Friday 3 April 2015

၂၀၀၈ ဖွဲ့စည်းပုံ အရ ခွင့်ပြုချက် မယူဘဲ တရားဟောခွင့်ရှိကြောင်း ရွှေည၀ါ ဆရာတော် မိန့်ကြား

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွတ်လပ်စွာ တရားဟောခွင့် ရှိကြောင်း တရားဟောခွင့်  ပိတ်ပင် ခံထား ရသော ရွှေည၀ါ ဆရာတော် ဦးပညာသီဟ က မိန့်ကြားသည်။ ရွှေည၀ါ ဆရာတော် ဦးပညာသီဟ သည် ဓမ္မကထိက ဂုဏ်အင်္ဂါနှင့် မညီသောကြောင့် တရားဟောခွင့် မပြုရန်နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့ (၄၇) ပါး စုံညီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၃၅၄ အရ ငါတို့ ဗုဒ္ဓဘာသာတွေ မည်သည့် နေရာမဆို ဗုဒ္ဓဘာသာ ထုံးတမ်း စဉ်လာတွေကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိတယ်။ မှားနေတာကကို ပြည်သူတွေ၊ ဘာဖြစ်လို့ အုပ်ချုပ်ရေးပိုင်းကို အဲဒီ ပုဒ်မတွေ မဖတ်ဘဲ သွားသွားပြီး ခွင့်ပြုချက်တင်နေ တာလဲ။ အုပ်ချုပ်ရေးပိုင်းက အုပ်ချုပ်ခံ ပြည်သူကို တက်နင်းလို့ ရလို့ တက်နင်းတာ ဟု ရွှေည၀ါ ဆရာတော်က မိန့်ကြားသည်။

တရားဟောခွင့် အပိတ်ခံထား ရသော ရွှေည၀ါ ဆရာတော်သည် ပြည်သူများမှ တရားဟောရန် ပင့်ဖိတ် ပါက တရားဟော သွားမည် ဖြစ်ကြောင်း ဆက်လက် မိန့်ကြားသည်။ သက်ဆိုင်ရာမှ တရားဟောခွင့် ခွင့်ပြုမှုမပေးပါ ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ -၃၅၄ အရ တရားစွဲ ဆို၍ ရကြောင်းလည်း မိန့် ကြား ခဲ့သည်။

တရားဟောပွဲ များတွင် နိုင်ငံရေး ပါတီများ တစ်ဖက်ဘက်ကို လိုက်ကာ တရားဟောခြင်း မရှိကြောင်းနှင့် လူမျိုးဘာသာရေး အဓိကရုဏ်း ဖြစ်အောင် လှုံ့ဆော်သော တရားများ ဟောကြားခြင်း မရှိခဲ့ကြောင်းနှင့် ဘာသာရေး လူမျိုးရေး အဓိကရုဏ်း ဖြစ်စေရန် ဟောပြောမှုများ၊ ဆဲဆိုမှု များကို သံဃာ့ မဟာနာယက အဖွဲ့ နှင့် အုပ်ချုပ်ရေး အပိုင်းမှ အရေးယူမှုများ မပြုလုပ်ခဲ့သည် ကိုလည်း ရွှေည၀ါ ဆရာတော်မှ မေးခွန်းထုတ် ခဲ့သည်။

ရွှေည၀ါ ဆရာတော်သည် အစိုးရအား ဝေဖန်သော ဆရာတော် တစ်ပါး အဖြစ် ပြည်သူများ အကြားတွင် နာမည်ကြီး နေသော ဆရာတော် တစ်ပါး ဖြစ်သည်။ ဆရာတော်ကြီးက ဟော့ဟော့ဒိုင်းဒိုင်း ရှိတယ်။ ပွင့်ပွင့်လင်းလင်း ရှိတယ်။ ဆရာတော်ကြီးဟောတဲ့ တရားတွေကို ကြည့်ရင်ဘောင် ထဲက လွတ်သွားတာမျိုး မရှိဘူး ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်း ထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေး များကို လွတ်လပ်စွာ သုံးစွဲ ဆောင်ရွက်ခွင့် ရှိသည်။

(က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ရေးသားဖြန့် ဝေခွင့်
(ခ) လက်နက် မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့်
(ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်း ဆောင်ရွက်ခွင့်
(ဃ) တိုင်းရင်းသား လူမျိုး၊ တစ်မျိုး နှင့် တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကို လည်ကောင်း၊ အခြားဘာသာ သာသနာကို လည်ကောင်း ထိခိုက် နစ်နာမှု မရှိစေဘဲ မိမိချစ်ခင် မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်း များကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် ရှိကြောင်း ဖော်ပြ ထားသည်။

Messenger News Journal 

No comments:

Post a Comment