Tuesday, 19 August 2014

မြန်မာနှင့်ထိုင်း တန်ဖိုးနည်းအိမ်ရာ ဘယ်လိုကွာသလဲ


စာရေးသူတို့နိုင်ငံမှာရှိတဲ့ အစိုးရထိပ်တန်းအရာရှိကြီးတွေ၊ တတ်သိပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနက် အများစုဟာ အာဆီယံနိုင်ငံထဲမှာ စင်ကာပူနိုင်ငံရဲ့ အိမ်ရာဖွံ့ဖြိုးမှုကို အလွန်ပဲအားကျနေကြတာ တွေ့ရပါတယ်။ တချို့က မလေးရှားနိုင်ငံကိုပါ သဘောကျနေကြပါတယ်။ မြန်မာနိုင်ငံ အိမ်ရာဖွံ့ဖြိုးရေးမှာ တန်ဖိုးနည်းအိမ်ရာဖွံ့ဖြိုးရေးဟာ အဓိကအစိတ်အပိုင်း ဖြစ်ပါတယ်။ စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့ဟာ တန်ဖိုးနည်းအိမ်ရာနဲ့ ပတ်သက်ရင် အထပ်မြင့်အိမ်ရာတွေကိုပဲ သူ့ထက်ငါ အပြိုင်အဆိုင် ဆောက်လုပ်နေကြတာ တွေ့မြင်ရမှာပါ။စာရေးသူတို့နိုင်ငံမှာ အဲဒီလိုအထပ်မြင့်တွေ ဆောက်လုပ်ပြီး တန်ဖိုးလျော့နည်းအောင် မလုပ်နိုင်သေးပါဘူး။ ဆိုလိုတာက ၀င်ငွေနည်းပြည်သူတွေ လက်လှမ်းမီစေတဲ့ တန်ဖိုးနည်းအိမ်ရာဆိုရာမှာ အထပ်မြင့်တိုက်တွေ လုံးဝမပါဝင်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ရာမဲ့ပြည်သူတွေရဲ့ဝင်ငွေက အလွန်နိမ့်ကျနေတဲ့အပြင် အထပ်မြင့်တိုက်တွေက အထပ်မြင့်လေ ကုန်ကျစရိတ်က ကြီးမားလေ ဖြစ်နေပါတယ်။ အဲဒီနှစ်ခုရဲ့ ကြီးမားတဲ့ကွာဟချက်ကို လျော့နည်းသွားအောင် လုပ်ဆောင်ပေးလို့ မရနိုင်သေးတာ အမှန်ပါပဲ။ လက်ရှိ ရန်ကုန်မြို့က ဧရာဝဏ်နဲ့ ရတနာအထပ်မြင့် အိမ်ရာတွေဟာလည်း အဆင့်မြင့်အိမ်ရာ၊ တန်ဖိုးမျှတအိမ်ရာတွေသာ ဖြစ်နိုင်ပြီး တန်ဖိုးနည်းအိမ်ရာ လုံးဝမဖြစ်နိုင်ပါဘူး။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာမှ ယခုပစ္စုပ္ပန်ကာလအထိ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်ရာမှာ အထပ်မြင့်တွေ လုံးဝမပါဝင်တာ တွေ့ရပါတယ်။ အဆောက်အအုံအများစုက ငါးထပ်သာရှိပြီး အရည်အသွေးမြင့်အိမ်ရာ (Quality Housing) ဖြစ်ရေးကို ဦးတည်တာတွေ့ရပါတယ်။ အရေအတွက်အရ ၀င်ငွေနည်းပြည်သူတွေရဲ့ လိုအပ်ချက်ကို ပြည့်မီအောင် ဆောက်လုပ်ပေးနေတာလည်း တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် အာဆီယံနိုင်ငံတွေထဲမှာ တန်ဖိုးနည်းအိမ်ရာကို မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံး နှိုင်းယှဉ်လေ့လာသင့်တာက စင်ကာပူနဲ့ မလေးရှားမဟုတ်ဘဲ ထိုင်းနိုင်ငံသာ ဖြစ်တယ်လို့ အခိုင်အမာပြောချင်ပါတယ်။ စင်ကာပူကို Crazy ဖြစ်နေသူများအတွက် ထိုင်းနိုင်ငံရဲ့ တန်ဖိုးနည်းအိမ်ရာမြင်ကွင်း အနီးမှုန်ဖြစ်နေဦးမှာ အမှန်ပါပဲ။
