ရွှေတိဂုံ ဘုရားပုံတော် တံဆိပ်ရိုက်နှိပ်ထားသည့်အရက် မလေးရှားနိုင်ငံတွင် ဖြန့်ဖြူးရောင်းချနေမှုကို သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနများမှ တစ်ဆင့်ဖြေရှင်းရမည်ဟု သာသနာရေးဝန်ကြီးဌာနမှ တိုင်း သာသနာရေးမှူး ဦးစိန်မော်က ပြောသည်။
Teo Seng Chan Liquor Merchants ကုမ္ပဏီမှ ထုတ်လုပ်သည့် Song Singh အမည်ရှိ ထိုအရက်ကို မလေးရှားနိုင်ငံ၌ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ထိုသို့ ပြုလုပ်သည့်အပေါ် မလေးရှားရှိ မြန်မာများ အပါအဝင် လူမှုကွန်ရက် စာမျက်နှာများ၌ ကန့်ကွက်ဝေဖန်လျက်ရှိ၍ သာသနာရေးဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းရာ ၎င်းက အထက်ပါအတိုင်းပြော ကြားခြင်းဖြစ်သည်။
''သူတို့ဘာသာ သူတို့ စီးပွားရေးလုပ်တာ ဘုရားပုံတော်ကို အသုံးပြုစရာမလိုဘူး။ ဗုဒ္ဓဘာသာရဲ့ ရှေ့ဆောင် နိုင်ငံရဲ့ အထွတ်အမြတ်ထားရာ စေတီပုံကို အသုံးပြုတာ ဘာသာရေးအရ တိုက်ခိုက်တာပဲ''ဟု ဦးစိန်မော် က ပြောသည်။ ဗုဒ္ဓဘာသာကို ကြည်ညိုလေးစားသူတိုင်းသည် ဘာသာရေးကို အကြောင်းအမျိုးမျိုးဖြင့် ညှိုးနွမ်းအောင် လုပ်ကြံနေသူများအပေါ် မကျေနပ်ပါက ပုဒ်မ ၂၉၅ (က) သာသနာ တော် ညှိုးနွမ်းစေမှု ဖြင့် တရားစွဲဆိုနိုင်ကြောင်း၊ ပြည်တွင်း၌ ဖြစ်ပွားသောကိစ္စများကို တိုင်ကြားပါက အမြန်ဆုံးအရေးယူ ဆောင် ရွက် ပေးကြောင်း ၎င်းက ပြောသည်။
''ရုံးတွေလည်း ပိတ်ထားတဲ့အတွက် လက်ရှိဖြစ်စဉ်ကို သေချာမသိသေးဘူး။ ဒီလိုဖြစ်စဉ်တွေအပေါ် အမျိုး ဘာသာ သာသနာကိုချစ်မြတ်နိုးသူတိုင်းက မကျေနပ်တာရှိရင် တိုင်ခွင့်၊ တရားစွဲခွင့် ရှိတယ်''ဟု ၎င်းက ပြောသည်။ ၂ဝ၁၃ ခုနှစ် သြဂုတ်လတွင် မြန်မာပြည်တွင်းမှ ဖူရှင်းဘရားသား(စ်) ကုမ္ပဏီက ရွှေတိဂုံ စေတီတော်ပုံကို လက်ဖက်ခြောက်ဘူးများတွင် ရိုက်နှိပ်၍ နီးစပ်ရာ အသိုင်းအဝိုင်းထံ လက်ဆောင်ပေးခြင်း ဖြစ်စဉ်ရှိခဲ့ပြီး အဆိုပါ ဖြစ်စဉ်ကို မကျေနပ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလို လုပ်ကာတိုင်တန်းရာ သာသနာရေးဝန်ကြီး ဌာနမှပစ္စည်းများ ပြန်လည်သိမ်းဆည်းပြီး သက်ဆိုင်ရာမှ အရေးယူခဲ့ဖူးကြောင်း သိရ သည်။
ခိုင်နွယ်ဦး
Popular Myanmar News Journal
No comments:
Post a Comment