Wednesday, 27 May 2015

ဒေသလုံးဆိုင်ရာ အကျပ်အတည်းဖြစ်လာသော လှေစီးဒုက္ခသည်များအရေး ဘယ်လိုအဖြေရှာ


ဒေသလုံးဆိုင်ရာ အကျပ်အတည်းတစ်ခုဖြေရှင်းရေးအတွက် မျှော်လင့်ချက်အလင်းရောင်တစ်မျှင်သည် မကြာမီပြုလုပ်တော့မည့် မြန်မာ-ထိုင်း-မလေးရှားသုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲအပေါ် တည်မှီနေပြီလား။ ဟုတ်သည်ဆိုလျှင် ပြဿနာဖြေရှင်းနည်းကို သုံးနိုင်ငံခေါင်းဆောင်များက မဖြစ်မနေ ဉာဏ်ပညာသုံး တွက်ချက်ကြရပါတော့မည်။ ပြီးခဲ့သည့်ရက်များက ကစားခဲ့သော ပင်ပေါင်ကစားနည်းဗျူဟာဖြင့် ပြဿနာကို ဗြဟ္မာ့ဦးခေါင်းကဲ့သို့ သဘောထားကာ ဟိုဘက် သည်ဘက် ပုတ်ထုတ်မှုမျိုးထက် ပိုကောင်းမွန်သောဗျူဟာကို သုံးကြရပါတော့မည်။ အထူးသဖြင့် မြန်မာတာဝန်ရှိသူများသည် နိုင်ငံ့ပုံရိပ်အတွက် ကြိုးစားကြရမည်။ ပြဿနာ၏ ဇာစ်မြစ်ကို အမြစ်တူးရှာဖွေဖော်ထုတ်ဖြေရှင်းကြရပါမည်။
ရေတို၊ ရေရှည် မဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော်ရမည်။ ၎င်းတို့၏ တွက်နည်းတွင် တိုင်းပြည်၏ အနာဂတ်၊ လူသားမျိုးနွယ်၊ နိုင်ငံ့ပုံရိပ်ကောင်းမွန်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံပေါင်းစုံပူးပေါင်းအားထုတ်ရေး စသည်တို့လည်း မဖြစ်မနေပါဝင်ရန် အရေးကြီးလှပါသည်။ လူသားသမိုင်းတွင် မှတ်ကျောက်တင်မည့် အတွေးအခေါ်ကောင်း၊ ဆုံးဖြတ်ချက်ကောင်းဖြစ်ရန်လည်း လိုအပ်လှသည်။ ၎င်းတို့၏ လုပ်ဆောင်ချက်အပေါ်တွင် ကမ္ဘာတစ်ဝန်းက စောင့်ကြည့်နေသော  မျက်လုံးများ၊ လက်ညှိုးများ၊ လက်ခုပ်များ အသင့်ရှိနေကြောင်း သတိချပ်ရပါမည်။

နိုင်ငံတကာရုပ်သံလိုင်းများ၊ အွန်လိုင်းစာမျက်နှာများတွင် မြန်မာဆိုသည့်အမည်က ပလူပျံနေခဲ့သည်။ နာမည်ကောင်းဖြင့် ကျော်ကြားခြင်းတော့မဟုတ်။ အိန္ဒိယသမုဒ္ဒရာအတွင်း မျောပါနေသည့် လှေစီးရွှေ့ပြောင်းဒုက္ခသည်အများစုမှာ မြန်မာနိုင်ငံမှလာကြသည်ဆိုသော စွပ်စွဲချက်မျိုးဖြင့် ကျော်စောခြင်းဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သမ္မတဦးသိန်းစိန်ထံ ဖုန်းဆက်သွယ်၍ နှစ်ဦးသားစကားပြောခဲ့ကြသည်။  လှေစီးဒုက္ခသည်များအရေးကို  ကမ္ဘာ့အရေးကြီးကိစ္စတစ်ရပ်အဖြစ် ဆောင်ရွက်နေသည်ဟု မစ္စတာဘန်ကအလေးပေးပြောသည်။ အမေရိကန်နိုင်ငံခြားရေးဒုဝန်ကြီး အန်ထော်နီဘလင်ကင်း မြန်မာနိုင်ငံသို့ ရောက်လာပြီး သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အစိုးရအဆင့်မြင့်အရာရှိကြီးများကို တွေ့ဆုံ၍ လူ့အသက်များ ကယ်ဆယ်ရန်၊ လှေစီးဒုက္ခသည်များဆိုင်ရာပြဿနာ ဇာစ်မြစ်ထုတ်ဖော်ရန် ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

ယင်းမတိုင်မီ မေလ ၁၈ ရက်က မြန်မာနိုင်ငံရှိ နိုင်ငံတကာသံရုံး ၄၀ ကျော်မှ သံအမတ်များနှင့် မြန်မာပြည်ထောင်စုဝန်ကြီးများ တွေ့ဆုံပွဲတွင် နိုင်ငံတကာသံအမတ်များက လှေစီးဒုက္ခသည်များအရေးကို အာရုံစိုက်အလေးပေးမေးမြန်းခဲ့ကြသည်။ ဤကိစ္စကြောင့် မြန်မာနိုင်ငံပုံရိပ်ထိခိုက်မည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

မလေးရှားနိုင်ငံရေးသမားလည်းဖြစ်၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ဥက္ကဋ္ဌလည်းဖြစ်သည့် ချားလ်ဆန်တီယာဂိုကလည်း မြန်မာအနေဖြင့် ဘင်္ဂါလီများကို အကူအညီပေးရန် အမေရိကန်၊ တရုတ်နှင့် ဒေသတွင်းနိုင်ငံများအနေဖြင့် မြန်မာကို တွန်းအားပေးရမည်ဟု မေလ ၁၉ ရက်တွင် နိုင်ငံတကာသို့ ပြောကြားခဲ့သည်။ ရိုဟင်ဂျာဟုဆိုသော ဘင်္ဂါလီအသိုက်အ၀န်း၏ လူနေမှုဘ၀များ မြှင့်တင်ဆောင်ရွက်ရန် မြန်မာနိုင်ငံကို နိုင်ငံတကာအသိုက်အ၀န်းက ဖိအားမပေးဘဲနှင့် ဤပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း၊ မူလအစအားဖြင့် ပြဿနာကိုဖြေရှင်းနိုင်သူမှာ မြန်မာတစ်နိုင်ငံတည်းပင်လျှင်ဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ဖြစ်သည့် Arakan Project မှ ခရစ်လျူဝါက မေလလယ်တွင် ဝေဖန်သုံးသပ်ခဲ့သည်။