ထိုင်းနိုင်ငံမှာ တန်ဖိုးနည်းအိမ်ရာကို တာဝန်ယူအကောင်အထည်ဖော်တဲ့ အဖွဲ့အစည်းက ‘‘အမျိုးသားအိမ်ရာ ဖွံ့ဖြိုးရေးအာဏာပိုင်’’ (National Housing Authority) (N.H.A) အဖွဲ့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တန်ဖိုးနည်းအိမ်ရာကို အဓိကတာဝန်ယူဆောင်ရွက်တဲ့ အဖွဲ့အစည်းက လက်ရှိ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနဖြစ်ပြီး ၁၉၅၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ထိုစဉ်က အမျိုးသားအဆင့် အဖွဲ့အစည်းဖြစ်ခဲ့ပေမယ့် မဆလခေတ်မှာ အမျိုးသားအဆင့်ကို ဖော်ဆောင်တဲ့ National Housing ဆိုတဲ့ စကားလုံးကို ပယ်ဖျက်ပစ်လိုက်ပါတယ်။ ထိုင်းနိုင်ငံမှာတော့ ၁၉၇၃ ခုနှစ်မှစပြီး ယနေ့အထိ နှစ်ပေါင်း ၄၀ ကျော် သုံးစွဲနေတာ တွေ့ရှိရပါတယ်။
ပထမဆုံးအနေနဲ့ ဖွဲ့စည်းပုံချင်း နှိုင်းယှဉ်ကြည့်တဲ့အခါ ထိုင်းနိုင်ငံမှာ (National Housing Authority) (N.H.A)အပြင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဌာနကို သီးခြားဖွဲ့စည်းထားတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ လွတ်လပ်ရေးရတဲ့အချိန်က အခြေအနေအရ အိုးအိမ်နဲ့ မြို့ပြစီမံကိန်းကို ပေါင်းစပ်ဖွဲ့စည်းထားခဲ့တာ ယခုဆိုရင် နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါပြီ။ တိုးပွားလာတဲ့ လူဦးရေအနေအထား၊ တိုးပွားလာတဲ့ မြို့ပြအနေအထား၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးများ အနေအထား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ အနေအထား အစရှိတာတွေ အားလုံးပြောင်းလဲလာခဲ့ပေမယ့် ရှေးရိုးအစဉ်အလာကို ဆုပ်ကိုင်ပြီး Institutional Reform မလုပ်နိုင်သေးတာ အားမရစရာပါဘဲ။ ထိုင်းနိုင်ငံမှာ နှစ်ဌာနခွဲလိုက်တော့ အလုပ်တွေကို ပိုပြီးနိုင်နိုင်နင်းနင်း လုပ်နိုင်တာ တွေ့မြင်နိုင်ပါတယ်။
