Wednesday 28 January 2015

ပညာရေး ဥပဒေနှင့် ပတ်သက်ပြီး ဒီမိုကရေစီ ယဉ်ကျေးမှု အရ ညှိနှိုင်း ဆောင်ရွက်ပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်ပြီး နိုင်ငံတစ်ဝန်းမှ ကျောင်းသားများ ကန့်ကွက် ဆန္ဒပြနေမှုများ ရှိနေရာ ဒီမိုကရေစီ ယဉ်ကျေးမှုအရ ညှိနှိုင်းဖြေရှင်း အဖြေရှာ ကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြား လိုက်သည်။

ဒီမိုကရေစီမှာ အပေးအယူ လုပ်တယ် ဆိုတာ တစ်ဖက်က လိုချင်တာ တစ်ရာ ရာခိုင်နှုန်းရမှ ဆိုတဲ့ ကိစ္စက အပေးအယူ ဘယ်တော့မှ မဖြစ်ဘူး။ အပေးအယူ ဆိုတာ ကိုယ့်ဘက် ကလည်းပေး ရတယ်။ ဟိုဘက် ကလည်း ပေးရတယ်။ ကိုယ့်ဘက် ကလည်း ယူမယ်။ ဟိုဘက် ကလည်း ယူမယ်။ ဒီလိုပဲရှိ ရမှာပဲ။ ဒါဟာ ဒီမိုကရေစီ ယဉ်ကျေးမှု အခြေခံပဲ ဟု အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောသည်။

ယမန်နေ့က ကျင်းပ ပြုလုပ်သော ပြည်သူ့ လွှတ်တော် အစည်းအဝေး မကျင်းပမီ မီဒီယာ များက အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် ဆန္ဒပြ နေသည့် ကိစ္စများနှင့် ပတ်သက်ပြီး မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အတိုင်း ပြန်လည် ဖြေကြား ခဲ့ခြင်း ဖြစ်သည်။ ကိုယ်က မှန်မှန်ကန်ကန်နဲ့ တာဝန် သိသိ လုပ်တယ် ဆိုရင် ဒါဟာ ရပ်တည်ချက် အရ လုပ်တာပဲ။ရပ်တည်ချက် အရ လုပ်တယ် ဆိုရင် စည်းကမ်းတကျ လုပ်ရမယ်။ ဒီမိုကရေစီ စနစ်ကို လက်ခံကျင့်သုံးတယ် ဆိုရင်  အပေးအယူ ညှိနှိုင်းမှု ဆိုတာတော့ အမြဲရှိ ရမယ် ဟု ၎င်းက ဆက်ပြောသည်။

အမျိုးသား ပညာရေး ဥပဒေကို ကျောင်းသား များဘက်က ကန့်ကွက် ဆန္ဒပြ သပိတ်မှောက်မှုများ ရှိလာသည့် အတွက် ပြည်ထောင်စု လွှတ်တော်မှ ပြန်လည် စဉ်းစား သုံးသပ်ပေးရန် ဇန်န၀ါရီလ (၁၉) ရက်နေ့တွင် နိုင်ငံတော် သမ္မတက သ၀ဏ်လွှာ ပေးပို့ ခဲ့သည်။ ထိုကဲ့သို့ သ၀ဏ်လွှာ ပေးပို့မှု အရ ပညာရေး ၀န်ကြီးဌာနမှ အဆိုပါ ဥပဒေကို ပြင်ဆင် ရေးဆွဲပြီး လွှတ်တော်သို့ ဆောလျင်စွာ ပြန်လည် တင်သွင်းရန် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက နိုင်ငံတော်သမ္မတထံ သ၀ဏ်လွှာ ပေးပို့မည် ဖြစ်ကြောင်း ဇန်န၀ါရီလ (၂၂) ရက်နေ့က ကြေညာခဲ့သည်။ အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် ဆန္ဒပြနေသော ကျောင်းသား များသည် မန္တလေး၊ ထားဝယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ သပိတ် စစ်ကြောင်းများဖြင့် ရန်ကုန်သို့ ချီတက်လာကြပြီ ဖြစ်သည်။

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် ဆန္ဒပြမှု များကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့မှ  (၁၇) ရက်နေ့ အထိ ရန်ကုန်တွင် ပြုလုပ် ခဲ့ပြီး အစိုးရဘက်မှ ရက်ပေါင်း (၆၀) အတွင်း ညှိနှိုင်းရန် တောင်းဆိုကာ ဆန္ဒပြပွဲများကို ရပ်ဆိုင်း ခဲ့သည်။ ရက်ပေါင်း (၆၀) ကျော်သည် အထိ အစိုးရဘက်မှ ညှိနှိုင်းခြင်း မရှိသဖြင့် ကျောင်းသားသပိတ် တိုက်ပွဲများ ယခုကဲ့သို့ ဖြစ်ပေါ်လာ ရခြင်း ဖြစ်သည်။

Messenger News Journal 

No comments:

Post a Comment