Monday 23 February 2015

အာဖဂန်ရှိတပ်များ ရုပ်သိမ်းရေး အစီအစဉ် အရှိန်လျှော့ရန် အမေရိကန် သုံးသပ်


အာဖဂန်ရှိတပ်များ ရုပ်သိမ်းရေး အစီအစဉ် အရှိန်လျှော့ရန် အမေရိကန်ပြည်ထောင်စုက သုံးသပ်နေပြီး တိုးတက်မှုများ ခိုင်မာစေရန် ယင်းကဲ့သို့ သုံးသပ်ရခြင်း ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြ ထားသည်။

လက်ရှိ အစီအစဉ်အရ အာဖဂန်ရှိ အမေရိကန်တပ် အင်အားကို ယခုနှစ်အတွင်း တပ်ဖွဲ့ဝင် ၅၀၀၀ ထိ လျှော့ချ သွားမည် ဖြစ်ပြီး ၂၀၁၆ ခုနှစ်ကုန်ပိုင်းတွင် သံရုံးကို စောင့်ကြပ်သည့် စစ်အင်အားသာထားရှိရန် စီစဉ်ထားသည်။

သို့သော်လည်း အာဖဂန်နိုင်ငံရှိ အကြမ်းဖက်မှု တန်ပြန်ရေး အစီအစဉ်ကို အမေရိကန်ပြည်ထောင်စုက ပြန်လည်သုံးသပ်နေခြင်းကြောင့် တပ်ရုပ်ရေး သတ်မှတ်ချက်ကို တစ်စိတ်တစ်ပိုင်း ပြောင်းလဲသွားနိုင် ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးသစ် ကာတာက ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်သည့် အာဖဂန်ခရီးစဉ်အတွင်း ပြောကြားသွားသည်။

“ကျွန်တော်တို့ရဲ့ အဓိက ဦးစားပေးက တိုးတက်မှုတွေ ဆက်ရှိနေရေးပါ” ဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီးသစ် ကာတာက အာဖဂန်သမ္မတ ဂါနီနှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ကို သမ္မတ အိုဘားမားနှင့် ဆွေးနွေးသွားမည်ဟု အာဖဂန်သမ္မတ ဂါနီကလည်း ထုတ်ပြန်သွားသည်။

အာဖဂန်နိုင်ငံ၌ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်အတွင်း လုံလောက်သော အမေရိကန် လေ့ကျင့်ရေးသမားများ၊ အကြံ ပေးများ၊ အကြမ်းဖက်မှု တန်ပြန်ရေး တပ်ဖွဲ့ဝင်များ ရှိနေရေးကိုသာ အဓိကထား စဉ်းစားကြောင်း ယင်းကာလ နောက်ပိုင်း ဖြစ်ရပ်များကို အာရုံစိုက်ခြင်း မရှိကြောင်း အာဖဂန်ရှိ အပြည်ပြည်ဆိုင်ရာ တပ်ဖွဲ့ များ အကြီးအကဲ အမေရိကန်ဗိုလ်ချုပ်ကြီး ကမ်းဘဲက ပြောကြားသည်။

အမေရိကန်တပ်များ ရုပ်သိမ်းလိုက်ပါက တာလီဘန်များကို တိုက်ခိုက်ပြီး ခက်ခက်ခဲခဲ ရယူထားသည့် အောင်ပွဲများမှာ အချည်းအနှီး ဖြစ်သွားမည်ဟု လွှတ်တော်တွင်းရှိ ရီပတ်ဘလစ်ကန်များက ဝေဖန်လျက် ရှိသည်။

အာဖဂန် အမျိုးသားတပ်မတော်နှင့် ရဲတပ်ဖွဲ့မှာ ယခုနှစ်အတွင်း တာလီဘန်များ၏ ထိုးစစ်ဆင်မှုဒဏ်ကို အပြင်းအထန် ခံစားခဲ့ရပြီး ၂၀၀၁ ခုနှစ်နောက်ပိုင်း အသေအပျောက် အများဆုံး နှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့အပြင် အာဖဂန်နိုင်ငံတွင်းရှိ စစ်သွေးကြွ အချို့ကလည်း အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွအဖွဲ့နှင့် မဟာမိတ်ပြုကြောင်း ထုတ်ပြန်လိုက်သဖြင့် စိုးရိမ်မှုများ တိုးပွားလာလျက်ရှိကာ အကြမ်းဖက်မှု တန်ပြန်ရေး စစ်ဆင်ရေးများကို အမေရိကန်ပြည်ထောင်စုက ပြန်လည်သုံးသပ်လျက် ရှိသည်။

The Voice Weekly  

No comments:

Post a Comment