ဒုတိယအချက်အနေနဲ့ ထိုင်းနိုင်ငံမှာ ဒေသအသီးသီးမှ စည်ပင်သာယာအဖွဲ့တွေက အိမ်ရာဖွံ့ဖြိုးရေးကို မလုပ်လိုကြပါဘူး။ သူတို့အနေနဲ့ ဒေသအတွင်း ပြည်သူတွေ မွေးတဲ့နေ့မှ သေတဲ့နေ့အထိ တာဝန်ယူထားရတဲ့ လုပ်ငန်းပမာဏက များပြားလွန်းလို့ မနိုင်မနင်းဖြစ်မှာ စိုးရိမ်ကြပါတယ်။ စာရေးသူတို့နိုင်ငံမှာတော့ နိုင်နိုင်၊ မနိုင်နိုင် လုပ်ချင်လွန်းလို့ အလုအယက် အပြိုင်အဆိုင် ဖြစ်နေကြတာ တွေ့ရှိရပါတယ်။ ထိုင်းနိုင်ငံမှာ (National Housing Authority) (N.H.A) တစ်ဖွဲ့တည်းက တာဝန်ယူဆောင်ရွက်ပေးတဲ့အတွက် နေရာဒေသအားလုံး အိမ်ရာကဏ္ဍမှာ တစ်ပြေးညီ ဖွံ့ဖြိုးလာတာ တွေ့ရပါတယ်။
နောက်ပြီး တတိယအချက်က အစိုးရအိမ်ရာဘဏ် (Govt: Housing Bank)ကို သီးခြားဖွဲ့စည်းပေးထားပြီး (National Housing Authority) (N.H.A)ဟာ အစိုးရရဲ့ အိမ်ရာထောက်ပံ့ကြေးနဲ့ လှည့်ပတ်ရန်ပုံငွေအပြင် ဘဏ္ဍာငွေလိုအပ်ရင် အစိုးရအိမ်ရာဘဏ်ကို သီးခြားငွေချေးပြီး ဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ အိမ်ရာထောက်ပံ့ကြေးရယ်လို့ ရန်ပုံငွေသက်သက်လည်းမရှိ၊ လှည့်ပတ်ရန်ပုံငွေကလည်း ရှိရာက ပျောက်တော့မလိုဖြစ်ပြီး အိမ်ရာကို သီးသန့်အတိုးနည်းနည်းနဲ့ နှစ်ရှည်ချေးငွေပေးမယ့် ဘဏ်ကလည်း လိုအပ်နေသေးတာ တွေ့ရပါတယ်။
စတုတ္တအချက်က တန်ဖိုးနည်းအိမ်ရာအတွက် မြေနေရာကို (National Housing Authority) (N.H.A)က သိမ်းယူတာ၊ ၀ယ်တာ မလုပ်ပါဘူး။ အစိုးရအဖွဲ့က လျော်ကြေးပေးသိမ်းရင် ဒါမှမဟုတ် ၀ယ်ရင် မြေဈေးတွေ တက်လာတာ၊ နိုင်ငံရေးအရ ပွဲဆူတာ၊ လာဘ်ပေးလာဘ်ယူ ပါလာတတ်တာ၊ ကြိုးနီစနစ်ကြောင့် နှစ်နဲ့ချီပြီး ကြန့်ကြာလေ့ရှိတာ အစရှိတဲ့ ဒုက္ခတွေအားလုံး ကင်းဝေးအောင် ဆောက်လုပ်မယ့် ကန်ထရိုက်တာကပဲ ပေါက်ဈေးနဲ့ မြေကိုဝယ်ပြီး အိမ်ရာဆောက်ဖို့ အဆိုပြုရပါတယ်။
သူဝယ်တဲ့မြေဖိုးကို (National Housing Authority) (N.H.A)က အိမ်ရာဆောက်လုပ်စရိတ်နဲ့အတူ ပေါင်းပြီးငွေချေးပါတယ်။ မြေကိုလည်း အမည်လွှဲပြောင်းယူလိုက်ပါတယ်။ ကန်ထရိုက်တာဟာ မြေ၀ယ်တဲ့စရိတ်အပါအ၀င် အိမ်ရာဆောက်လုပ်ဖို့ငွေကို အစိုးရအိမ်ရာဘဏ်ကနေ အတိုးလျှော့ပြီး ၈၀ ရာခိုင်နှုန်း ချေးငွေရယူနိုင်တယ်လို့ သိရှိရပါတယ်။ မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်မှာ မြေသိမ်းလို့လည်းမဖြစ်၊ သိမ်းပြီးမြေပေါ်ကို ပြန်ပြီးကျူးကျော်၊ အဲဒါကို ကာလပေါက်ဈေးနဲ့ ပြန်လျော်ပေးနေရတာနဲ့ စီမံကိန်းအသစ်အတွက် No Land, No Plan ဆိုတာလို ဖြစ်နေပါတယ်။