ဧပြီလကုန်တွင် မလေးရှား၌ ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ပင်လယ်လမ်းကြောင်းမှတစ်ဆင့် ရွှေ့ပြောင်းနေသော ဘင်္ဂါဘီများအရေး အရေးတကြီးဆွေးနွေးရန် စီစဉ်ခဲ့ဖူးသည်။  ပြီးခဲ့သည့် ၂နှစ်တာအတွင်း မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံများသို့ ရိုဟင်ဂျာများအဓိကပါဝင်သည့် ဒုက္ခသည်အစုအဝေးများ ရွှေ့ပြောင်းထွက်ခွာခြင်းသည် ဗီယက်နမ်စစ်ပွဲကာလနောက်ပိုင်း ဒေသတွင်းတွင် အမြင့်ဆုံးစံချိန်ဆီ ဦးတည်နေကြောင်း အာဆီယံလွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြထားသည်။ အာဆီယံသည် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားနိုင်ငံက ၀င်ရောက်မစွက်ဖက်ရေးဆိုသည့် မူဝါဒကိုတစ်လျှောက်လုံးကိုင်စွဲလာခဲ့သော်လည်း ယခုပြဿနာကမူ မြန်မာ တစ်နိုင်ငံတည်း အရေးမဟုတ်တော့ဘဲ သြစတြေးလျ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား အစရှိသည့် နိုင်ငံများသို့ ပျံ့နှံ့ကူးစက်နေသည့် ဒေသအရေး၊ နိုင်ငံတကာအရေးအသွင် ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ပြီးခဲ့သည့်လ အာဆီယံထိပ်သီးညီလာခံတွင် ထည့်သွင်းဆွေးနွေးရန် စီစဉ်သည့်အခါ ရိုဟင်ဂျာဆိုသည့် အမည်နာမအသုံးအနှုန်းကြောင့် ယင်းအစည်းအဝေးကို တက်ရောက်ရန် မြန်မာက ငြင်းဆိုခဲ့ကာ အာဆီယံအနေဖြင့်လည်း ဤပြဿနာအတွက် အဖြေတစ်စုံတစ်ရာ (သို့မဟုတ်) ချဉ်းကပ်နည်းတစ်စုံတစ်ရာကိုမှ ထုတ်နိုင်ခဲ့ခြင်းမရှိပေ။

ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်၊ မလက္ကာရေလက်ကြားတို့တွင် ရွှေ့ပြောင်းသွားလာနေသော လှေများပေါ်၌ ပြွတ်သိပ်ကျပ်ညပ်နေသည့် လှေစီးဒုက္ခသည်များအကြောင်း နိုင်ငံတကာသတင်းဌာနများက လွန်ခဲ့သည့်နှစ် အတန်ကြာကတည်းကပင် တွေ့ရှိမီးမောင်းထိုးဖော်ပြနေခဲ့ကြသည်။ မေလဆန်းတွင် ကမ္ဘာ့သြဇာအကြီးဆုံးသတင်းဌာနအချို့က ပင်လယ်ထဲအရောက်သွား၍ လှေစီးဒုက္ခသည်များအကြောင်း ရုပ်သံများနှင့်တကွ ကွင်းဆင်းသတင်းပေးပို့ မီးမောင်းထိုးပြလာကြသည်။ ပြီးခဲ့သည့်ဇန်န၀ါရီလမှ မတ်လအတွင်း ပင်လယ်ပြင်၌ ဒုက္ခသည်သုံးရာခန့်သေဆုံးခဲ့ကြပြီး ယင်းနောက်ပိုင်းမှ ယခုထိဆိုလျှင် သေဆုံးမှုများ ပိုများနေသည်ဟု ဆိုသည်။ ကလေးသူငယ်များ၊ အမျိုးသမီးများလည်း ပါဝင်နေသည့် ထောင်ပေါင်းများစွာသော လှေစီးဒုက္ခသည်များသည် အစားအစာ၊ သောက်သုံးရေတို့ကုန်ခန်းနေပြီး ပင်လယ်ပြင်တွင် ကျန်းမာရေးချို့တဲ့ ဒုက္ခရောက်နေကြကြောင်း၊ အသက်သေဆုံးနိုင်သည့် အန္တရာယ်များ ကျရောက်နေကြောင်း တစ်ကမ္ဘာလုံးက သိရှိသွားသည်။ ကမ္ဘာ့ခေါင်းဆောင်များ၊ သံတမန်များ၏  စားပွဲပေါ်တွင် ဤပြဿနာက နေရာယူလာသည်။ ဤတွင် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ အစောပိုင်းရောက်ရှိသွားကြသည့် လှေများက ၎င်းတို့သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထွက်ပြေးရွှေ့ပြောင်းလာကြသည့် ဘင်္ဂါလီ (၎င်းတို့အခေါ် ရိုဟင်ဂျာ)များဖြစ်ပါသည်ဟုဆိုခဲ့ကြသည်။

သမ္မတဦးသိန်းစိန်နှင့်တကွ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း တစိုက်မတ်မတ်ကန့်ကွက်ငြင်းဆိုထားခဲ့ကြသလို ဘင်္ဂါလီ(ရိုဟင်ဂျာ)ဆိုသည်မှာ မြန်မာတိုင်းရင်းသား ၁၃၅မျိုး၌ မပါဝင်ကြောင်းလည်း ငြင်းဆိုခဲ့ကြပြီးဖြစ်သည်။ သို့သော် ထောင်ပေါင်းများစွာသော လှေစီးဒုက္ခသည်များက မြန်မာနိုင်ငံမှ လာပါသည်ဟုဆိုလာသည့်အခါ နိုင်ငံတကာ၏ မျက်လုံးများတွင် မြန်မာသည် ပြဿနာ၏ ဗဟိုချက်မအဖြစ်ကျရောက်သွားလေသည်။

မေလ ၂၃ရက်တွင်မူ တွေ့ရှိကယ်ဆယ်ထားသည့် လှေစီးဒုက္ခသည်များအနက် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းကြားသာ ရိုဟင်ဂျာ (ဘင်္ဂါလီ)ဒုက္ခသည်များဖြစ်ပြီး ကျန်သူများမှာ မလေးရှားတွင် အလုပ်အကိုင်ရရှိရန်ရှာဖွေနေသည့် ဘင်္ဂါလားဒေ့ရှ်မှ တရားမ၀င်အလုပ်ကြမ်းသမားများသာဖြစ်သည်ဟု အင်ဒိုနီးရှားအရာရှိများက သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ကို ပြောကြားကြောင်း သတင်းများထွက်ပေါ်လာသည်။ ယင်းမတိုင်မီ မေလ၂၁ရက်က မြန်မာ့ရေပိုင်နက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးဒုက္ခသည်နှစ်ရာပါသည့် စက်လှေတစ်စီးကို တပ်မတော်(ရေ)က တွေ့ရှိထိန်းသိမ်းခဲ့သည်။

အထက်ပါ အချက်များကြောင့် ပြဿနာသည် ဘင်္ဂလားဒေ့ရှ်နှင့် အဓိကပတ်သက်နေကြောင်း ပေါ်လွင်လာသော်လည်း မြန်မာသည် ကွင်းလုံးကျွတ်လွတ် သွားခြင်းမျိုးတော့မရှိသေးပေ။

