Tuesday 24 February 2015

လောက်ကိုင်မှ နေရပ်ပြန်များနှင့် ပရဟိတစိတ်

ကျော်သူ(မန်း)
မန္တလေးမြို့၏ ဆောင်းဟေမာန် အအေးဓာတ်တို့ လျော့နည်းစပြုလာ သည့် ဖေဖော်ဝါရီ ၁၃ရက် ညနေခင်း တွင် ချမ်းမြရွှေပြည်အဝေးပြေးခရီး သည်တင်ယာဉ်ရပ်နားစခန်းသို့ ဖုန်မှုန့် အလူးလူးနှင့် ၁၂ ဘီးကား သုံးစီးဝင်လာသည်။

\လောက်ကိုင်ဒေသမှတိုက်ပွဲရှောင် နေရပ်ပြန်သူများ တင်ဆောင်လာ၍ ကားပေါ်တွင် အမျိုးသား အမျိုးသမီး အသက်အရွယ်မျိုးစုံနှင့် ကလေးငယ်များတွေ့ရပြီး နွမ်းလျနေသောသူတို့ မျက်နှာသည် ကားကွင်းထဲ ရောက် သည်နှင့် နွေးထွေးသော ကြိုဆိုမှုများ ကြောင့် ကြည်လင်ရွှင်ပျနေကြသည်။

အနယ်နယ်အရပ်ရပ်မှ ထိုသူတို့ သည် တိုက်ပွဲဖြစ်ပွားသည့် လောက်ကိုင်ဒေသသို့ သွားရောက်ကာ ကြံခုတ် ခြင်း၊ လက်ဖက်ခူးခြင်း၊ ပန်းရန်၊ လက် သမားအလုပ်များဖြင့် ဝင်ငွေရှာသူ များဖြစ်ကာ နယ်မြေအေးချမ်းမှု ပျက်ယွင်းလာချိန်တွင် နေရပ်သို့ ပြန်လာခြင်းဖြစ်သည်။ လောက်ကိုင် မှ လားရှိုးမြို့ မန်ဆူကျောင်းတွင် နားခိုကာ ဒေသဆိုင်ရာတို့ စီစဉ် ပေးမှုဖြင့် မန္တလေးသို့ ယာဉ်ကြီး ယာဉ်ငယ်အသွယ်သွယ်နှင့် ရောက်ရှိ လာကြသည်။

''ကားဝင်လာပြီ။ ကားပေါ်က ဆင်းဖို့လွယ်အောင် ခုံတန်းလျားယူခဲ့ ဟေ့။ ပစ္စည်းတွေကူချပေးပါ။ ပြီးရင် အလယ်ဆောင်ထဲမှာ သူ့မြို့နဲ့သူ အုပ်စုလိုက်နေရာပေးထားပါ။ ထမင်း လည်းဆာနေလောက်ပြီ၊ ထမင်းကျွေး မယ့်အဖွဲ့က စားပွဲတွေပြင်ထားပါ''ဟု မန္တလေးတိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦး က စီမံနေသည်။

ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ဝန်ထမ်းများက နေရပ်သို့ပို့ပေးနိုင်ရေးအတွက် မော်တော်ယာဉ်များ အသင့် စီစဉ်ထား၍ အခမဲ့ပို့ဆောင် ပေးနေခြင်းကြောင့် စိတ်အေးရပြီ ဟူသော မျက်နှာများနှင့် နေရပ်ပြန် ပြည်သူများမှာ ကားပေါ်မှ ဆင်းလာ သည်။ ရဲတပ်ဖွဲ့ဝင်များ၊ ကားကွင်း အငှားယာဉ်မောင်းများ၊ လူမှုရေး အသင်းများက ကလေးငယ်နှင့် အသက်ကြီးသူများကို ကားပေါ်မှ ကူညီချပေးပြီး ထမင်းပွဲရှိရာသို့ ခေါ်ဆောင်ကျွေးမွေးသည်။ ခေတ္တ နားခိုစေပြီးလျှင် နေရပ်များသို့ ပို့ဆောင်ပေးသည်။

