Sunday, 10 May 2015
ပန်ဆန်းညီလာခံ ဘာလဲ၊ ပန်ဆန်း ညီလာခံ ဘယ်လဲ
မေလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၆ ရက်ကြာ ပန်းဆန်းညီလာခံတော့ ပြီးဆုံးသွားခဲ့ပါပြီ။
ဒီ ညီလာခံကြီးမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ သဘောတူထားတဲ့ တပြည်လုံး အပစ်ရပ်ရေး သဘောတူစာချုပ် (NCA) မူကြမ်းကို ပြန်လည်သုံးသပ် ညှိနှိုင်းရင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အသီးသီးရဲ့ သဘောထားနဲ့ အကြံပြုချက် အသီးသီးကို တင်ပြ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
တကယ်တော့ NCA စာချုပ်မူကြမ်း ဆွေးနွေးပွဲ အဆင့်ဆင့်မှာ ၀ ပြည်သွေးစည်းညီညွတ်ရေး ပါတီ(UWSP) အဖွဲ့ မပါဝင်ခဲ့ပါဘူး။ ရံဖန်ရံခါ လေ့လာသူ အဖြစ်နဲ့ တက်ရောက်ခဲ့ကြတာပဲ ရှိပါတယ်။ ဒီလို NCA စာချုပ်မူကြမ်း ဆွေးနွေးပွဲအဆင့်ဆင့်မှာ မပါဝင်ခဲ့တဲ့ UWSP အဖွဲ့ဟာ UPWC နဲ့ NCCT တို့ သဘောတူထားတဲ့ NCA စာချုပ်မူကြမ်းကို ဘာကြောင့် အခုမှ “၀”အဖွဲ့ဌာနချုပ် ပန်ဆန်းမြို့မှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေ ပါဝင်တဲ့ ထိပ်သီး ညီလာခံ တရပ်ကို ဦးစီးကျင်းပရတယ် ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာနိုင်ပါတယ်။
မေးခွန်းများ
တကယ်တော့ UWSP ရဲ့မြို့တော် ပန်ဆန်း (ခေါ်) ပန်ခမ်းမြို့ဟာ ပထ၀ီ အနေအထား အရ မြန်မာပြည် အရှေ့ခြမ်း၊ နယ်စပ် တလျှောက် မှာ ရပ်တည် လှုပ်ရှားနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ အချက်အခြာ အလယ်ဗဟိုမှာ ရှိနေ တာပါ။
တနည်းပြောရရင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ရှမ်းပြည်တောင်ပိုင်း၊ မွန်၊ ကရင် ပြည်နယ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို ပေါင်းစည်းဆက်စပ်ပေးနိုင်အောင် မဟာဗျူဟာကျတဲ့ အနေအထားမှာ ရှိနေပါတယ်။
ဒါ့အပြင် UWSA “၀” တပ်မတော်မှာ အမြဲတမ်းတပ်သား ၃ သောင်းကျော်နဲ့ အရန်ပြည်သူ့စစ် ၂ သောင်းနီးပါး ရှိထားတဲ့အတွက် မြန်မာပြည်မှာ အင်အားအကြီးမားဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး ဖြစ်ပါတယ်။ ဒါ့အပြင် တဖက် နိုင်ငံရဲ့ စစ်ရေး နည်း ပညာ ပံ့ပိုးကူညီမှုတွေ ရှိနေခဲ့တာကြောင့် ခေတ်မီ အင်အားတောင့်တင်းမှု အမြင့်ဆုံး တပ်ဖွဲ့ကြီးလည်း ဖြစ်ပါတယ်။ တချိန်တည်းမှာ စစ်ရေးအတွေ့အကြုံ ကြီးမားတဲ့ မိုင်းလားအဖွဲ့(NDAA)နဲ့ ကိုးကန့် တပ်ဖွဲ့(MNDAA)တွေဟာ UWSA အဖွဲ့နဲ့ ရေရှည် ပူးပေါင်း ရပ် တည် လာကြတဲ့ လက်ဝဲရံ၊ လက်ယာရံ မဟာမိတ်တွေလည်း ဖြစ်ကြပါတယ်။
