ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားပြီးဖြစ်သည့် အမျိုးသားပညာရေး ဥပဒေကြမ်းအား ဗဟိုဦးစီး ချုပ်ကိုင်မှု များနေခြင်း၊ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်မရှိခြင်းနှင့် အခမဲ့မသင်မနေရ အလယ်တန်း ပညာရေးစနစ် မရှိခြင်းတို့ အပါအ၀င် အချက်များစွာဖြင့် NNER (National Network for Educational Reform) က ကန့်ကွက်လိုက်သည်။
ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) သည် ဆရာအဖွဲ့အစည်းများ၊ ဥပဒေပညာရှင်များ၊ ကျောင်းသားသမဂ္ဂမှ ကျောင်းသားများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး သြဂုတ် ၁၉ ရက်က ၄၄ လမ်းရှိ Media Library တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်ကာ ယင်းဥပဒေကို ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ယင်းဥပဒေပုဒ်မ အခန်း (၄) တွင်ဖော်ပြသည့် ‘အမျိုးသားပညာရေးကော်မရှင်’၊ အခန်း (၅) ပုဒ်မ (၂၇) တွင် ဖော်ပြသည့် အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရန်မလိုအပ်ဟု NNER က ယူဆပြီး စစ်တက္ကသိုလ်၊ ဘာသာရေးသင်ကြားသော တက္ကသိုလ်များမှအပ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များသည် ပညာရေးဝန်ကြီးဌာနနှင့်သာ သက်ဆိုင်စေရမည်ဟု ယူဆသည်။
လူတိုင်းအကျုံးဝင်သော ပညာရေးစနစ်ဟု ဥပဒေတွင် ဖော်ပြထားသည့်အတွက် မသန်စွမ်းကလေးများ အပါ အ၀င် ကလေးများအားလုံးအတွက် လူတိုင်းအကျုံးဝင်သော ပညာရေးခံစားခွင့်ကို တိတိ လင်း လင်း ဖော်ပြစေ လိုပြီး ဥပဒေပါ အချက်အလက်များသည် လူတိုင်းအကျုံးဝင် ပညာရေးနှင့် ဆန့်ကျင်လျက် ရှိသည်ဟု NNER က ဝေဖန်ထားပြီး တိုင်းရင်းသားကလေးများ၏ ပညာရေးအတွက်လည်း မိခင်ဘာသာ စကား (တိုင်းရင်းသားဘာသာစကား) ကို အခြေပြုသော ဘာသာစကားသုံးမျိုးစနစ် (မိခင်၊ မြန်မာ၊ အင်္ဂလိပ်) ကို အမျိုးသားပညာရေး ဥပဒေတွင် ထည့်သွင်းရန် လိုလားသည်။
ကျောင်းသားသမဂ္ဂများ၏ လွတ်လပ်စွာစုရုံးခွင့်၊ ဖွဲ့စည်းခွင့်၊ ပြောဆိုခွင့်များကို ဒီမိုကရေစီပညာရေးအရ အာမခံပေးစေလိုပြီး ယင်းဥပဒေပုဒ်မ (၄) အပိုဒ်ခွဲ (ဍ) “ပညာရေးဝန်ထမ်းများ၏ ကိုယ်ကျင့်တရား၊ ကိုယ်ပိုင် ဆုံးဖြတ်နိုင်မှုနှင့် တာဝန်ယူမှုတို့ ဖွံ့ဖြိုးလာမှုတို့အပေါ် အခြေခံပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချသည့်စနစ်ကို ကျင့်သုံးရေး” ဆိုသည့်အချက်သည် ဆရာဆရာမများ၏ ဂုဏ်သိက္ခာကို ထိပါးသဖြင့် ပြင်းထန်စွာ ကန့်ကွက် သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
“နှစ်ပေါင်း ၆၀ လောက်ကို ဗဟိုချုပ်ကိုင်မှု ဒါလုပ်၊ ဟိုဟာလုပ် လာပြောပြီးလုပ်သွားတဲ့ ပညာရေး၊ အစ အဆုံး ဗဟိုချုပ်ကိုင်ပြီးတော့မှ လုပ်လာတဲ့ ပညာရေးဟာ ဒီကနေ့ကမ္ဘာမှာ အဖတ်ဆယ်မရတဲ့ ပညာရေးကို ရပါတယ်။ အဲဒါ ဗဟိုချုပ်ကိုင်မှုကြောင့် ဖြစ်ပါတယ်” ဟု NNER အဖွဲ့ဝင် မဟောင်းစိုင်းက ပြောကြားသည်။
ထို့ပြင် အခြေခံပညာကျောင်းများ၏ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုတို့ကို ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာန တို့က ဆောင်ရွက်ရမည် ဆိုသည်ကိုလည်း လက်မခံဘဲ သင်ရိုးညွှန်းတမ်း အနိမ့်ဆုံးစံ၊ စာမေးပွဲစနစ်၊ အခမဲ့မသင်မနေရ အလယ်တန်းပညာရေးစနစ်၊ ပညာရေးအသုံးစရိတ် စသည့်အချက်များကိုလည်း NNER က ဝေဖန်ထားသည်။
“ကျွန်မတို့ NNER အနေနဲ့ လွှတ်တော်ကိုသွားတုန်းက ပညာရေးအသုံးစရိတ်ကို နိုင်ငံတော်ရဲ့ ဘတ်ဂျက် ကနေ ၁၂ ရာခိုင်နှုန်း အသုံးပြုဖို့ လွှတ်တော်ကို တိုက်တွန်းခဲ့ပါတယ်။ ဒီအမျိုးသားပညာရေး ဥပဒေ မှာ နိုင်ငံတော်ရဲ့ဘတ်ဂျက်က ဘယ်လောက်သုံးမယ်ဆိုတဲ့ အာမခံချက်၊ ကျွန်မတို့လိုချင်တဲ့ အာမခံချက် ပါမလာပါဘူး။ လုံးဝမပါလာဘူး။ ကျွန်မတို့ NNER အနေနဲ့ ဘဏ္ဍာရေးအတွက် အာမခံချက်မပါခြင်းကို လုံးဝကန့်ကွက်ပါတယ်” ဟု NNER အဖွဲ့ဝင် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
အမျိုးသားပညာရေး ဥပဒေကြမ်းကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ယင်းဥပဒေနှင့်ပတ်သက်၍ ကျောင်းသားများကလည်း ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။
Eleven Media Group
No comments:
Post a Comment