အဆိုပါ လုပ်ငန်းစဉ်များကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၊ ခရိုင်နှင့် ပြည်ကြီးတံခွန် မြို့နယ်အုပ်ချုပ်ရေးမှူး၊ရဲတပ်ဖွဲ့ဝင် များ၊ ယာဉ်ရပ်နား စခန်းအုပ်ချုပ်ရေးမှုးနှင့် စည်ပင်သာယာဝန်ထမ်း များ၊ ယာဉ်လုပ်ငန်းများ ကြီးကြပ်မှု ကော်မတီ၊ ကျန်းမာရေးဌာန၊ ကြက် ခြေနီတပ်ဖွဲ့၊ လူမှုရေး အသင်းများ၊ ကားကွင်းအမှီပြုသူများ၊ ကုသိုလ် ရှင်များက ကဏ္ဍအလိုက် ပရဟိတ စိတ်ဓာတ်ဖြင့် လူသားချင်းစာနာ ထောက်ထားကူညီကြသည်မှာ အားရ ဖွယ်ကောင်းလှသည်။

''လောက်ကိုင်မှာ နှစ်တိုင်းသွား ပြီး နှစ်လလောက်ကြံခုတ် တယ်။မိသားစုလိုက်သွားကြတာ။ လုပ်ငန်း မလုပ်ရသေးခင်မှာပဲ တိုက်ပွဲဖြစ်တော့ ပြန်လာရတယ်။ ပါတဲ့ငွေနဲ့က ရွာအထိ ပြန်လို့ မလောက်ဘူး။ လားရှိုးအထိ အုပ်စုလိုက် ကားငှားလာတာ။

တချို့ ခြေကျင်ပြန်ရသူတွေလည်းရှိတယ်။လားရှိုး ရှမ်းကျောင်းဆရာတော်နဲ့ တာဝန်ရှိသူတွေက မန္တလေး ရောက် အောင် ကားတွေ စီစဉ်ပေးတယ်''ဟု အောင်လံမြို့နယ်မှ ကိုမင်းစိုးက ပြောသည်။

တိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနမှ စီမံဆောင်ရွက်ကာ ဧည့်ခံကျွေးမွေးခြင်း၊ နေရပ်သို့ အမြန်ဆုံးပြန်နိုင်ရေးအတွက် ယာဉ်ရထားခရီး စဉ်များ ဖြင့် အချိန်နှင့်တစ်ပြေးညီ နေ့/ညလုပ်ဆောင်ပေးသည်။ ကျန်းမာရေးဌာနနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဆေးဝါး ကုသပေးခြင်း၊ လူမှုကူညီရေး အသင်းများကလည်း အသင်းပိုင်ကား များဖြင့် ကူညီပို့ဆောင် ပေးခြင်းတို့ဖြင့် တက်ညီလက်ညီ လုပ်ဆောင်နေ ကြောင်း တွေ့ရသည်။ ''ကားအစီးရေ တိုးတိုးရောက်လာ တော့ နေရပ်ပြန် တွေကများလာပြီး တစ်ရက်ကို ရှစ်ရာ၊ တစ်ထောင်လောက်ပဲ။ လူမှုရေး အသင်းနဲ့ စေတနာရှင်တွေကလည်း ထမင်းဘူး၊ ရေသန့်ဘူးနဲ့ မုန့်တွေကို လှူကြတယ်။ ရထားနဲ့လည်း စီစဉ်ပေး ရတယ်။ ပို့ဆောင်ရေးစီမံကိန်းဦးစီး ဌာန(ရုံးချုပ်)ညွှန်ကြားရေးမှူးချုပ်ရဲ့ ကွပ်ကဲမှုနဲ့ တိုင်းဒေသကြီး ပို့/ဆက် ရုံးဝန်ထမ်း ထက်ဝက်ကျော်ကို တိုင်း ဦးစီးမှူးကိုယ်တိုင်ဦးဆောင်ပြီး ကား ကွင်းထဲမှာ နေ့/ညရောက်ရှိ လာတဲ့ နေရပ်ပြန်တွေအတွက် အစစအရာ ရာစီစဉ်ပေးနေတယ်''ဟု ပို့/ဆက် ဌာန(မန္တလေး)မှ ဒုဦးစီးမှူး ဦးအေး ထွန်း ကပြောသည်။

စတင်ရောက်ရှိလာသည်မှာ ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းကဖြစ် ၍ ဖေဖော်ဝါရီ ၁၈ရက်အထိ နေရပ် ပြန်ပြည်သူပေါင်း ၄၈၄၃ ဦးကို ရထား ငါးတွဲနှင့် ကားအစီးရေ ၂ဝ၆ စီးဖြင့် ခရီးတစ်လျှောက် အဆင်ပြေ ချောမွေ့ အောင် ပို့ဆောင်ပေးခဲ့၍ ထပ်မံ ရောက်ရှိလာသူများအား ပို့ဆောင် ပေးရန် အဆင်သင့် စောင့်ဆိုင်း နေ သည့်မော်တော်ယာဉ် များကို မြင်တွေ့ ခဲ့ရသည်။