အဘယ်ကြောင့်ဆိုသော် ယခုနှစ် ပထမသုံးပတ်အတွင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ ထွက်ခွာလာသည့် ရွှေ့ပြောင်းသူပေါင်း ၂၅,၀၀၀ ရှိပြီး ယင်းအနက် ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းကြားပမာဏ၏ မူရင်းဇာစ်မြစ်မှာ  မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှဖြစ်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီက ဆိုထားသည်။ ၎င်း၏အဆိုအရ ပြီးခဲ့သည့်သုံးနှစ်တာအတွင်း ဘင်္ဂါလီလူမျိုး ၁၂၀,၀၀၀ ထက်မနည်းသည် ပြည်ပသို့ ပင်လယ်ရေကြောင်းသင်္ဘောခရီးဖြင့် ထွက်ခွာခဲ့ပြီးဖြစ်သည်။

ခြေရာကောက်သော်

မြန်မာ့ရေပိုင်နက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ရာကျော် ပါဝင်သော စက်လှေနှစ်စီးကို တပ်မတော်(ရေ)က တွေ့ရှိဖမ်းဆီးခဲ့ခြင်းမှာ နိုင်ငံတကာစွပ်စွဲချက်များကို ဖြေရှင်းရန် အထောက်အကူပြုကြောင်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကပြောသည်။

စက်လှေတစ်စီးသည် ထိုင်းနိုင်ငံ ရနောင်းမြို့မှ ထွက်ခွာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရေပိုင်နက်အတွင်းရှိ အုန်းကျွန်းအနောက်ဘက်ပင်လယ်ပြင်တွင် ရပ်တန့်ထားခဲ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို လှေငယ်များဖြင့် အဖွဲ့လိုက် အဆိုပါစက်လှေပေါ်သို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို တင်ဆောင်၍ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ပို့ဆောင်ပေးရန် ထွက်ခွာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် ပင်လယ်ပြင်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသဖြင့် နောက်ကြောင်းသို့ ပြန်လှည့်ပြီး မောင်းနှင်လာစဉ် မြိတ်မြို့နေ ကိုခိုင်ဆိုသူပိုင်ဆိုင်သော စက်လှေတစ်စီးနှင့်အတူ မြန်မာ့ရေပိုင်နက်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း အစိုးရက ထုတ်ပြန်သည်။ မြိတ်မြို့မှ စက်လှေတစ်စီးမှာ ထိုင်းလူမျိုး အုမင့်ပိုင်ဆိုင်သော စက်လှေသို့ ရိက္ခာလိုက်ပို့ခြင်းဖြစ်ကြောင်း၊ ယင်းစက်လှေမှာ ကော့သောင်းမှ ထွက်ခွာခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်သို့ ရောက်ရှိခဲ့ပြီး မြန်မာ့ရေပိုင်နက်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့်ရက်က အင်ဒိုနီးရှားကမ်းရိုးတန်းတွင် တံငါသည်များက ကယ်ဆယ်ခဲ့သော လှေစီးဒုက္ခသည်များ ပြောပြချက်အရ ဘင်္ဂါလီဒုက္ခသည်စခန်းများမှ ထွက်ပြေး၍ မလေးရှားသို့ သွားရန်ကြိုးစားကြသူများအနေဖြင့် လူကုန်ကူးဂိုဏ်းတစ်ဂိုဏ်းကို ပိုက်ဆံပေးကြရသည်ဟု ဆိုသည်။ ခရီးအစပိုင်း လက်လှော်လှေစီးခတစ်ဦးလျှင် ဒေါ်လာ ၅၀၀ (မြန်မာငွေကျပ်ငါးသိန်း)ခန့် ပေးကြရပြီး ထိုမှတစ်ဆင့် ပိုကြီးသည့် လှေသင်္ဘောကြီးဆီ ရွှေ့ပြောင်းရန် နောက်ထပ် ဒေါ်လာ ၂၀,၀၀၀(ကျပ်သိန်း ၂၀)ခန့် ပေးရသည်ဟု သတင်းဌာနများကို ဖြေကြားထားသည်။ လှေစီးဒုက္ခသည် အဗ္ဗဒူလ်ဟာကွတ် ပြောပြချက်အရ ၎င်းတို့သည် ပင်လယ်ပြင်တွင် လေးလခန့်နေခဲ့ကြရပြီး လှေစက်အင်ဂျင် အလုပ်မလုပ်တော့သလို ကပ္ပတိန်ကလည်း ထွက်ပြေးသွားကာ စားစရာလည်းမရှိဖြစ်ခဲ့ရသည်။

မေလဆန်းက ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနိုင်ငံနှင့် နယ်ခြားဒေသအနီး သစ်တောကြီးထဲတွင် အလောင်းများမြှုပ်နှံထားသော လျှို့ဝှက်သင်္ချိုင်းရာကို ရှာဖွေတွေ့ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့သည်။ ယင်းသင်္ချိုင်းရာသည် လူမှောင်ခိုတင်ပို့သူများ အသုံးပြုခဲ့သည့် လျှို့ဝှက်တောတွင်းစခန်းတစ်ခုဖြစ်ကြောင်း၊ ရုပ်အလောင်းများမြှုပ်နှံထားသည့် သင်္ချိုင်းနေရာ ၃၀ ကျော်ကို ရှာဖွေတွေ့ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာသည်။ သေဆုံးနေသူများသည် မြန်မာနိုင်ငံအနောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ထွက်ခွာပြီး မလေးရှားသို့ ဝင်ရောက်ခိုလှုံရန် ကြိုးစားခဲ့သည့် ဘင်္ဂါလီ(ရိုဟင်ဂျာ)များဖြစ်နိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။

မြန်မာ၊ မလေးရှားနှင့် ထိုင်းနိုင်ငံသားများပါဝင်သည့် လူမှောင်ခိုဂိုဏ်းတစ်ခုက ၎င်းတို့ကို မလေးရှားနိုင်ငံအတွင်းသို့ ပို့ဆောင်ပေးခအဖြစ် တောင်းဆိုသောငွေကြေးကို စောင့်ဆိုင်းနေရင်း ငတ်ပြတ်မှုနှင့် ရောဂါဘယများကြောင့် သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ ဆွမ်ယွတ်ကပြောသည်။ အလောင်းများကို ရဲတပ်ဖွဲ့ရှာမတွေ့မီ နှစ်ရက်အလိုက လူမှောင်ခိုဂိုဏ်းများသည် ဘင်္ဂါလီ (ရိုဟင်ဂျာ)များအား မလေးရှားနယ်နိမိတ်ထဲ ခေါ်သွင်းသွားသည်ဟု ယုံကြည်ရကြောင်း ဆွမ်ယွတ်ကဆိုသည်။

လူမှောင်ခိုဂိုဏ်းသားများသည် မြန်မာနိုင်ငံအနောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ဘင်္ဂါလီများကို မလေးရှားသို့ ခိုးသွင်းပေးရန် ခေါ်ဆောင်လာလေ့ရှိသည်။ ၎င်းတို့သည် ထိုင်းနိုင်ငံကို ဖြတ်ကျော်ကာ မလေးရှားသို့ မဝင်ရောက်မီအတွင်း အကျဉ်းစခန်းသဖွယ် ဆောင်လုပ်ထားသည့် တောတွင်းလျှို့ဝှက်စခန်းများ၌ ဘင်္ဂါလီများကို ထိန်းသိမ်းထားလေ့ရှိသည်။ ထို့နောက် ဘင်္ဂါလီများ၏ မိသားစုများထံ အကျပ်ကိုင် ငွေကြေးတောင်းခံပြီး ထိုငွေကြေးကို လက်ခံရရှိချိန်မှ ၎င်းတို့အား မလေးရှားဘက်သို့ တောလမ်းမှ လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

