အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ကိုထင်ကျော်နှင့် တရားရုံးသို့ လာရောက်ကြသူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
ထောင်အာဏာပိုင်များက တိုက်ပိတ်အကျဉ်းချရန် စီစဉ်နေခြင်းကြောင့် အင်းစိန်ထောင်အတွင်း အစာ ငတ်ခံ ဆန္ဒပြမည်ဟု အောက်တိုဘာ ၂ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေး ပြီးနောက် ပြန်ထွက်လာစဉ် ကိုထင်ကျော်က ပြောကြားခဲ့သည်။
“၂ဝ၁၃ ခုနှစ်အတွင်း ရွှေတိဂုံဘုရားပေါ်မှာ ဗုံးဖောက်ခွဲရန် နောက်ကွယ်က ကြိုးကိုင်သူတွေကို သမ္မတ ဦးသိန်းစိန် အနေ ဖော်ထုတ်အရေးယူပေးရန်၊ မနှစ်က နိုင်ငံရေးအကျဉ်းသားဆိုပြီး ပြန်လည်လွှတ်ပေး လိုက်တဲ့ တရုတ်ဘိန်းခေါင်းဆောင် လေးဦးကိစ္စတို့မှာ အာဂတိလိုက်စားမှုတွေ ရှိနေတယ်။ ဒါတွေကို ဖော်ထုတ်အရေးယူပေးဖို့ တရားရုံးတိုင်းမှာ ရုံးထုတ်တိုင်း ကျွန်တော်ထုတ်ဖော်ပြောကြားခဲ့တယ်။ ဒါကြောင့် အာဏာပိုင်တာဝန်ရှိသူတွေအနေနဲ့ ကျွန်တော် တိုက်ပိတ်အကျဉ်းချဖို့ စီစဉ်လာတာကို တွေ့တယ်။ ထောင်သား အချင်းချင်း ရန်တိုက်ပေးလာတာတွေလည်း ရှိလာတယ်။ ဒါကြောင့် အောက်တိုဘာ ၂ ရက်က စပြီး အင်းစိန်ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြသွားမှာပါ”ဟု ကိုထင်ကျော်က ပြောကြားသည်။
ကြားဖြတ်အစိုးရ တင်မြှောက်ကြောင်း သဘောထားထုတ်ပြန်ကြေညာမှုနှင့် ပတ်သက်၍ (MDCF) အဖွဲ့ခေါင်း ဆောင်ကို ထင်ကျော်နှင့် ကိုနောင်နောင်တို့အား ကျောက်တံတားမြို့နယ်တရားရုံးမှ အောက်တိုဘာ ၂ ရက်တွင် ပုဒ်မ- ၅ဝ၅(ခ) ဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၇ ရက် နံနက် ၁ဝ နာရီခန့်တွင် ရန်ကုန်မြို့ ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့၌ (MDCF) အဖွဲ့ဝင် ၃ဝ ကျော်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ယင်းကိစ္စဖြင့်ပတ်သက်၍ ကိုထင်ကျော်နှင့် ကိုနောင်တို့အား ကျောက်တံတားမြို့နယ်ရဲစခန်းက ပုဒ်မ-၅ဝ၅ (ခ)ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
“ဒီကနေ့ကျောက်တံတားမြို့နယ် တရားရုံးက ကိုထင်ကျော်နဲ့ ကိုနောင်နောင်ကို ပုဒ်မ ၅ဝ၅ (ခ)ဖြင့် စွဲချက် တင်တယ်။ ပြီးတော့ ကိုနောင်နောင်က ပုဒ်မ-၁၈နဲ့ပါ စွဲချက်တင်ခံရတယ်။ ရုံးချိန်းကိုတော့ ၁၆ ရက်နေ့ကို ချိန်းလိုက်တယ်”ဟု ကိုထင်ကျော်တို့အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
လက်ရှိတွင် ကိုထင်ကျော်အား အစိုးရအား အလိုမရှိကြောင်း ဆန္ဒပြမှုကြောင့် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)ဖြင့် တောင်ဥက္ကလာပမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်လ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်၊ ဒဂုံမြို့သစ် အရှေ့ ပိုင်းမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်နှင့် မရမ်းကုန်းမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်၊ လှိုင်သာယာမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်မှ အလုပ်ကြမ်း နှင့်ထောင်ဒဏ် တစ်နှစ်နှင့် မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှ ထောင်ဒဏ်တစ်နှစ်တို့ကို ချမှတ်ထားခဲ့ပြီး စုစုပေါင်းပုဒ်မ ၅ဝ၅ (ခ)ဖြင့် ရှစ်နှစ်ခြောက်လ ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ငြိမ်းစုစီပုဒ်မ (၁၈)ဖြင့် ကျောက်တံတားမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလအား လည်းကောင်း၊ ဗဟန်းမြို့နယ်တရားရုံးမှ ထောင်ဒဏ်သုံးလအား လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှ ထောင်ဒဏ်လေးလတို့ ချမှတ်ထား သည်။
Eleven Media Group
No comments:
Post a Comment