နေရပ်ပြန် ပြည်သူများအား ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အောက်ရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီး ဌာနနှင့် မြန်မာ့မီးရထား(မန္တလေး)တို့က မန္တလေးသို့ရောက်ရှိလာ သည့် နေရပ်ပြန်ပြည်သူများကို ဌာနေ အရောက် အခမဲ့ပို့ဆောင်ပေးခြင်း ဖြစ်ပြီး အခြားအဖွဲ့အစည်းများ၏ အင်အားဖြင့် အပြည့်အဝထောက်ပံ့ ကူညီမှုများ အရှိန်မြှင့်လုပ်ဆောင်နေ လေသည်။

''ရန်ကုန်၊ ပုသိမ်ဘက်ပြန်ရမယ့် သူတွေပါလာတော့ ဖေဖော်ဝါရီ ၁၅ ရက် ညမှာ ၄ဝ၉ ဦးကို မန္တလေးဘူတာ ကြီးသို့ ပို့ပေးပြီး နောက်ရက် နံနက် ၆ နာရီ ရန်ကုန်ရထားမှာ သီးသန့်တွဲ ငါးတွဲစီစဉ်ပြီး တင်ပေး လိုက်တယ်။

လမ်းဘူတာဆင်းသူတွေပါတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ ချိတ်ဆက်ပြီး ဌာနေ အရောက် ပို့ပေးဖို့၊ ကျွေးမွေးဖို့ စီစဉ်ခဲ့တယ်'' ဟု တိုင်း ဒေသကြီးလမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။

မြန်မာ့မီးရထား မန္တလေးဘူတာ ကြီးမှ တိုင်းတာဝန်ခံနှင့် တာဝန်ရှိသူ တို့က ရန်ကုန်သို့ထွက်ခွာမည့် အမှတ် ၁၂-အစုန်ရထားတွင် တွဲငါးတွဲကို ညတွင်းချင်း စီစဉ်ပေးခဲ့သည့်အပြင် နံနက်စာခေါက်ဆွဲများနှင့် နေ့လယ် စာအတွက် တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် နေပြည်တော်ဘူတာ တွင် ထမင်းဘူးများ အသင့်ဖြစ် အောင် စီစဉ်ပေးခဲ့သည်။

မန္တလေးဘူတာကြီးမှ ထွက်ခွာ သည့် ရထားပေါ်မှနေရပ်ပြန်ပြည်သူ တစ်ဦးက ''ကျွန်တော်တို့ဆီ လာခဲ့ ကြပါဦး။ ပြန်ပြီးကူညီချင်တယ်။ကျေးဇူးဆပ်ချင်လို့ပါ'' ဟူ၍ ရင်တွင်း ခံစားချက်ကို အသံကျယ်ကျယ်ဖြင့် ဖွင့်ဟပြောဆိုကာ ပို့ဆောင်သူများ အား နှုတ်ဆက်လက်ပြသွားခဲ့သည်။

နေရပ်ပြန် ပြည်သူများမှာ ရန်ကုန်၊ ပုသိမ်၊ ညောင်လေးပင်၊ ရမည်းသင်း၊ သာစည်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ တပ်ကုန်း၊ ပြည်၊ အောင်လံ၊ သရက်၊ မကွေး၊ မင်းဘူး၊ ရေနံချောင်း၊ နတ်မောက်၊ တောင်တွင်းကြီး၊ ရေစကြို၊ လွိုင်ကော်၊ တောင်ကြီး၊ စစ်တွေ၊ မင်းပြား၊ တောင်ကုတ် စသည့် အနယ်နယ်အရပ်ရပ်မှ လောက်ကိုင်ဒေသဘက်သို့ သွား ရောက်ပြီး ဝင်ငွေရှာလုပ်ကိုင်ကြသူ များ ဖြစ်သည်။

နေရပ်ပြန်နိုင်ရေးအတွက် တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ပို့ဆောင် ရေး စီမံကိန်းဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့တော်စည်ပင်သာယာ၊ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ လူမှုရေးအသင်းများ၊ စေတနာရှင်များ၊ ချမ်းမြရွှေပြည်ကား ကွင်းမှ ကုသိုလ်ရှင် များ တူညီလက်တွဲ ၍ နေရပ်ပြန်ပြည်သူများအား လိုလေ သေးမရှိ ထောက်ပံ့ ကူညီကြခြင်းသည် ပရဟိတစိတ်ဓာတ် ကို ဖော်ကျူးသည့် မြင်ကွင်း တစ်ခုဖြစ်ပါသည်။

MOI Webportal Myanmar

No comments:

Post a Comment