အကယ်၍ ပြန်ပေးငွေ မရောက်လာမီ ကျန်းမာရေးဖောက်ပြန်မှုနှင့် ငတ်ပြတ်မှုများကြောင့် ဘင်္ဂါလီများသေဆုံးပါက စခန်းပြင်ပတွင် ဖြစ်ကတတ်ဆန်း မြေမြှုပ်လိုက်လေ့ရှိသည်။ ထို့အပြင် အာဏာပိုင်များက စုံစမ်းမှုများရှိနေကြောင်း သတင်းအစအနရလာပါကလည်း ကျန်းမာရေးချွတ်ယွင်းနေသူများကို စခန်းတွင်ပင် ပစ်ထားပြီး အလျင်အမြန်တိမ်းရှောင်သွားလေ့ရှိသည်။ မေလ ၁ ရက်က ဆွန်ခလာရှိ လျှို့ဝှက်စခန်းကို ထိုင်းရဲတပ်ဖွဲ့နှင့် စစ်သားများက သွားရောက်စစ်ဆေးချိန်တွင် ကျန်းမာရေးဆိုးရွားနေသည့် ဘင်္ဂါလီတစ်ဦးကို အသက်ရှင်လျက်သား တွေ့ရှိခဲ့ရသည်။ ထို့အပြင် ဆွန်ခလာ၌ပင် လူမှောင်ခိုသမားများ အသုံးပြုနေသည့် နောက်ထပ် တောတွင်းလျှို့ဝှက်စခန်းတစ်ခုကို မေလ ၃ ရက်၌ ရှာဖွေတွေ့ရှိခဲ့ပြီး ထိုနေရာတွင်မူ အလောင်းများမြှုပ်နှံထားသည့် သဲလွန်စမတွေ့ရဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားထားသည်။

မလေးရှားနိုင်ငံသို့ ခိုးဝင်ရန် ကြိုးစားသည့် ဘင်္ဂါလီ(ရိုဟင်ဂျာ)များသည် ယခုကဲ့သို့ တောစခန်းများတွင်ဖြစ်စေ၊ ပင်လယ်ထဲတွင်ဖြစ်စေ အရေအတွက် ရာနှင့်ချီ သေဆုံးလေ့ရှိသည်ဟု ခန့်မှန်းထားကြသည်။ နှစ်စဉ်နှစ်တိုင်း ဘင်္ဂါလီ (ရိုဟင်ဂျာ)အရေအတွက် ထောင်နှင့်ချီပြီး ထိုင်းနိုင်ငံကမ်းခြေသို့ ခိုးဝင်လာကာ ထိုမှတစ်ဆင့် လူမှောင်ခိုသမားများက ထိုင်းနိုင်ငံတောင်ပိုင်း တောလမ်းများမှတစ်ဆင့် ၎င်းတို့ကို မလေးရှားနိုင်ငံထဲသို့ ခိုးသွင်းပေးလေ့ရှိသည်ဟု သတင်းများက ဆိုသည်။

တောတွင်းစခန်းကို တွေ့ရှိပြီးနောက် ထိုင်းရဲတပ်ဖွဲ့က လူမှောင်ခိုဂိုဏ်းသားများဟု သံသယရှိသူ ထိုင်းနိုင်ငံသားသုံးဦးနှင့် မြန်မာနိုင်ငံသားဟုဆိုသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အဆိုပါလေးဦးအနက် သုံးဦးသည် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ ထိုင်းနိုင်ငံသားများဖြစ်နေသည်။ လူမှောင်ခိုလုပ်ငန်းများတွင် ဒေသဆိုင်ရာအုပ်ချုပ်ရေးအရာရှိများနှင့် ရဲဝန်ထမ်းများ ပါဝင်နေကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်းများက  ယခင်ကတည်းက ကာလကြာမြင့်စွာ စွပ်စွဲမှုများပြုလုပ်ခဲ့သည်။ ယခုကဲ့သို့ လူကုန်ကူးလူမှောင်ခိုမှုလုပ်ငန်းတွင် ထိုင်းအာဏာပိုင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများကိုယ်တိုင်ပါဝင်နေကြောင်း ဖော်ထုတ်တွေ့ရှိလာသည့်အခါ လူကုန်ကူးမှုတိုက်ဖျက်ရေးလှုပ်ရှားနေသည့် ထိုင်းအာဏာပိုင်များအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာစေခဲ့သည်။

မေလ ၂၄ ရက်တွင်လည်း မလေးရှားနိုင်ငံ၌ ရုပ်အလောင်းမြှုပ်နှံထားသည့် သင်္ချိုင်းရာများကို အစုလိုက်အပြုံလိုက်တွေ့ရှိခဲ့ပြီး ၎င်းတို့မှာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ရွှေ့ပြောင်းဝင်ရောက်လာသူများဟု ယုံကြည်ကြောင်း မလေးရှားအာဏာပိုင်များက ပြောကြားပြန်သည်။

ဘာကြောင့် ပင်လဲထဲမျော

ပြီးခဲ့သည့် အောက်တိုဘာလနှောင်းပိုင်းက ကပ္ပလီပင်လယ်ပြင်ကို စွန့်စားကျော်ဖြတ်ပြီး ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးစားခဲ့သူ ၅၇,၀၀၀ ကျော်ထိ ရှိနိုင်မည်ဟု Arakan Project မှ ခရစ်လျူဝါက ခန့်မှန်းသည်။ အဆိုပါရွှေ့ပြောင်းအခြေချရန် အားထုတ်သည့် ဘင်္ဂါလီများသည် လူမှောင်ခိုသမားများ၏ ပစ်မှတ်ဖြစ်လာပြီး ၎င်းတို့ကို ထိန်းချုပ်ကာ ခြိမ်းခြောက်ငွေတောင်းခံမှုများ ပြုလုပ်လေ့ရှိသည်။ အချို့သော အခြေအနေများတွင် လူမှောင်ခိုသမားများ လက်ချက်ဖြင့် သေဆုံးမှုများပင် ရှိတတ်ကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူများက မှတ်ချက်ပြုခဲ့သည်။

ရွှေ့ပြောင်းသူများဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း (IOM)၏အဆိုအရ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းသူပေါင်း ၈,၀၀၀ ခန့်သည် ပင်လယ်ပြင်၌ လတ်တလောမျောနေသည်ဟု ဆိုလေသည်။