ဒီလို UWSA အဖွဲ့ရဲ့ မဟာဗျူဟာ ကျတဲ့ အနေအထားနဲ့ တောင့်တင်းကြွယ်ဝတဲ့ စစ်လက်နက် ပစ္စည်းတွေဟာ မြန်မာပြည် တလွှား အထူးသဖြင့် မြောက်ပိုင်းဒေသမှာ လှုပ်ရှားနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအတွက် သဘာဝကျစွာ အဓိက စစ် လက်နက်အင်အား ရေသောက်မြစ်သဖွယ် ဖြစ်နေရပါတယ်။
ဒါကြောင့် မြန်မာပြည်မှာ အမျိုးသား အခွင့်အရေး အတွက် တိုက်ပွဲဝင်နေကြတဲ့ အင်အားစုမှန်သမျှဟာလည်း UWSA ဌာနချုပ် ဖြစ် တဲ့ ပန်ဆန်းကို ဦးတည် စုစည်းခဲ့ကြတာဖြစ်ပါတယ်။
တဆက်တည်းမှာ UPWC နဲ့ NCCT တို့ သဘောတူညီထားတဲ့ NCA စာချုပ်မူကြမ်းကို UWSP ပါဝင်တဲ့ ထိပ်သီး အစည်းအဝေးမှာ ပြန်လည်သုံးသပ် ညှိနှိုင်းခဲ့ကြပုံ ရပါတယ်။ UWSA ရဲ့ သဘောထား မပါဝင်တဲ့ NCA စာချုပ်မျိုးကလည်း လက်တွေ့အားဖြင့် တပြည် လုံး အပစ်အခတ် ရပ်စဲရေးကို အာမခံချက်ပေးနိုင်စရာ အကြောင်း မရှိပါဘူး။
ဒီမှာ နောက်ထပ်မေးစရာတခု ရှိလာတာက UWSP အဖွဲ့ဟာ NCA အပစ်ရပ်မူကြမ်း ဆွေးနွေးပွဲတွေမှာ ဘာကြောင့် မပါဝင်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းပါပဲ။
ဒီမေးခွန်းနဲ့ ပတ်သက်လို့ UWSP ပြောရေး ဆိုခွင့်ရှိသူ ဦးအောင်မြင့်က “၀” အဖွဲ့ ဟာ အပစ်အခတ် ရပ်စဲပြီး၊ အစိုးရနဲ့ ငြိမ်းချမ်းရေး စာချုပ် ချုပ်ကာ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းပါ။ အစိုးရ တပ်မတော်နဲ့ တစုံတရာ စစ်ရေး အရ ထိတွေ့ တိုက်ခိုက် မှုလည်း မရှိသေးပါဘူး။ ဒါကြောင့် အပစ်ရပ် စာချုပ်မူကြမ်း ကိစ္စမှာ ဘာမှ ပါဝင်ဆွေးနွေးစရာ မလိုအပ်ခဲ့ပါဘူး လို့ ပြောဆိုထားပါတယ်။
“၀”အဖွဲ့အနေနဲ့ အဓိက လိုလားတာ အပစ်ရပ်ပြီးနောက် နိုင်ငံရေး ဆွေးနွေးမှုတွေ ဆက်လုပ်သွားကြဖို့ပါပဲ။ ဒါကြောင့် UPWC နဲ့ NCCT တို့ အပစ်ရပ်ရေး NCA မူကြမ်း ဆွေးနွေးပြီးချိန်မှာ နိုင်ငံရေးအရ ဆက်ဆွေးနွေးရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း ကြိုတင်ညှိနှိုင်းကြဖို့ ဒီ ပန်ဆန်း ထိပ်သီး အစည်းအဝေးကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး အတွက် အစိုးရနဲ့ ညှိနှိုင်း ဆွေးနွေးရာမှာတော့ “၀”အဖွဲ့လည်း ပါဝင်ပါလိမ့်မယ် လို့ ရှင်းပြခဲ့ပါတယ်။
ဒါပေမယ့် ပန်ဆန်း အစည်းအဝေး အတွက် ဖိတ်ကြားရာမှာ NCCT အဖွဲ့ဝင် ၁၆ ဖွဲ့လုံးကို မဖိတ်ကြားဘဲ UNFC အဖွဲ့ဝင် ၁၂ ဖွဲ့ကိုသာ ဖိတ်ကြားခဲ့တာနဲ့ ပတ်သက်လို့ ဘာကြောင့်လဲ ဆိုပြီး မေးခွန်းထုတ်မှု တချို့လည်း ရှိနေခဲ့ပါတယ်။
