းဆေးလုပ်ငန်းပိုင်ရှင်၊ ဒို့အလုပ်သမားဖြေဆေး)

ဖုန်းဘီလ်ကို အခွန်ဆောင်ရမယ်ဆိုတာတော့ သိပ်မကြိုက်ဘူး။ ဆောင်မယ်ဆိုရင်တောင် ဖုန်းရောင်းတဲ့ သူတွေကို ဆောင်စေချင်တယ်။ သုံးစွဲတဲ့သူတွေကိုမဆောင်စေချင်ဘူး။ အခွန်ဆောင်ရမယ်ဆိုရင်လည်း ဒီမိုကရေစီနည်းကျကျ အခွန်ဆောင်ရမယ်။ နိုင်ငံတကာစံနှုန်းနဲ့အညီအ ခွန်ဆောင်ရမယ်ဆိုရင် ဖုန်းကို လည်း နိုင်ငံတကာစံနှုန်းနဲ့အညီ မြန်ဆန် အောင်ဖြည့်ဆည်းပေးဖို့လိုတယ်။ လွှတ်တော်မှာ ဆွေးနွေးမယ် ဆိုတာကို တော့ ကြိုဆိုပါတယ်။ ဖုန်းပြောဆိုမှုကတော့ လျှော့ပြီးတော့သုံးစွဲဖို့ထက် ၀န်ဆောင်မှု ကောင်းပြီး တော့ ဈေးနှုန်းသက်သာတဲ့ဖုန်းကိုပဲ ရှာသုံးစွဲဖို့ရှိ တယ်။

ကိုသာထက်
(ဆော့ဖ်ဝဲ အင်ဂျင်နီယာ)

ဥပဒေအရအခွန်ကောက်မယ်ဆိုတော့လည်း ပေးရမှာပေါ့။ ဒါက နိုင်ငံတော်က သတ်မှတ်ပြီး ကောက်တာ ဖြစ်တဲ့အတွက် လူတန်းစားမရွေး တန်းတူအကုန်ပေးရမှာပဲလေ။ အခုပြည်သူတွေက ၀ိုင်းပြီးတောင်းဆိုကြ တဲ့အတွက် လွှတ်တော်မှာ ပြန်ဆွေးနွေးမယ်လို့ သိရပါတယ်။ အခွန် ၅ ရာခိုင်နှုန်းအော်ပရေတာတွေကပဲ ကြားထဲက စိုက်ဆောင်ပေးမလား၊ ဒါမှမဟုတ် ပြည်သူတွေဆောင်လိုက်တဲ့ အခွန် ၅ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ ဖုန်းပြောနိုင်မယ့် မိနစ်တွေကို အပိုပြန်ပေးမလားဆိုတာမျိုး လုပ်ပေးနိုင် မယ်ဆိုရင်တော့ အဆင် ပြေနိုင်ပါတယ်။

ကိုစန်းမင်းလတ်
(ဖုန်းဆင်းမ်ကတ်ရောင်းသူ)

၅ ရာခိုင်နှုန်းက ဘယ်လိုပြောပြောပေးနိုင်ပါတယ်။ အရင်တုန်းကဆို ဖုန်းကိုင်နိုင်ဖို့ကမလွယ်ဘူး။ ခေတ်တွေ က တိုးတက်လာပြီဗျာ။ အဲဒီ လောက်တော့ ပေးသင့်ပါတယ်။ တချို့လူတွေကပြောတယ်။ ဖုန်းဘီလ် တစ်ထောင်ထည့်ရင် ၉၅၀ လောက်ကျန်မယ်။ ၅၀ ဖြတ်သွားမယ်။ အဲဒီ လောက်တော့သိထားတယ်။ အစိုးရက အခွန် ၅ ရာခိုင်နှုန်းကို ဘာပြန် လုပ်မယ်ဆိုတာတော့မသိဘူး။ ၅ ရာခိုင်နှုန်းရမယ် ဆိုလည်း အခုထက် ဖုန်းပြောလို့ရမယ်။ အင်တာနက်သုံးလို့ ပိုကောင်းမယ်ဆိုရင်တော့ ကောင်းတာပေါ့။ လူတွေက ပိုက်ဆံရှာဖွေရမလွယ်ဘူးလေ။ လူမှုရေး ကဏ္ဍကရှိတော့ ဖုန်းကအနည်းအကျဉ်းကတော့ သုံးနေရမှာပဲ။ အဆက် အသွယ်တစ်ခုက အရေးကြီးဆုံးပဲ။ ကျန်းမာရေးတို့ လူမှုရေးတို့အစစပေါ့။ ဖုန်းကို လျှော့ချ သုံးစွဲဖို့ကမဖြစ်နိုင်ဘူး။ ထပ်တိုးဖို့ပဲရှိပါတယ်။