ထိုင်းရဲတပ်ဖွဲ့က လူမှောင်ခိုဂိုဏ်း၏တောတွင်းစခန်းကို တွေ့ရှိဖော်ထုတ်မှုကြီး ပေါ်ပေါက်လာပြီးနောက်တွင် လူမှောင်ခိုဂိုဏ်းများက လှေများကို ပင်လယ်တွင်း၌ပင် ပစ်ထားလိုက်ကြသည်။ ကနဦးတွင် ဒေသတွင်းရှိ နိုင်ငံများက လှေစီးဒုက္ခသည်များကို ကမ်းကပ်ခံလက်ခံလိုစိတ်မရှိသလို ထိုသူတို့ကို မကူညီရန် ငါးဖမ်းသမားများကိုပင် မှာကြားမှုများ ရှိခဲ့သည်။

ထိုင်းရေပိုင်နက်အတွင်း၌ ထိုရွှေ့ပြောင်းလှေများကို အကူအညီများပေးခဲ့ကြောင်း ထိုင်းရေတပ်က ပြောကြားခဲ့ပြီး ထိုင်းကမ်းခြေတွင် ဒုက္ခသည်စခန်းများ ဖွင့်လှစ်ပေးနိုင်ကြောင်း နိမိတ်ပြပြောဆိုခဲ့သည်။ သို့သော် လှေများကို ပင်လယ်တွင်း ပြန်လည်ထွက်ခွာရန် စေခိုင်းခဲ့ပြီး အမြဲတမ်းအခြေချခွင့်မပေးလိုခဲ့ပေ။ နောက်ပိုင်းတွင်မူ ဒုက္ခသည်လှေများကို ပြန်လွှတ်မည်မဟုတ်ဟု ထိုင်းက ပြောကြားလာပြန်သည်။

မလေးရှားသည် ဘင်္ဂါလီဟုဆိုသူ ခရီးသွားအများစုအတွက် ခရီးဆုံးပန်းတိုင်ဖြစ်သည်။ မွတ်စလင်နိုင်ငံတစ်နိုင်ငံဖြစ်ခြင်း၊ အခြေခံအလုပ်ကြမ်းအလုပ်သမား လိုအပ်ချက်ရှိခြင်းတို့ကြောင့်ဟု ဆိုသည်။ သို့သော် လှေများကို လက်မခံဘဲ ပင်လယ်တွင်းပြန်လွှတ်ရန် မလေးရှားက ၎င်း၏ရေတပ်ကို ကနဦးပိုင်းက အမိန့်ပေးခဲ့ဖူးသည်။

မေလ ၂၀ ရက်တွင် မလေးရှားနှင့် အင်ဒိုနီးရှားက ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ၎င်းတို့နှစ်နိုင်ငံအနေဖြင့် ပင်လယ်တွင်းမျောပါနေသည့် လှေစီးဒုက္ခသည် ၇,၀၀၀ ကို ခိုလှုံရာပေးမည်ဖြစ်ကြောင်း၊ သို့သော် ယင်းအကူအညီမှာ တစ်နှစ်အတွင်း ယာယီသာဖြစ်ကြောင်း၊ ဤအကျပ်အတည်းကို ကူညီကိုင်တွယ်ရန် နိုင်ငံတကာအသိုက်အဝန်းတွင်လည်း တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။  မေလ ၂၀ မတိုင်မီ အစောပိုင်းကမူ အင်ဒိုနီးရှားကလည်း လှေစီးဒုက္ခသည်များကို ကြိုဆိုမှုမရှိဘဲ  ပင်လယ်တွင်း ပြန်လွှတ်ခဲ့သည်။ ငါးဖမ်းသမားများ ကယ်ဆယ်ခဲ့သော ဒုက္ခသည်များကို လက်ခံခဲ့သော်လည်း နောက်ထပ် မကယ်ဆယ်တော့ရန် အင်ဒိုနီးရှားအစိုးရက သတိပေးချက်ထုတ်ပြန်ခဲ့သည်။

သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့ကလည်း လှေစီးဒုက္ခသည်များအား လက်ခံရန်ငြင်းဆိုခဲ့သည်။ သြစတြေးလျအနေဖြင့် ၎င်း၏အိမ်နီးချင်းနိုင်ငံများနှင့်အတူ ဖြေရှင်းနည်းတစ်ရပ် ဝိုင်းဝန်းရှာဖွေရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က တိုက်တွန်းခဲ့သည်။

အမေရိကန်ပြည်ထောင်စုက လှေစီးဒုက္ခသည်အချို့ကိုလက်ခံရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သည် လှေစီးဒုက္ခသည်များကို ၎င်း၏အရှေ့တောင်ပိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံခွင့်ရံဖန်ရံခါပေးလေ့ရှိပြီး တစ်ခါတစ်ရံတွင် မြန်မာဘက်သို့ ပြန်ပို့လွှတ်လေ့ရှိကြောင်းသိရသည်။ ထိုဒုက္ခသည်စခန်းများတွင် လက်ရှိနေထိုင်နေသူပေါင်း နှစ်သိန်းခန့်ရှိကြောင်း ခန့်မှန်းထားကြသည်။

မြန်မာဘာလုပ်

ပင်လယ်ပြင်ကိုဖြတ်သန်း၍ လှေဖြင့်ရွှေ့ပြောင်းနေကြသော ဘင်္ဂါလီ(ရိုဟင်ဂျာ)များကို ရခိုင်ပြည်နယ်တွင်ဖြစ်နေသည့်အခြေအနေကြောင့် ထွက်ပြေးနေသည့် ဒုက္ခသည်များအဖြစ် မြန်မာအစိုးရက မမြင်ဘဲ ယင်းပြဿနာမှာ လူမှောင်ခိုကူးမှုသာဖြစ်၍ နိုင်ငံတကာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က မေလ ၁၈ ရက်၌ ပြောကြားခဲ့သည်။

နေပြည်တော်အစိုးရက ‘ပင်လယ်ပြင်အတွင်း တရားမဝင် ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ အရေးပေါ်စီမံခန့်ခွဲရေးကော်မတီ’ကို ဒုသမ္မတဦးဉာဏ်ထွန်း ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီးများနှင့် ဖွဲ့စည်းကာ မေလ ၂၁ ရက်တွင် အရေးပေါ်အစည်းအဝေးကျင်းပခဲ့သည်။ လှေစီးဒုက္ခသည်များတွင် မြန်မာနိုင်ငံမှ လာသူနည်းပါးသည့်အရေအတွက် ပါကောင်းပါနိုင်သော်လည်း အများစုမှာ မြန်မာမှမဟုတ်ကြောင်း ပြတ်ပြတ်သားသားငြင်းဆိုပါကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံသားဟုတ်၊ မဟုတ် လိုအပ်သည့် ဇာစ်မြစ်ကို စိစစ်ခြင်း၊ နိုင်ငံတကာကောင်စစ်လုပ်ငန်းများနှင့်အညီ စိစစ်မှုများ ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုနိုင်လျှင် ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ခြင်း၊ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူခြင်းများပြုလုပ်မည်ဟု ဒုသမ္မတကပြောကြားခဲ့သည်။ လူမှောင်ခိုမှု၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးနှင့် တရားမဝင် ရွှေ့ပြောင်းသွားလာမှုပြဿနာများသည် ဒေသတွင်း၌ဖြစ်ပွားနေသည့် ပြဿနာဖြစ်သည့်အတွက် မြန်မာတစ်နိုင်ငံတည်း ဆောင်ရွက်သွားရန် ခက်ခဲ၍ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုပြုရမည်ဟု ဒုသမ္မတက ပြောကြားခဲ့သည်။