“၀”အဖွဲ့ အနေနဲ့ NCCT အဖွဲ့ကို အသိအမှတ်မပြုတဲ့သဘော မဟုတ်ပေမယ့် အစိုးရက ဆွေးနွေးဘက်အဖြစ် သဘောထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းမျိုးစုံ ပါဝင်နေလို့ NCCT အဖွဲ့အနေနဲ့ ဖိတ်ကြားလိုဟန် မရှိပါဘူး။ အစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိတဲ့ အဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင် မဟုတ်တဲ့ အဆက်အစပ်မရှိတဲ့ အဖွဲ့အစည်းတွေကို ဖိတ်ကြားခြင်း မရှိခဲ့ပါဘူး။
ဒါကြောင့် ပန်ဆန်းညီလာခံကို ချင်းအမျိုးသားကောင်စီ(CNF)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ “၀” အမျိုးသားအဖွဲ့ချုပ် (WNO)၊ ရခိုင် အမျိုးသားကောင်စီ (ANC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ရခိုင် လွတ်မြောက်ရေး ပါတီ(ALP) စတဲ့ အဖွဲ့ဝင်တွေနဲ့ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN-K) နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) တို့ကို ဖိတ်ကြားခြင်း မရှိခဲ့ပါဘူး။
တချိန်တည်းမှာပဲ တပ်မတော်နဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ပလောင်(တအာင်း) အဖွဲ့(TNLA) နဲ့ ရက္ခိုင့်တပ်မတော် (A.A) အဖွဲ့ ကိုယ်စားလှယ်တွေကိုတော့ ဖိတ်ကြားခဲ့ပါတယ်။
ဒါကြောင့် ပန်ဆန်းညီလာခံ စုဖွဲ့မှုမှာ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးတွေ ပါဝင်ခဲ့ပေမယ့် အစိုးရက မလို လားတဲ့၊ တပ်မတော်က လက်မခံနိုင်တဲ့ အင်အားစုတွေရဲ့ စုစည်းမှုလို့ ယူဆဖွယ်ရာ ဖြစ်ပါတယ်။
နိုင်ငံရေးသဘောထား
ပန်ဆန်းညီလာခံ အဖွင့်မိန့်ခွန်း ပြောကြားရာမှာ UWSP ဥက္ကဋ္ဌ၊ UWSA စစ်ဦးစီးချုပ် ဦးပေါက်ယူချန်းက ပြည်တွင်းစစ် ပြဿနာကို နိုင်ငံရေးနည်း အရ ဖြေရှင်းဖို့ အဆိုပြု တင်ပြခဲ့ပါတယ်။ စစ်အစိုးရ ရေးဆွဲပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရန် အရေးကြီးကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ပေးမှသာလျှင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်း တွေ က ပါဝင် လက်မှတ်ရေးထိုးလိမ့်မယ် ဖြစ်ကြောင်းကိုလည်း မေလ ၄ ရက်နေ့က ထုတ်ဖော်ကြေညာသွားခဲ့ပါတယ်။
ဒီသဘောထားအရ UWSA နဲ့ UNFC တို့ရဲ့ ပြည်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အခြေခံ သဘောထား၊ နိုင်ငံရေး အရ တညီတညွတ်တည်း ဖြစ်သွားကြပြီ ဖြစ်ကြောင်း၊ ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။
