Friday 14 November 2014

မြောက်ပိုင်းတိုင်းရှိ ရှေ့တန်းစခန်းတွင် ဘန်ကာငါးလုံးတည်ဆောက်ခွင့်ပြုရန် ကာကွယ်ရေးဒုဝန်ကြီးပြော

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ ရှေ့တန်းစစ်မြေပြင်စခန်း သုံးခုတွင် ဘန်ကာ ငါးလုံးတည်ဆောက်ရန် လွှတ်တော်မှ ခွင့်ပြုပေးပါက ရှေ့တန်းရောက်တပ်မတော်သားများအနေဖြင့် အလွန် ပင်ဝမ်း မြောက်ဝမ်းသာဖြစ်ကြရမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနဒုတိယ၀န်ကြီးက ပြောသည်။

ယခုလ ၁၂ ရက်တွင်ပြုလုပ် သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ကာကွယ်ရေးဝန်ကြီးဌာနမှ အဆိုပါလုပ်ငန်းများဆောင်ရွက်ရန် တောင်းခံသော စစ်ဆင်ရေးစရိတ် သန်း ၁၀၀ ကို ဖြတ်တောက်ရန် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု အဆိုတင်သွင်းမှုအပေါ် ဒုတိယ ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဒုတိ ယနှစ်ဝက်တွင် အသုံးပြုရန်အ တွက် ကာကွယ်ရေးဝန်ကြီးဌာန အသုံး စရိတ်တွင် ကျပ်သန်း ၁၀၀ ထည့်သွင်းတောင်းခံခဲ့ပြီး ယင်း အသုံးစရိတ်ကို မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်နယ်မြေဖြစ် သည့် ကချင်ပြည်နယ်အတွင်းရှိ ရှေ့တန်း စခန်း သုံးခုတွင် ဘန် ကာ ငါးလုံးတည်ဆောက်ရန်နှင့် ကွန်ကရစ်ခြံစည်းရိုးသုံးထပ်ကာ ရံရန် အသုံးပြုမည်ဖြစ်သည်။

‘‘ရှေ့တန်းသွားတဲ့အခါ စစ် သည်များရဲ့ ဇနီး၊ သားမယား၊ မိဘဆွေမျိုးများအနေနဲ့ ရှေ့တန်း ရောက်စစ်သည်များ လုံလုံခြုံခြုံနဲ့ အန္တရာယ်ကင်းကင်းနေနိုင်ဖို့ ဆု တောင်းပေးကြပါတယ်။ ဒီဘန် ကာ ငါးလုံးဆောက်ဖို့ ကိစ္စကိုသာ မဖြတ်တောက်ဘူးဆိုရင် ရှေ့ တန်းရောက်စစ်သည်များအနေနဲ့ ဘယ်လောက်များ လွှတ်တော် ကိုယ်စားလှယ်ကြီးများကို ကျေး ဇူးတင်လိုက်မလဲဆိုတာ ကျွန် တော် စဉ်းစားနေမိပါတယ်’’ဟု ဒု တိယ၀န်ကြီးကပြောသည်။

အဆိုပါဘန်ကာများ တည် ဆောက်ရေးသည် ရေရှည်အမြင် ဖြင့် ကြည့်ပါက နှစ်ကာလအတိုင်းအတာ တစ်ခုအထိ တည်မြဲနေမည်ဖြစ်ပြီး တိုင်းတစ်ပါးကျူးကျော်မှု များကို ရင်ဆိုင်နိုင်မည့် ဘန်ကာ များဟုလည်း ဆိုနိုင်ကြောင်း ၎င်း ကပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ထိုကဲ့သို့ စစ်ဆင်ရေးစရိတ် တောင်းခံမှုကို ဖြတ်တောက်ရန် အဆိုတင်သွင်းမှု အပေါ် စက် ခလုတ်ဖြင့် ဆန္ဒမဲကောက်ခံခဲ့ရာ ကိုယ်စားလှယ် ၄၁၂ ဦးက ကန့် ကွက်ခဲ့သဖြင့် အဆိုပါ တောင်းခံမှု ကိုလွှတ်တော်မှခွင့်ပြုပေးခဲ့သည်

7Day Daily

No comments:

Post a Comment