Tuesday 30 September 2014

စက္ကန့်ပိုင်း အတွင်း လူကြီးအဖြစ် ပြောင်းသွားသည့် ဖြစ်ရပ်ဆန်းကို လိုင်ဘေးရီးယား သတင်းစာ ဖော်ပြ

DailyObserver
သဘာဝလွန် ထူးထွေ ဆန်းကြယ်လွန်းသည့် အဖြစ်သနစ်တစ်ရပ် အာဖရိကတွင် အမှန် တကယ် ဖြစ်ပျက် ခဲ့ရာ ဒေသတွင်း သတင်းစာများ၏ မျက်နှာဖုံး များတွင် စာလုံး မည်းကြီးဖြင့် ဖော်ပြခြင်း ခံခဲ့ရသည်။ လသား အရွယ် ကလေးငယ် တစ်ဦး စက္ကန့်ပိုင်း အတွင်း လူကြီးအရွယ် ဖြစ်သွားခြင်း အကြောင်း လိုင်ဘေးရီးယား နိုင်ငံထုတ် အင်္ဂလိပ် သတင်းစာ တစ်စောင် ဖြစ်သည့် Daily Observer က
အထူးသတင်း တစ်ရပ် အဖြစ် ဖော်ပြ ခဲ့သည်။
ယင်းသတင်းကို ဖော်ပြခဲ့သည်ဟု မယ်ရာ သတင်းစာမှ ဖော်ပြခဲ့သည့် လိုင်ဘေးရီးယားထုတ် Daily Observor သတင်းစာ မျက်နှာဖုံး။ ဓာတ်ပုံ - Mirror
ယင်း သတင်းစာတွင် မိခင်ဖြစ်သူ၏ မျက်စိအောက်တွင်ပင် လူကြီး တစ်ယောက်အဖြစ်သို့ စက္ကန့် ပိုင်း အတွင်း ပြောင်းသွားသည့် နှစ်လသား အရွယ် စမစ်ဆိုသူ ကလေးငယ်လေး တစ်ဦး အကြောင်းကို အကျယ်တဝင့် ဖော်ပြ ထားသည်။
ခါးထစ်ခွင် ချီလာသည့် မိခင်ဖြစ်သူ လက်တွင်းက ဆင်းကာ စမစ်ကလေးသည် မိခင်ဖြစ်သူ ကြည့်နေသည့် အောက်မှာပင် တစ်မုဟုတ်ချင်း လူကောင်ကြီးကြီး လူကြီး တစ်ဦး အဖြစ်သို့ ပြောင်းလဲ သွားပြီး ချုံတော အတွင်းသို့ ပြေးဝင် ပျောက်ကွယ်သွား ခဲ့ကြောင်း ရေးသားထားခြင်း ဖြစ်ကာ ယင်းသတင်းကို ရေးသားသူ သတင်းထောက် မားကပ်စ် မာလာယီက တစ်ကယ့်ဖြစ်ရပ် ဇာတ်လမ်းတစ်ပုဒ်ကို စုံစမ်းရေးသား ခဲ့ခြင်း ဖြစ်ကြောင်း အာမခံ ထားသည်။
ဘွန်စီရင်စု အတွင်း အံ့သြ တုန်လှုပ်ဖွယ် ဖြစ်ပွားသွားသည့် ယင်းဖြစ်ရပ်တွင် အသက် ၁၆နှစ် အရွယ် မိခင်ဖြစ်သူ လော်ပူ ကော်လိုင်းက စိုက်ပျိုးခြံတစ်ခြံ သို့ သွားရာတွင် သူ့ ကလေး လသားလေး စမစ်ကို ခါးထစ်ခွင်ချီလျက် အတူ ခေါ်သွားခဲ့သည်။ လမ်းတွင် နှစ်လသား အရွယ် သားဖြစ်သူက မယုံနိုင်ဖွယ် ရာ ကောင်းအောင် သူအား အောက်ချပေးရန် သွက်သွက်ပီသစွာ အကြိမ်ကြိမ် အခါခါ ပြောဆိုခဲ့သည်ဟု လော်ပူက ပြန်ပြောင်း ပြောသည်။ မိခင်ဖြစ်သူ လော် ပူက အောက်ချပေး လိုက်ချိန်တွင် လူကြီးကြီး တစ်ယောက်သို့  အသွင် လုံးလုံး ပြောင်းသွား ခဲ့ပြီး ပြေးထွက် ပျောက်ကွယ် သွားခဲ့သည်ဟု ဆိုသည်။
"နှစ်လသား အရွယ်က ခုလိုမျိုး လေး ငါးနှစ်သား ကလေးတစ်ယောက်လို ပီပီသသ စကားပြောတာ တစ်ခါမှ   ကျွန်မ မတွေ့ ဖူးဘူး"ဟု လော်ပူက သတင်းစာ သို့ ပြောပြသည်။ "သူရဲ့ ကိုယ်မှာလည်း ဘာချို့ ယွင်းချက် အပြစ်အနာဆာ တစ်ခုမှ မရှိခဲ့ပါဘူး။ ဒါကြောင့်မို့ ရပ်ထဲ ရွာထဲ မှာတော့ ကျွန်မ သားကို ပရလောက က လာတဲ့သူ တစ်ယောက်လို့  ယုံနေကြတယ်"ဟု သားဖြစ်သူ ပျောက်ဆုံးသွားသည့် အတွက် ပူဆွေးနေသည့် လော်ပူက ဖြည့်စွက် ပြောခဲ့ကြောင်း ဖော်ပြထား သည်။
ကလေး၏ ဖခင်ဖြစ်သူ ဝပ်ဆန်ဖရီးမန်း ကလည်း ၎င်း၏သား ထူးဆန်းတုန် လှုပ်ဖွယ် ကောင်းစွာ ပျောက်ကွယ် သွားခဲ့သည်က အံ့သြဘနန်း ဖြစ်ဖွယ် အလွန်ကောင်း နေသည် ဟု ပြောဆိုပြီး အဘိုးဖြစ်သူ ဂျီရိုမီ ကိုဝန်က ပရလောက ဝင့်နှောက် ခြယ်လှယ်ခြင်း ဖြစ်သည်ဟု တစ်တွတ်တွတ် ပြောဆိုသည်။
Ref: Mirror
Mizzima

No comments:

Post a Comment