‘‘စွပ်စွဲပြောဆိုမှုတွေကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ လုံးဝပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ စိတ်ထဲမှာလည်း ဒါနဲ့ပတ်သက်လို့ မကျေမနပ်မသက်မသာဖြစ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဖြစ်တဲ့ကိစ္စက လူကုန်ကူးတဲ့လူပွဲစားတွေရဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်တယ်။ ဒါကြီးကို မှေးမှိန်အောင်လုပ်ပြီးတော့မှ ဒီလူတွေဟာ မြန်မာနိုင်ငံကနေပြီးတော့မှ ဘင်္ဂါလီအိုင်ဒီပီ (သို့မဟုတ်) သူတို့ပြောပြောနေတဲ့ ရိုဟင်ဂျာဘာညာကနေ ပြည်နယ်အစိုးရက မတရားညှဉ်းပန်းနှိပ်စက်လို့ စသဖြင့် ဒီလိုတွေလုပ်တဲ့အတွက် မနေနိုင်လို့ပြေးတာပါ။ မြန်မာနိုင်ငံက အများဆုံးဖြစ်တယ်လို့ ပြောတာတွေကို လုံးဝကန့်ကွက်ပါတယ်။ ဒါကိုလည်း လုံးဝကျေနပ်မှုမရှိပါဘူး’’ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကပြောသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်ဦးလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး ဆူဖီယာရ်ရာမန်တို့ ရန်ကုန်မြို့တွင် မေလ ၂၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံပူးပေါင်းအဖြေရှာရန် သဘောတူလိုက်ကြသည်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးအနေဖြင့် ရခိုင်ပြည်နယ်အစိုးရရုံးထံ သွားရောက်တွေ့ဆုံခဲ့သည်။

ဖြေရှင်းနိုင်ဖို့

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာကမူ လူမှောင်ခိုကူးသူများကိုရော တိုင်းပြည်က ထွက်ပြေးသွားကြသူများကိုပါ ပြစ်ဒဏ်ပေးသင့်ကြောင်း ပြောကြားလာခဲ့သည်။

မြန်မာနိုင်ငံတွင်း၌ ဘင်္ဂါလီ ၁ ဒသမ ၃ သန်းခန့် နေထိုင်နေကြောင်း နိုင်ငံတကာစစ်တမ်းများက ဖော်ပြသည်။ ပြဿနာ၏ အကြောင်းရင်းများအနက် တစ်ခုဖြစ်သည့် နိုင်ငံမဲ့ဖြစ်ခြင်းကို နိုင်ငံတကာကထောက်ပြကာ ဘင်္ဂါလီ (ရိုဟင်ဂျာ)များကို မြန်မာနိုင်ငံသားအဖြစ်ပေးရန် မြန်မာအပေါ် ဖိအားများပေးနေခဲ့သော်လည်း မြန်မာကလက်မခံပေ။ မြန်မာခေါင်းဆောင်များနှင့်တွေ့ဆုံပြီး နောက်တစ်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဒုဝန်ကြီးအန်ထော်နီ ဘလင်ကင်းက နေစရာနှင့် နိုင်ငံသားဖြစ်စရာ မည်သည့်နေရာမှ မရှိခြင်းကြောင့်ဖြစ်ရသည့် မသေချာမရေရာမှုသည် လူများစွန့်ခွာထွက်သွားစေနိုင်သည့်အရာများအနက် တစ်ခုဖြစ်ကြောင်း မှတ်ချက်ချခဲ့သည်။ ဘင်္ဂါလီများအနေဖြင့် အသက်အန္တရာယ်ရှိသည့် ပင်လယ်ပြင်ဖြတ်သန်းခြင်းဟူသော အန္တရာယ်တွင်းသို့ ၎င်းတို့၏အသက်ကို ဝကွက်အပ်ရန်ဆန္ဒရှိနေကြခြင်းသည် လူများ ဤကဲ့သို့သော ရွေးချယ်မှုမျိုးကို ရွေးချယ်စေသည့် ရခိုင်ပြည်နယ်မှအခြေအနေများ ရောင်ပြန်ဟပ်မှုတစ်ခုပင်ဖြစ်သည်ဟု မစ္စတာဘလင်ကင်းကဆိုသည်။

‘‘နိုင်ငံသားဖြစ်ခွင့်ရနိုင်တဲ့ လမ်းကြောင်းတစ်ခု သူတို့ရရှိသင့်ပါတယ်’’ဟု ကန်နိုင်ငံခြားရေးဒုဝန်ကြီးက ရန်ကုန်မြို့တွင် မေလ ၂၂ ရက်က ပြောကြားသည်။

တစ်ဖက်တွင်မူ ယခုအချိန်၌ ထိုနိုင်ငံသားဖြစ်မှုပေးရေးအတွက် မြန်မာအပေါ် အလွန်အမင်းတွန်းအားမပေးသည့် ချဉ်းကပ်နည်းမျိုးသုံးသင့်ကြောင်း အာရှဒေသ လူသားချင်းစာနာထောက်ထားမှုနှင့် ပဋိပက္ခဆိုင်ရာကျွမ်းကျင်သူ လီလီယန်းဖန်က သည်ဂါးဒီးယန်းသတင်းစာမှတစ်ဆင့် ထောက်ပြလာသည်။

‘‘အခြေခံအားဖြင့် ဒါက နိုင်ငံမဲ့မှုနဲ့ နိုင်ငံသားဖြစ်မှုဆိုတဲ့ ကိစ္စရပ်တစ်ခုပါ။ အာဆီယံက သုံးရမယ့်ချဉ်းကပ်နည်းကတော့ အခုလက်ရှိအချိန်မှာ နိုင်ငံသားဖြစ်မှုအတွက် မြန်မာကိုသိပ်ပြင်းပြင်းထန်ထန်ကြီး တွန်းအားပေးဖို့မလိုဘဲနဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုရှုထောင့်ကနေပြီး တိုးတက်လာတဲ့အနေအထားတွေကို ပိုကြည့်မြင်တဲ့ချဉ်းကပ်နည်းပဲ။ အနေအထားတွေ တည်ငြိမ်တဲ့အခါမှာ နောက်ဆုံးအပြီးသတ် နိုင်ငံသားဖြစ်မှုနဲ့ ပုံစံအဆင့်ဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်ရမယ်။ ဒါက ရှည်လျားကြာညောင်းတဲ့ ဆွေးနွေးမှုတစ်ခုဖြစ်လိမ့်မယ်။ ပြီးတော့လွယ်ကူမှာမဟုတ်ဘူးဟု ယူကေပင်လယ်ရပ်ခြားတိုင်းတစ်ပါး ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း၏ လူသားချင်းစာနာထောက်ထားမှု မူဝါဒအဖွဲ့သုတေသနပညာရှင်လည်းဖြစ်သည့် လီလီယန်းဖန်က သုံးသပ်သည်။

