Thursday 19 June 2014

ရှမ်းမြောက်တွင် TNLAအဖွဲ့မှ ဒေသခံများအား ဖမ်းဆီးခြိမ်းခြောက် အတင်းအကြပ်ငွေကြေးလုယူမှုဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်၊ မန်နိမ်းကျေးရွာအုပ်စု၊ (၁၂)မိုင်စုစည်းကျေးရွာနေ ဦးဝမ်းကျုံးနှင့် မိသားစု (၃)ဦး သည် ဇွန်(၁၆)ရက်မနက်ပိုင်းက နမ့်ခမ်းသို့ ပီကင်းဂျစ်ကားဖြင့် ထွက်ခွာ လာစဉ် TNLA အဖွဲ့၏ ဖမ်းဆီးခြိမ်းခြောက် ငွေကြေးလုယူခြင်းခံ ခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ ဦးဝမ်းကျုံးမိသားစုသည် နမ့်ဖက်ကာ-နမ့်ခမ်း မဟာဗျူဟာလမ်းအတိုင်း ထွက်ခွာလာစဉ် ဖာလင်ကျေးရွာမှ မန်အောင်ကျေးရွာသွား ကွန်ကရစ်လမ်းအကျော် မန်အောင်ရွာ အ၀င် မန်ကောင်း ရပ်ကွက် အစလမ်းကွေ့နေရာ၌ TNLA အဖွဲ့မှ ကားအားတားဆီး၍ ပစ္စည်းများရှာဖွေစစ်ဆေးခဲ့ကြောင်း၊ ထိုသို့ရှာဖွေစဉ် ရဲဝတ်စုံများပါရှိသဖြင့် ကားပေါ်မှ ဆင်းကာ လက်ပြန်ကြိုးတုပ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

`` (၁၃)မိုင်စုစည်းကျေးရွာမှာ ရဲစခန်းရှိတယ်၊ အဲဒီရွာရောက်တော့ ရဲတွေကသူတို့လည်း နမ့်ခမ်းပြန်မှာဆိုပြီး ရဲဝတ်စုံတွေ ကားကြုံထည့်ပေးလိုက်တာ၊ အဲ့ဒီရဲဝတ်စုံတွေကို TNLA အဖွဲ့ကတွေ့ပြီး ဖမ်းချုပ်တော့တာပါပဲ´´ ဟု ဦးဝမ်းကျုံး ကပြော သည်။

TNLA အဖွဲ့မှ ဦးဝမ်းကျုံးတို့အား လက်ပြန်ကြိုးတုပ်၍ ၀ါလိုင်ပြည်သူ့စစ်များဟု စွပ်စွဲကာ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ ကြောင်း၊ ၄င်းအဖွဲ့မှ အသင့်ယူဆောင်လာသော ၀ါလိုင်ပြည်သူ့စစ်စခန်းအား မီးရှို့စဉ်က ရိုက်ထားသည့်ဓါတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ မဟုတ်သဖြင့် ကြိုးပြန်ဖြေပေးခဲ့ကြောင်း သိရသည်။ 

`` ကျွန်တော်တို့ကို ဘယ်သွားမှာလည်းမေးပြီး နမ့်ခမ်းမှာအိမ်ရှိရင်လိပ်စာအပြည့်အစုံပြောခိုင်းပါတယ်၊ အစိုးရအဖွဲ့က သတင်းပေးတွေဆိုရင် လာဖမ်းမယ်လို့ပြောတယ်၊ ပြီးတော့ ကျွန်တော်တို့ကို ဓါတ်ပုံတွေ ၀ိုင်းရိုက် တယ်၊ ဗွီဒီယိုကင်မရာနဲ့ လည်း ရိုက်တာမြင်တယ်´´ ဟု အတူပါသွားသော ဦးဝမ်းကျုံး၏ ယောက်ဖဖြစ်သူက ဆိုသည်။ 

ဦးဝမ်းကျုံး၏ကားအား TNLA အဖွဲ့မှ မောင်းနှင်သွားခဲ့ရာ မန်အောင်ရွာအလယ်တွင် ရှပ်တန်းကြိုးပြီး ရပ်တန့်သွားခဲ့ ကြောင်း၊ ဦးဝမ်းကျုံးတို့အား ထပ်မံစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကာ အစိုးရ၀န်ထမ်းများအား ကူညီသဖြင့် ဒဏ်ကြေး ငွေအဖြစ် ကားပေါ်တွင်ပါရှိသော ငွေကျပ်(၅၅)သိန်းအား အတင်းယူဆောင် ထားလိုက်ကြောင်း သိရသည်။ 

`` ငွေတွေယူတော့ ကျွန်တော်တို့တောင်းပန်ပါသေးတယ်၊ ဒါပေမယ့်အတင်းယူသွားတယ်၊ ပြန်လွတ်လာ ပေမယ့် ကျွန်တော်တို့ကို ခြိမ်းခြောက်လိုက်တာကြောင့် အရမ်းစိုးရိမ်ပြီး ဘာလုပ်ရမှန်မသိဖြစ်နေချိန် (၁၃)မိုင်စခန်းမှာရှိတဲ့ အစိုးရ တပ်ကိုတော့သွားပြီး အကူအညီတောင်းထားပါတယ်´´ ဟု ဦးဝမ်းကျုံးက ပြောကြားသွားသည်။

Credit : စိုင်းနေမင်း(ကွတ်ခိုင်)

No comments:

Post a Comment