ပဉ္စမအချက်က (National Housing Authority) (N.H.A)ရဲ့ တန်ဖိုးနည်းအိမ်ရာ ကိုးခန်းတွဲ ငါးထပ်တိုက်တွေ ဖြစ်ပါတယ်။ တစ်ခန်းကို စတုရန်းပေ ၃၃၀ ပဲကျယ်တာ တွေ့ရပါတယ်။ ဆောက်လုပ်တဲ့ ကန်ထရိုက်တာဟာ Prefaoribation ခေါ် အစိတ်အပိုင်းအားလုံး ကြိုတင်တည်ဆောက်ရတဲ့ စနစ်ကိုသာ ကျင့်သုံးရပါတယ်။ ငါးထပ် ၄၅ ခန်းပါ တိုက်တစ်လုံးကို တည်ဆောက်ချိန် ၁၈ ရက်၊ ရေ၊ မီး၊ လျှပ်စစ်အတွက် ၁၂ ရက်၊ စုစုပေါင်းရက် ၃၀ နဲ့ အပြီးအစီးဆောက်လုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရှစ်နှစ်အတွင်းမှာ တိုက်ခန်းပေါင်း နှစ်သိန်းခန့် တစ်နှစ်ကို ပျမ်းမျှ ၂၅၀၀၀ ခန်း ဆောက်လုပ်ပေးနိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာတော့ တန်ဖိုးနည်းအိမ်ရာက တစ်နှစ်ကို အခန်းပေါင်း ၃၀၀၀ မျှပင် အနိုင်နိုင်ဖြစ်နေပါသေးတယ်။
ဆဋ္ဌမအချက်က ထိုင်းနိုင်ငံက တန်ဖိုးနည်းအိမ်ရာကို ‘‘အစိုးရက ထောက်ပံ့မှုပေးသောအိမ်ရာ’’လို့ ခေါ်ဆိုပါတယ်။ ထိုင်းဘာသာစကားနဲ့ ‘‘ဘန်းအူရာအာသွန်း’’(Barn Eua-Ar thorn)လို့ခေါ်ဆိုပြီး တိုက်ခန်းတစ်ခန်းအတွက် အစိုးရက ထောက်ပံ့ငွေ ဘတ်ရှစ်သိန်း( မြန်မာငွေ ၂၄ သိန်း) စိုက်ထုတ်ကျခံပါတယ်။ မြန်မာနိုင်ငံမှာ မြေအပါအ၀င် အခြေခံအဆောက်အအုံတွေကို ထောက်ပံ့မှုပေးတာ ပိုပြီးများပေမယ့် တစ်ခန်းကို အစိုးရက ဘယ်လောက်ကျခံပေးတယ်ဆိုပြီး အတိအလင်း ထုတ်ပြန်ကြေညာနိုင်ခြင်း မရှိသေးပါဘူး။
သတ္တမအချက်က ထိုင်းနိုင်ငံရဲ့ တန်ဖိုးနည်းအိမ်ရာ အခန်းတစ်ခန်းဟာ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း စုစုပေါင်း ၃၃၀ စတုရန်းပေရှိပြီး ဘက်စုံသုံးအခန်း (Multipurpose Room)ခေါ်တဲ့ အခန်းတစ်ခန်း၊ ရေချိုးခန်း၊ အိမ်သာခန်းနဲ့ ၀ရန်တာပဲ ပါဝင်ပါတယ်။ အစိုးရထောက်ပံ့ငွေနုတ်ပြီး ရောင်းဈေးက ဘတ် ၃၉ သိန်း (မြန်မာငွေ ၁၁၇ သိန်း)ဖြစ်တာ တွေ့ရပါတယ်။ လမ်း၊ ရေ၊ မီး၊ ဥယျာဉ်၊ ကစားကွင်း စတဲ့ အခြေခံနဲ့ လူမှုအဆောက်အအုံ ကုန်ကျစရိတ်အားလုံးအပါအ၀င် ဈေးနှုန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာက စတုရန်းပေ ၄၈၀ ရှိပြီး၊ ရောင်းဈေးက ၁၂၀ သိန်းဆိုတော့ ထိုင်းနိုင်ငံထက် ပိုမိုကျယ်ဝန်းတဲ့အပြင် ဈေးကလည်း သက်သာနေတာ တွေ့ရပါတယ်။ ဒီအချက်နဲ့ပဲ စာရေးသူတို့က အနိုင်ယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်းမှာ ၀န်ထမ်းများအပါအ၀င် ၀င်ငွေနည်းပြည်သူတိုင်းလိုလို ၀ယ်ယူနိုင်စွမ်းရှိကြပေမယ့် မြန်မာနိုင်ငံမှာ သိန်း ၁၂၀ နဲ့ မ၀ယ်နိုင်ကြတာကြောင့် Unaffordable Housing ပဲ ဖြစ်နေပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက အခန်းကျယ်ကျယ်လည်း လိုချင်တယ်။ ဈေးလည်း လျှော့စေချင်တယ်ဆိုရင်တော့ လူ့အလို နတ်လိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ အခန်းအကျယ်အ၀န်းကို လက်ရှိထက် လျှော့လိုက်ရင် ဈေးသက်သာမှာ ဖြစ်ပါတယ်။ ထိုင်းမှာ ၃၃၀ စတုရန်းပေနဲ့ မြန်မာက ၄၈၀ စတုရန်းပေဆိုတော့ ၁၅၀ စတုရန်းပေတောင် ပိုပြီးကျယ်ဝန်းပါတယ်။ ၄၈၀ အစား ၄၀၀ ပေဆိုရင် လက်ရှိ P.A.E ဈေးအရ သိန်းတစ်ရာအောက်ကို ရောက်သွားမှာ ဖြစ်ပါတယ်။
အဋ္ဌမအချက်က အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။ တန်ဖိုးနည်းအိမ်ရာအတွက် ငွေပေးချေမှုစနစ်ပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ၁၉၉၇ ခုနှစ်မတိုင်မီက အရစ်ကျငွေပေးသွင်းမှုကို ၂၅ နှစ်အထိ ခွင့်ပြုခဲ့ပြီး လက်ရှိအချိန်မှာ နှစ်ပေါင်း ၃၀ အထိ အရစ်ကျပေးဆပ်ခွင့်ပြုပါတယ်။ အစိုးရအိမ်ရာဘဏ်က (National Housing Authority) (N.H.A)နဲ့ ချိတ်ဆက်ပြီး ထုတ်ချေးတာ ဖြစ်ပါတယ်။ အစိုးရ၀န်ထမ်းများသာမက စက်ရုံလုပ်သားများ၊ ကုမ္ပဏီဝန်ထမ်းများ၊ အားလုံးလိုလို ၀ယ်ယူနိုင်စွမ်း ရှိကြပါတယ်။ တစ်ခုရှိတာက အနှစ် ၃၀ ကြာရင် ၀ယ်သူရဲ့ အသက်(၇၅)နှစ် မကျော်ရပါဘူး။ အဲဒီနှစ်မျိုးအနက် နည်းရာနှစ်ကာလအထိပဲ ရရှိမှာပါ။ ဥပမာ-အသက်(၅၀)နှစ်မှာ အခန်းဝယ်ရင် အရစ်ကျပေးရမယ့် နှစ်ကာလက ၂၅ နှစ်ပဲ ဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံမှာ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ငါးနှစ်အထိပဲ အရစ်ကျချေးငွေ ပေးနိုင်ပါသေးတယ်။ အရစ်တွေ ဆန့်ထုတ်တာနဲ့အမျှ ၀င်ငွေနည်းသူတို့ရဲ့ ၀ယ်နိုင်စွမ်း (Affordablity)က မြင့်တက်လာပြီး အိမ်ရာမဲ့တွေ လျော့နည်းမှာ ဖြစ်ပါတယ်။
န၀မအချက်က ထိုင်းနိုင်ငံမှာ တန်ဖိုးနည်းအိမ်ရာကို စုပေါင်းပိုင်အဆောက်အအုံ (Condominium)အဖြစ် သတ်မှတ်ပေးထားတာ တွေ့ရှိရပါတယ်။ အိမ်ခန်းဝယ်ယူနေထိုင်သူတိုင်း အဆောက်အအုံတည်ရှိရာ မြေနဲ့ အဆောက်အအုံကို စုပေါင်းပိုင်ဆိုင်ကြပါတယ်။ ကစားကွင်း၊ ဥယျာဉ်၊ မြေကွက်လပ်နဲ့ အများသုံးမြေဧရိယာမှန်သမျှကို (National Housing Authority) (N.H.A)ကပဲ ပိုင်ဆိုင်ပါတယ်။ လမ်းတွေကို ဒေသဆိုင်ရာ အစိုးရက ပိုင်ဆိုင်ပါတယ်။ အဲဒီလို အကန့်လိုက်ခွဲထားရုံမျှမက ထိန်းသိမ်းရေးကော်မတီ(လမ်းများမပါ)ကို နေထိုင်သူများက ရွေးချယ်တင်မြှောက်ပြီး ဖွဲ့စည်းထားပါတယ်။ အဲဒီအဖွဲ့ကပဲ လစဉ်အမှိုက်သိမ်းခနဲ့ လမ်းမီးအတွက် အချိုးကျငွေကို ကောက်ခံပြီး ထိန်းသိမ်းရေးကို စနစ်တကျဆောင်ရွက်ကြတာ တွေ့ရပါတယ်။ စာရေးသူတို့နိုင်ငံမှာတော့ တန်ဖိုးနည်းအိမ်ရာကို ဂရန်ပေးတာလည်းမရှိ၊ စုပေါင်းပိုင်ဆိုင်မှုလည်း မရတဲ့အပြင် အရေးကြီးဆုံးဖြစ်တဲ့ ထိန်းသိမ်းရေးကို မဆောင်ရွက်နိုင်လို့ အဖီအဆွယ်တွေ၊ ဆိုင်ခန်းတွေ တိုးချဲ့ဆောက်ပြီး မင်းမဲ့စရိုက်တွေ လွှမ်းမိုးပျက်စီးလာတာ တွေ့ရှိနိုင်ပါတယ်။
ထိုင်းနိုင်ငံသာမက စင်ကာပူ၊ မလေးရှား စတဲ့ နိုင်ငံတွေမှာလည်း ထိန်းသိမ်းရေးကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းပြီး ဆောင်ရွက်နေကြတာ အလွန်ပင် စံနမူနာယူထိုက်ပါတယ်။ အတိတ်ကာလက ဆောက်ပြီးရောင်းပြီးတာနဲ့ အထိန်းမဲ့အကွပ်မဲ့ ပရမ်းပတာဖြစ်ခဲ့သမျှ သင်ခန်းစာယူပြီး နိုင်ငံ့ဂုဏ်၊ လူမျိုးဂုဏ်ကို ဆောင်မယ့် ‘‘ကောင်းကျိုးချမ်းသာ မြတ်အိမ်ရာ’’ (Decent Housing)များ ဖြစ်လာအောင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေစည်းကမ်းများ ထုတ်ပြန်ပြီး ထိန်းကျောင်းပေးဖို့ လိုအပ်လျက်ရှိကြောင်း အလေးအနက်အကြံပြုရင်း နိဂုံးချုပ်လိုက်ပါတယ်။ ။
7Day

No comments:

Post a Comment