မေလ ၂၁ ရက်တွင် လှေစီးဒုက္ခသည်များအရေးနှင့်ပတ်သက်၍ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ဆောင်းပါးတစ်ပုဒ်ကို အရှိန်အ၀ါရှိသော NIKKEI Asian Review က ဖော်ပြလာသည်။ ယင်းဆောင်းပါး၌ ၀န်ကြီးက ယခုပြဿနာသည် နိုင်ငံတကာအထောက်အပံ့များနှင့်အတူ နှစ်နိုင်ငံ နှစ်ဦးနှစ်ဖက် အပြန်အလှန် ဖြေရှင်းနည်းများနှင့် ဒေသတွင်း ဖြေရှင်းနည်းများ လိုအပ်သည့် ဒေသဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည်ဟု ဖော်ပြသည်။

‘‘လက်ရှိ ရွှေ့ပြောင်းအကျပ်အတည်းကို ရခိုင်ပြည်နယ်က အခြေအနေကနေပွားလာတဲ့ ပြဿနာတစ်ခုအဖြစ် အလွယ်ကလေးမြင်ပြီး မြန်မာကိုချည်းပဲ အပြစ်တင်နေတာထက်စာရင် ရှေ့ဘာဆက်လုပ်ရမလဲဆိုတဲ့ လက်တွေ့နည်းလမ်းတစ်ရပ်ကို ရှာဖွေရာမှာ ကမ္ဘာက ၀ိုင်းကူရှာပေးနိုင်ရင် သိပ်ကောင်းမှာပါပဲ’’ဟု ဦးစိုးသိန်းက ရေးသားခဲ့သည်။

Christain Solidarity Worldwide ၏ အရှေ့အာရှရေးရာအဖွဲ့ အကြီးအကဲ ဘင်နက်ဒစ်ရော်ဂျာစ်က အဆင့်ခြောက်ဆင့်ပါဝင်သည့် ဖြေရှင်းနည်းတစ်ရပ်ကို ပြလာသည်။  (၁)  မြန်မာနိုင်ငံအပါအ၀င် ဒေသတွင်းနိုင်ငံများအနေဖြင့် ဤကြောက်မက်ဖွယ်ရာ  လူသားမျိုးနွယ်ကံဆိုးမိုးမှောင်ကျမှုကို မည်ကဲ့သို့ဖြေရှင်းကြမည်လဲဆိုသည့်အပေါ် ဆွေးနွေးရေး အတူတကွတွေ့ဆုံကြရန်၊ (၂) ဘင်္ဂါလီများအတွက် မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်မှုသော်လည်းကောင်း သို့မဟုတ် (လှေပေါ်ရှိသူများ၊ တခြားနိုင်ငံများတွင် မျောပေါနေသူများ)ကို အခြားနိုင်ငံများတွင် ဒုက္ခသည်များအဖြစ် နိုင်ငံရေးခိုလှုံခွင့်ပေးခြင်းသော်လည်းကောင်း တစ်ခုမဟုတ်တစ်ခုပေးရန်၊ (၃) မြန်မာနိုင်ငံတွင်းရှိနေဆဲ ဘင်္ဂါလီအတွက် လူသားပီသစွာဆက်ဆံရန်၊ တန်းတူညီမျှအခွင့်အရေးပေးရန်၊ ရခိုင်နှင့် ဘင်္ဂါလီဟုဆိုသူနှစ်မျိုးစလုံးအတွက် ရခိုင်ပြည်နယ်တစ်ဝန်းလုံး နှောင့်နှေးမှုမရှိ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးခွင့်ပြုရန်(၄) မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မည်သည့်တရားမ၀င်လူဝင်မှုမျိုးကိုမဆို ရပ်တန့်ပစ်ရေးအတွက် သင့်တော်သော နယ်စပ်ထိန်းချုပ်မှုများ တည်ထောင်ရန် (၅) ဘင်္ဂါလီမဟုတ်သော လှေစီးဒုက္ခသည်များအနေဖြင့် ဘင်္ဂလားဒေ့ရှ်သို့မဟုတ် အခြားနိုင်ငံအစရှိသည့် ၎င်းတို့၏ မူလနိုင်ငံသို့ ပြန်လည်အခြေချရန် သို့တည်းမဟုတ် တတိယနိုင်ငံတွင် နေရာချထားရန် (၆)မြန်မာနိုင်ငံမှလာသည်ဟုဆိုသော ဘင်္ဂါလီဖြစ်ဖြစ်၊ မည်သူပဲဖြစ်ဖြစ် လူအားလုံးအနေဖြင့် ၎င်းတို့ကို မွေးဖွားခဲ့ရာ နိုင်ငံ၏ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန်နှင့် လူသားအဖြစ် ဆက်ဆံရန်ဟုဆိုလေသည်။

လက်ရှိအချိန်တွင် မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာဖိအားတစ်မျိုးနှင့် ပြည်တွင်းလူထု၏ ဖိအားတစ်မျိုးကွဲလွဲမှုရှိသော ဖိအားနှစ်ရပ်ကို ကြုံတွေ့နေရ၍ ဆုံးဖြတ်ချက်ချရန် အခက်အခဲကြုံနေရသည်ဟု လေ့လာသူများက သုံးသပ်နေကြသည်။

‘‘ဖိအားတွေကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ အစိုးရက အကျင့်သိက္ခာအရ မှန်ကန်တာကို လုပ်သင့်တယ်။ အမှန်တရားဖြစ်ပြီး တရားမျှတတဲ့အရာအတွက် ရပ်တည်သင့်တယ်’’ဟု ဘင်နက်ဒစ်ရော်ဂျာစ်ကပြောသည်။

လှေစီးဒုက္ခသည်များပြဿနာကို ရေတို၊ ရေရှည် မဟာဗျူဟာများဖြင့် ဆောင်ရွက်သင့်ကြောင်း ပညာရှင်များက အကြံပြုကြသည်။ ရေတိုအနေဖြင့် လှေဆိုက်ကပ်သည့် နိုင်ငံများသည် ဒုက္ခသည်များကို မောင်းထုတ်မည့်အစား ယာယီကယ်ဆယ်ရေးစခန်းဖွင့်၍ လူမှုရေးအရ အကူအညီပေးသည့် လုပ်ငန်းများ၊ လူသားချင်းစာနာ ထောက်ထားသည့် ဆောင်ရွက်ချက်များပြုလုပ်သင့်သည်ဟု သုံးသပ်ကြသည်။ ယင်းတွင်လည်း နိုင်ငံတစ်နိုင်ငံတည်းအပေါ် ၀န်ထုပ်ဝန်ပိုးအနေဖြင့် မဖြစ်စေဘဲ နိုင်ငံပေါင်းစုံက ၀ိုင်းဝန်းကူညီပေးမှုမျိုး လုပ်ဆောင်ရမည်ဟု ဆိုကြ၏။ ယင်းကဲ့သို့ ကိစ္စရပ်မျိုးကို ကိုင်တွယ်ရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ရှိနေသလို ယင်းနှင့်ညှိနှိုင်းမှုအောက်တွင် ဒေသတွင်းနိုင်ငံများရော အကူအညီပေးမည့်နိုင်ငံများပါ အားလုံးပေါင်းစပ်ညှိနှိုင်းအဖြေရှာမည်ဟု သုံးသပ်ကြသည်။ ယင်းနောက် နေရာချထားရေးဆိုင်ရာ၊ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို နိုင်ငံအားလုံး စုပေါင်းဖြေရှင်းမှုကို ရေရှည်ဆက်လက်ဆောင်ရွက်သင့်သည်ဟု အကြံပေးမှုများ ထွက်ပေါ်လာသည်။