တချိန်တည်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို တိုင်းရင်းသား လက်နက်ကိုင်တွေက လက်မှတ်ထိုးမယ် လို့ ကြေညာလိုက်ခြင်းကို တပြည်လုံးရှိ နိုင်ငံရေး အင်အားစုများရဲ့ သဘောထားနဲ့ တထပ်တည်းကျ ညီညွတ်စေခဲ့ပေ မယ့်၊ NCA စာချုပ် မူကြမ်းကို အလျင်အမြန် လက်မှတ်ထိုးစေချင်တဲ့ သမ္မတ ဦးသိန်းစိန်ကို နိုင်ငံရေးအရ အရှိုက်ထိုးလိုက်သလို အထိ နာသွားစေနိုင်ပါတယ်။
ဦးသိန်းစိန်က NCA စာချုပ်မှာ အငြင်းပွားစရာ ဖြစ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုင်ရာ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေး ဆွေးနွေးပွဲဆီကို တွန်းပို့ ဘေးဖယ်ထားပြီး NCA စာချုပ်ကို အလျင်အမြန် လက်မှတ်ထိုးစေချင်တာပါ။ ဒါပေမယ့် ပန်ဆန်းညီလာခံက NCA စာချုပ် လက်မှတ်ရေးထိုးရေးကို ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပူးကပ်ပေးလိုက်တဲ့ အတွက် ဦးသိန်းစိန်အဖို့ နိုင်ငံရေး အရ အကြီးအကျယ် အကျပ်ရိုက်သွားစေနိုင် ပါတယ်။
ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်စေလိုတဲ့ ဆန္ဒ လုံးဝမရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ စစ်ရေးအရ ဆက်ပြီး ထိပ်တိုက်တိုးစရာ အကြောင်းတွေ ပိုမိုတိုးပွား များပြားလာနိုင်ပါတယ်။ အနိမ့်ဆုံးအားဖြင့် သမ္မတ ဦးသိန်းစိန်ရဲ့ အပစ်ရပ်စာချုပ်၊ အလျင်အမြန် လက်မှတ်ထိုးရေး စိတ်ကူး မိုးတိမ်တွေ ပန်ဆန်းညီလာခံမှာ ပြိုကွဲသွားပြီလို့ ဆိုရပါလိမ့်မယ်။
စစ်ရေးတောင်းဆိုမှုများ
ညီလာခံ အဆုံးသတ်နေ့ နောက်ပိုင်း ထုတ်ပြန်ကြေညာချက် ၁၂ ချက်ထဲမှာ တပြည်လုံး အပစ်အခတ်ရပ်စဲနိုင်ရေး အတွက် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ စစ်ဆင်ရေးတွေ ရပ်ဆိုင်းပြီး တိုက်ပွဲတွေ ဆက်လက် မဖြစ်ပွားဖို့ တောင်းဆိုထား ပါတယ်။ ဒါ သမ္မတ ဦးသိန်းစိန် အမိန့်ပေးဆုံးဖြတ်လို့ ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ အမိန့်ပေးဆုံးဖြတ် ရမှာပါ။
အခုအချိန်မှာတော့ စစ်ပွဲတွေဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ကနေ ရခိုင်ပြည်နယ် အနှံ့ပျံ့နေပါပြီ။ ငြိမ်းချမ်းရေး အပစ်ရပ်ရေး ဆွေးနွေးပွဲတွေ စတင်ချိန်က ကချင်ပြည်နယ်မှာ ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ကို အကြီးအကျယ် ထိုးစစ်ဆင်နေရာကနေ ၂၀၁၄ ခုနှစ်မှာ TNLA အဖွဲ့ရဲ့ ပလောင်ဒေသကို အပြင်းအထန် စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့ပါတယ်။ ၂၀၁၅ ခု နှစ်ဆန်း ရောက်ချိန်မှာတော့ ကိုးကန့်ဒေသမှာ ဦးဖုန်ကြားရှင် အဖွဲ့ကို တပ်မတွေ ထည်လဲသုံးပြီး လေကြောင်းထိုးစစ်တွေပါ ဆင်နွှဲခဲ့ကြ ပါတယ်။
