Thursday 18 September 2014

သစ်မှောင်ခို အပြီးသတ် ထိန်းချုပ်ရန် တပ်မတော်နှင့် ပူးပေါင်း ဆောင် ရွက်နေကြောင်း အစိုးရ ပြောကြား

တရားမဝင် သစ်ထုတ်လုပ်မှုများ အပြီးသတ် ထိန်းချုပ်ရန်အတွက် သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်း ထား သည့်အပြင် သစ်တောများအတွင်း သစ်ခိုးထုတ်နေသော မှောင်ခိုဂိုဏ်းများကို တပ်မတော်နှင့် သစ်တော လုံခြုံရေး တပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးလျက် ရှိကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။
“တပ်မတော်နဲ့ ပေါင်းပြီး အထူးစစ်ဆင်ရေး စစ်ကြောင်းတွေ ဖွဲ့ပြီး လစဉ် စစ်ဆေးမှု ပြုလုပ်နေပါတယ်” ဟု ၎င်းကဆိုသည်။ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မင်းကင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်က မင်းကင်းမြို့အနီးရှိ သစ်တော ကြိုးဝိုင်းများအတွင်း နှစ်စဉ် သစ်ထုတ်လုပ်မှုနှင့် သစ်မှောင်ခိုများ အပြီးသတ်ထိန်းချုပ်ရန် စီစဉ်မှုနှင့် ပတ်သက်ပြီး မေးမြန်းမှုကို ၎င်းက ယင်းသို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းခဲ့သည့် နောက်ပိုင်း သစ်တောကြိုးဝိုင်းများအတွင်းရှိ တရားမဝင် သစ်ထုတ် လုပ်သူများကို သစ်တောလုံခြုံရေးတပ်ဖွဲ့ စစ်ကြောင်းများဖြင့် ရှာဖွေဖမ်းဆီးခြင်း၊ ရှောင်တခင် ဖမ်းဆီးခြင်း စတင်ပြုလုပ်ခဲ့ကြောင်း ဦးဝင်းထွန်းက ထပ်လောင်း ပြောကြားသည်။ ယင်းသို့ စစ်ကြောင်း များဖြင့် ဆောင်ရွက်နေသော်လည်း ပြည်သူလူထု ပူးပေါင်း ပါဝင်မှသာလျှင် သစ်မှောင်ခိုများ အပြီးသတ် ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံအတွင်းတွင် သစ်တောဖုံးလွှမ်းမှု ဧက ၆၁၂၃၂၀ ဧက ရှိနေသေးကြောင်း သဘာဝပတ်ဝန်း ကျင်နှင့် သစ်တောရေးရာ ဝန်ကြီးဌာနထံမှ သိရှိရသည်။

မြန်မာနိုင်ငံတွင် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကို ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ပိတ်ပင် ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများတွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်ပြီးလျှင် တတိ ယမြောက် သစ်တောပြုန်းတီးမှု အများဆုံးဖြစ်သည့် နိုင်ငံဖြစ်နေကြောင်း ဒေသတွင်း သဘာဝ ပတ်ဝန်း ကျင်အရေး လှုပ်ရှားသူများက ထောက်ပြထားသည်။

The Voice Weekly

No comments:

Post a Comment