‘‘ဒီဒုက္ခသည်တွေရဲ့ မူရင်းဇာစ်မြစ်နေရာတွေကို လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်တွေဖွဲ့ပြီးတော့ သေသေချာချာစစ်ဆေးမယ်။ သူတို့ရဲ့ မူရင်းဇာတိတွေ၊ သူတို့ရဲ့ နေရပ်ဒေသတွေ၊ သူတို့ရဲ့ ပြောဆိုတဲ့ ဘာသာစကားတွေ၊ ဒါတွေကို ခြေခြေမြစ်မြစ်စစ်ဆေးမယ်ဆိုလို့ရှိရင် ရနိုင်စရာအကြောင်းရှိတယ်လို့ မြင်ပါတယ်’’ဟု  ယခင်အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ၏ ကုလသမဂ္ဂရေးရာတာဝန်ခံဖြစ်ပြီး ယခုငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါက်တာသောင်းထွန်းက ပြောသည်။

ခေတ်အဆက်ဆက်ကတည်းကပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှနေ၍ လာဘ်ပေးလာဘ်ယူခြင်း၊ လှေလမ်းကြောင်းမှလာခြင်း၊ နယ်စပ်မှ ခိုးဝင်ခြင်း အပါအ၀င် နည်းမျိုးစုံဖြင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းသို့ ၀င်ရောက်သူများ ရှိနေခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအေးသာအောင်ကပြောကြားသည်။ ယခုလှေစီးဒုက္ခသည်များ၏ မူလဇာစ်မြစ်မှာ ရခိုင်ပြည်နယ်မှဖြစ်သည်ဆိုသော နိုင်ငံတကာမှ ပြောကြားချက်အချို့ကို ၎င်းက ငြင်းဆိုခဲ့သည်။

၁၉၈၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံသားဥပဒေရှိပြီးဖြစ်၍ ယင်းဥပဒေနှင့်ကိုက်ညီလျှင် နိုင်ငံသားဖြစ်နိုင်ကြောင်းကိုလည်း ၎င်းကထောက်ပြသည်။

‘‘အမေရိကန်နိုင်ငံမှာဆိုရင် ဥပဒေနဲ့ညီရင်တောင်မှ အမေရိကန်လူမျိုးရဲ့ ဘာသာစကားကို ပြောနိုင်ရမယ်။ အမေရိကန်သမိုင်းကိုသိရမယ်။ အမေရိကန်ထုံးတမ်းစဉ်လာယဉ်ကျေးမှုဓလေ့ စသည်ဖြင့် နားလည်ရတယ်။ အမေရိကန်အပေါ် သစ္စာရှိမယ်။ ဒါမှ နိုင်ငံသားဖြစ်မှုပေးတယ်။ အခုခိုးဝင်လာသူတွေက ရခိုင်စကားလည်းမသိ၊ မြန်မာစကားလည်းမသိ၊ မြန်မာ့ထုံးတမ်းစဉ်လာယဉ်ကျေးမှုလည်းမသိ၊ မြန်မာနိုင်ငံအပေါ် သစ္စာလည်းမရှိ။ ဒီလိုအနေအထားမျိုးမှာ သူတို့ကို နိုင်ငံသားအဖြစ် ဘယ်လိုလက်ခံမလဲ’’ဟု ဦးအေးသာအောင်ကဆိုသည်။

‘‘ရိုဟင်ဂျာဆိုတဲ့ဟာက နှစ်ပေါင်းလေးထောင်ကျော် ရခိုင်သမိုင်းမှာလည်းမရှိဘူး။ ဘင်္ဂလားဒေ့ရှ်သမိုင်းမှာလည်းမရှိဘူး’’ဟု ၎င်းကဆက်ပြောသည်။

ယခုအခါ သမ္မတဦးသိန်းစိန်က လှေစီးဒုက္ခသည်များကို မြန်မာနိုင်ငံက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ မြန်မာ့ရေပိုင်နက်၌ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ရက်ပေါင်း ၄၀ခန့် ပင်လယ်တွင် မျောပါနေသူများကို လူသားချင်းစာနာထောက်ထားသောအားဖြင့် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အနီးဆုံးကမ်းခြေသို့ ဆွဲယူကယ်ဆယ်ရန် ညွှန်ကြားခဲ့ပြီး၊ ရခိုင်ပြည်နယ်အစိုးရအနေဖြင့်လည်း အားလုံးပြင်ဆင်ထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။

လူကုန်ကူးမှုနှင့်ပတ်သက်၍ ပုံရိပ်ထိခိုက်မှုကို အဖတ်ဆယ်ရန်အတွက် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ‘‘အိန္ဒိယသမုဒ္ဒရာအတွင်း တရားမ၀င်ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ သုံးနိုင်ငံ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး’’ကို အိမ်ရှင်အဖြစ်ကျင်းပရန်စီစဉ်ထားသည်။ မေလ ၂၉ ရက်၌ ဘန်ကောက်တွင်ပြုလုပ်မည့် ထိုအစည်းအဝေးသို့ တက်ရောက်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကိုပါ ဖိတ်ခေါ်လိုက်သည်။ ထိုပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထားသည်။ ယင်းအစည်းအဝေးတွင် သုံးနိုင်ငံသတင်းအချက်အလက်မျှဝေခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ကောင်းမွန်သည့် စိတ်ကူး အကြံဉာဏ်သစ်များလည်း ထုတ်နိုင်ရန် တစ်ကမ္ဘာလုံးက စောင့်မျှော်နေကြပါသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပင်ပေါင်ကစားသကဲ့သို့ ပုတ်ထုတ်နေကြခြင်း၊ နိုင်ငံသားပေးရန် ဖိအားပေးနေကြခြင်းထက် အဓိကဇာစ်မြစ်တစ်ရပ်ဖြစ်သော ဆင်းရဲနွမ်းပါးခြင်း၊ လူမှောင်ခိုကူးခြင်း၊ လူကုန်ကူးခြင်းတို့ကို ပူးပေါင်းတိုက်ဖျက်သင့်ကြောင်း ပဋိပက္ခဆိုင်ရာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပညာရှင်များက အကြံပြုနေကြပါသည်။
ငြိမ်းငြိမ်းပြည့်
7 day

No comments:

Post a Comment