အခု နောက်ဆုံးတော့ တပ်မတော်ရဲ့ စစ်ဆင်ရေးတွေဟာ ရခိုင်ပြည်နယ် ကျောက်တော် ဒေသအထိ ပျံ့နှံ့သွားခဲ့ပါပြီ။ ဆိုရရင် သမ္မတ ဦးသိန်းစိန်ရဲ့ အပစ်ရပ်ရေး ငြိမ်းချမ်းရေး ကြိုးပမ်းလာတဲ့ သက်တန်း ၃ နှစ်အတွင်းမှာ ငြိမ်းချမ်းရေး စကားတွေ မိုးမွှန်အောင်ပြော နေရင်း၊ တပ်မတော်ရဲ့ စစ်ဆင်ရေး အရှိန်အဟုန်က ပိုပိုပြီး မြင့်မား ပြင်းထန် ကျယ်ပြန့်လာနေပါတယ်။ ဒီလို မီးစတဖက် ရေမှုတ် တဖက် မူဝါဒတွေသက်သက် ကျင့်သုံးနေလို့ကတော့ ငြိမ်းချမ်းရေး မပြောနဲ့ အပစ်ရပ်ရေးတောင် ဖြစ်လာနိုင်စရာ အကြောင်း မရှိပါဘူး။
NCA အပစ်ရပ်စာချုပ် မူကြမ်း ဆွေးနွေးပွဲတွေမှာ UPWC နဲ့ UNFC တို့ ပူးတွဲ ညှိနှိုင်းခဲ့ကြတယ် ဆိုပေမယ့် UNFC အဖွဲ့ဝင်တွေ ဖြစ် တဲ့ ရက္ခိုင့် တပ်မတော် (A.A) နဲ့ TNLA အဖွဲ့တွေကို အစိုးရက အသိအမှတ်ပြု ပါဝင်ခွင့် မပေးခဲ့ဘူး။ အခုနောက်ပိုင်း ပေါ်ပေါက် လာ တဲ့ ဦးဖုန်ကြားရှင်ရဲ့ ကိုးကန့် အဖွဲ့ကိုလည်း ပြည်ပက ၀င်ရောက်လာသယောင်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စာရင်းမှာတောင် အစိုးရက ထည့်သွင်း အသိအမှတ်ပြုခြင်း မရှိခဲ့ပါဘူး။
ဒီလို တပ်မတော်နဲ့ နေ့စဉ်ပြင်းထန်တဲ့တိုက်ပွဲတွေ ဆင်နွှဲနေတဲ့ အဖွဲ့တွေကို ငြိမ်းချမ်းရေးစားပွဲဆီ ဆွဲမခေါ်ဘဲနဲ့ ဘယ်လိုလုပ်ပြီး အပစ် အခတ်ရပ်စဲရေး တပြည်လုံး အတိုင်းအတာနဲ့ ဖြစ်လာနိုင်မှာလဲ။ ဒီအဖွဲ့တွေကို အစိုးရနဲ့ တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စာရင်း မသွတ်သွင်းခဲ့ပေမယ့် ပန်ဆန်း ညီလာခံကတော့ ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်စာရင်း သွင်းခဲ့တယ်။
ဒါကြောင့် အစိုးရနဲ့ တပ်မတော်အနေနဲ့ ပန်ဆန်းညီလာခံကို အကောင်းမြင် အသိအမှတ်ပြုစရာ အကြောင်း မမြင်လှပါဘူး။ NCA စာချုပ် လက်မှတ်ရေးထိုးရေး လုပ်ငန်းစဉ် အတွက် “မျက်မြင်” တွေရဲ့ အစည်းအဝေးလို့သာ ယူဆပါလိမ့်မယ်။
ဒါပေမယ့် သေချာတာကတော့ “ပန်ဆန်းညီလာခံ” တက်ရောက်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ထိပ်သီးတွေနဲ့ သင့်လျော်စွာ ဆွေးနွေးညှိနှိုင်းမှု မပြုသမျှတော့ မြန်မာပြည်မှာ ငြိမ်းချမ်းရေး မဆိုထားနဲ့ အပစ်အခတ် ရပ်စဲရေးတောင် လုပ်နိုင်မှာ မဟုတ်လို့ သေနတ်သံတွေကတော့ မုချ ဆက်လက်ဆူညံနေဦးမှာပါ။