ဦးရဲမြတ်သူ
(နာယက၊မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်များအသင်း)

ဆက်သွယ်ရေးအတွက် အခွန်ကောက်တာက စောသေးတယ်။ သေချာတွက်ချက်ပြီးမှ လုပ်သင့်တယ်။ ပြီးတော့ အခွန်ကို နည်းနည်းနဲ့ စသင့်တယ်။ အခု ၅ ရာခိုင်နှုန်းက များတယ်။ စင်ကာပူမှာလည်း အဲဒီ လိုပဲ နည်းနည်းနဲ့ စပြီး တဖြည်းဖြည်းချင်း တက်သွားတာ။ အခွန်ဆိုတာ ရှောင်လို့မရမှန်း လူတိုင်းသိပါတယ်။ ဒါပေမဲ့ သုတေသန စစ်တမ်းတွေ လုပ်ပြီး ကောက်သင့်တယ်။ အခုတယ်လီနောရော၊ အူရီးဒူးရော စတော့ ရှယ်ယာတွေ ဈေးကျနေပြီ။ သူတို့ကို ဒုက္ခရောက်အောင် မလုပ်သင့် ဘူး။ သူတို့ဒုက္ခရောက်ရင် သုံးစွဲသူ တွေကိုလည်း ထိခိုက်စေမှာ။ နိုင်ငံ့ပုံ ရိပ်လည်း ကျဆင်းစေတယ်။ မြန်မာပြည်လာပြီး ရင်းနှီးမြှုပ်နှံမယ့် သူတွေ ကို လက်တွန့်စေတယ်။ ဒီမှာ ဘယ်လိုဖြစ်နေလဲဆိုတော့ အရက်၊ ဘီ ယာတို့ သောက်သုံးသူ များတယ်။ အဲဒီအခွန်ကို တင်းကျပ်မယ်မရှိဘူး။  တိုင်းပြည်အတွက် လိုအပ်နေတဲ့ ဆက်သွယ်ရေး Sector ကိုလာပြီး တင်းကျပ်တယ်။ အမှန်ဆို ပြည်ပအော်ပရေတာနှစ်ခုတည်ငြိမ်စပြုတဲ့ အချိန်မှ စသင့်တာ။ လွှတ်တော်ကလည်း အခုမှအရေးကြီးအဆိုတင် ပေမယ့် ဥပဒေ မထွက်ခင်ကတည်းက သေချာစိစစ်တာ မရှိဘူး။ အခွန် ကောက်ခံလို့ သုံးစွဲသူတွေက လျှော့ချလိုက်ရင် လာပြီးရင်းနှီးမြှုပ်နှံသူ တွေလည်း ရှုံးတယ်။ အစိုးရလည်း ၀င်ငွေနည်းမယ်။ သုံးစွဲသူတွေလည်း ရှုံးတယ်။ အဘက်ဘက်က ရှုံးနေမှာ။

ကိုပြည်စိုးထွန်း
(မန်နေဂျင်းဒါရိုက်တာ၊ လူကြီးမင်းဖုန်းဆိုင်နှင့် စီးပွားရေးလုပ်ငန်းစု)

နိုင်ငံတကာမှာလည်း ဒီလိုအခွန်တွေကတော့ ကောက်တာပဲ။ ဒါ ပေမဲ့ သူတို့ဆီမှာ အော်ပရေတာတွေက အခွန်အတွက် ကောက်တဲ့အခါ မှာ သုံးစွဲသူတွေ ငွေဖြည့်တဲ့ပမာဏကို အပြည့်အ၀သုံးလို့ရအောင်လို့ Marketing Plan ဆွဲပြီးတော့ လုပ်တဲ့အတွက် ဖုန်းဘီလ် တစ်ရာဖိုးဖြည့် မယ်ဆိုရင် တစ်ရာဖိုးအပြည့်အ၀ သုံးလို့ရတယ်။ ပြီးတော့ အခုလိုကုန် သွယ်လုပ်ငန်းခွန်ဆောင်ပြီးရင် တခြားဘက်မှာ အခွန်ပြန်ပြီး သက်သာ ခွင့်ရတာတွေရှိတယ်။ ဒီမှာက အဲဒါမျိုးလည်းမရှိဘူး။ ဆက်သွယ်ရေးက လုံးဝကို ရှောင်မရတဲ့ အခွန်ဖြစ်တဲ့ အတွက် အစိုးရက ကောက်တာဖြစ်ပေ မယ့် ပြည်သူတွေဘက်ကကြည့်ရင်ဒါတွေကို ဘယ်မှာပြန်သုံးမလဲ ဆိုတာ ကိုသိဖို့လိုအပ်တယ်။ အခွန်ကို နိုင်ငံတော်က ကောက်တာမှန်ပေမယ့် သုံးစွဲသူတွေဟာ အခုအချိန် အထိအော်ပရေတာသုံးခုစလုံးဆီက၀န် ဆောင်မှုကောင်းကောင်းကို အသုံးပြုခွင့်မရသေးဘူး။

ဦးမျိုးဆွေသိမ်း
(မန်နေဂျင်းဒါရိုက်တာ-Alpha 9 Co.,Ltd)

ဖုန်းဘီလ် ၅ ရာခိုင်နှုန်းဆောင်ရမယ်ဆိုတာ တကယ်တမ်း စောနေသေးတယ်။  ဒီနိုင်ငံက  ဆက်သွယ်ရေးနဲ့ ပတ်သက်ရင်  ချို့တဲ့ ခဲ့တယ်။ အခွန်ကောက်မယ်ဆို ပြည်တွင်းက ကုမ္ပဏီကြီးတွေကို အရင်တိတိကျကျ ကောက်သင့်တယ်။ အခွန်က မဖြစ်မနေ ကောက်ရ မယ်ဆိုတာကိုတော့ နားလည်ပါတယ်။ မဖြစ်မနေ ဖုန်း အခွန်ဆောင်ရ မယ်ဆိုရင်တော့ ဆက်သွယ်ရေးက တိုင်းပြည်တစ်ခုရဲ့ အဘက်ဘက် မှာ အရေးပါတာမို့ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေကို နိုင်ငံတကာ အဆင့်မီအောင် လုပ်ပေးစေချင်တယ်။ နောက်ပိုင်း ဖုန်း အခွန်ဆောင် ရပြီဖြစ်လာရင်တော့ ဖုန်းပြောဆိုတာတွေကို အပိုအလိုမရှိအောင်တော့ လျှော့ချသုံးစွဲ သွားရမှာပဲ။ ဒါပေမဲ့လည်း မဖြစ်မနေ သုံးရမှာတွေကတော့ မလွယ်ပါဘူး။ အစိုရကိုတော့ ပြည်သူတွေ လူတိုင်းနီးပါး ထမ်းနိုင်တဲ့ အခွန်ဖြစ်အောင်တော့ လုပ်စေချင်ပါတယ်။

ကိုထက်
(မရမ်းကုန်းမြို့နယ်)

ဖုန်းအခွန်ဆောင်ရမယ်ဆိုတာကတော့ ပွင့်ပွင့်လင်းလင်း ပြောရ ရင်တော့ ဘ၀င်မကျဘူး။ ဒါပေမဲ့ အစိုးရ ဘက်က ဒီအခွန်ကို ဘယ်လို ကြောင့် တောင်းရပါတယ်ဆိုတာ ခိုင်လုံစွာပြောနိုင်ရင် နှစ်ဦးနှစ်ဖက် မျှတတယ်။ လက်ခံလို့ရတယ်။ ဥပမာပြည်သူတွေဆီက အခွန်တွေ ကောက်ပြီးရင် တစ်ဖက်မှာ ပညာရေး အတွက် ပြန်မြှုပ်နှံအသုံးချနေပါ တယ်ဆိုရင် ကျွန်တော်တို့ပေးပျော်တာပေါ့။ အခုအခွန်ပေးဆောင်ရမှာ သေချာတာလား။ ဂဃနဏ မသိရသေးတော့ တစ်မျိုးဖြစ်နေတယ်။ အင်တာနက်လိုင်း၊ ဖုန်းလိုင်း ကောင်းဖို့ ဆိုတာလည်း ပြည်သူတွေဘက် က ဘယ်လောက်တောင်းဆိုတောင်းဆို သူတို့ဘက်က လုပ်ပေးချင်မှ ဖြစ်တာလေ။ နောက်ပိုင်းဖုန်း အခွန်တွေ ဆောင်လာရပြီဆိုပေမယ့်လည်း ဖုန်းပြောတာတွေ လျှော့ချပစ် တာတော့ မဖြစ်နိုင်ဘူး။ အလုပ်ကိစ္စ၊ မိသားစုကိစ္စဆိုတာကလည်း မဖြစ်မနေ သုံးကြရတာပဲလေ။

7Day DAILY 

No comments:

Post a Comment