ဒီတော့ ပန်ဆန်း ညီလာခံရဲ့ နိုင်ငံရေး အဓိပ္ပာယ် ဘာလဲ ဆိုတာ ချုပ်ကြည့်လိုက်ရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနက် အင်အားအကြီးမားဆုံး အဖွဲ့ဖြစ်တဲ့ UWSA အုပ်စုနဲ့ UNFC အဖွဲ့အစည်းတို့ရဲ့ပထမဆုံး နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်မှု ခြေလှမ်းကြီး တလှမ်းကို လှမ်းလိုက်တာပါပဲ။
ဒီ အစည်းအဝေးကြီးမှာ UWSA အဖွဲ့ပါဝင် ဆွေးနွေးခြင်းမရှိခဲ့တဲ့ NCA စာချုပ်မူကြမ်း အပေါ် UNFC အဖွဲ့နဲ့ UWSA အဖွဲ့တို့ သဘောထား ညှိနှိုင်းသုံးသပ် အကဲဖြတ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒီလို ညှိနှိုင်းဆွေးနွေးကြရမှာ နိုင်ငံရေး အတွင်းသဘော အရ NCA စာချုပ် မချုပ်ဆိုမီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရန် လိုအပ်တယ် လို့ သဘောထားတူညီ ခဲ့ကြပါတယ်။ ဒါ့အပြင် NCA စာချုပ် လက်မှတ်ရေးထိုးရာမှာ TNLA ၊ A.A ၊ MNDAA အဖွဲ့တွေ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်ခွင့် ပေးဖို့ အရေးဆိုခဲ့ကြပါတယ်။
တချိန်တည်းမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဆင်နွှဲနေတဲ့ တပ်မတော်ရဲ့ စစ်ဆင်ရေး အားလုံး ရပ်ဆိုင်း ပေး ဖို့လည်း တောင်းဆိုလိုက်ကြပါတယ်။
UWSA အဖွဲ့အနေနဲ့ ဒီအစည်းအဝေးမှာ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး တိုင်းအဆင့်ကနေ UNFC နဲ့အတူ ဖက်ဒရယ် ပြည်ထောင် စု အတွင်းမှာ ပြည်နယ် အဆင့်အတန်း ရရှိရေးကို တဆင့်တိုး တင်ပြလိုက်ပါတယ်။
ခြုံပြောရရင် ပန်ဆန်းညီလာခံဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးအရ ညီညွတ်မှုကို တဆင့်တိုး ပြသ လိုက်တာပါပဲ။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပိုမိုကျယ်ပြန့်တဲ့ အစည်းအဝေးကိုတော့ ပန်ဆန်းကနေ လော်ခီးလာမှာ ကျင်းပ မယ့် ညီလာခံကြီးမှာ ထပ်မံမြင်တွေ့ရလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ရပါတယ်။ အမှန်ပါပဲ၊ ဒီ ဖြစ်ပေါ်တိုးပွားမှုတွေက သမ္မတ ဦးသိန်းစိန်ရဲ့ NCA မျှော်လင့်ချက် မိုးတိမ်တွေကို လွင့်ပါး ပြိုကွဲစေပါလိမ့်မယ်။ ။
သန်းစိုးနိုင်သည် နိုင်ငံရေး ဆိုင်ရာ စာပေများကို ရေးသားနေသော ရန်ကုန်အခြေစိုက် စာရေးဆရာ တဦးဖြစ်သည်။
ထိပ်သီးခေါင်းဆောင်များ၏ မျက်နှာစုံညီ အစည်းအဝေး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment