ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လှိုင်သာယာ မြို့နယ်၊ ကျောက်တံတား
မြို့နယ်နှင့် တောင်ဥက္ကလာပ မြို့နယ်တို့တွင် အလုပ်သမားနေ့ အခမ်းအနားများကို
ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ပွဲစီစဉ်သူများထံမှ သိရသည်။
လှိုင်သာယာမြို့နယ်တွင် အလုပ်သမားနေ့ အခမ်းအနားကို အမှတ် (၆) ရပ်ကွက်ရှိ အောင်မြေ သာယာ ဘောလုံး ကွင်းတွင် နံနက် ၈ နာရီခွဲမှ ညနေ ၆ နာရီခန့်အထိ ပြုလုပ်မည်ဖြစ်ပြီး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးထင်အောင်တို့ တက်ရောက်မည် ဖြစ်ကာအဆိုတော်များ၏ ဖျော်ဖြေမှုများလည်း ပါဝင်ကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (FTUN) မှ လှိုင်သာယာမြို့နယ် တာဝန်ခံ ဦးမျိုးဇော်ဦးက ပြောကြားသည်။
အဆိုပါပွဲတွင် အလုပ်သမား သုံးထောင်ကျော် တက်ရောက်မည်ဟု ခန့်မှန်းထားပြီး ကျန်းမာရေး ဟောပြောမှု အပါအဝင် အလုပ်သမားများ အတွက် ပျော်ပွဲရွှင်ပွဲ အစီအစဉ်များလည်း ပါဝင်ကာ အနိမ့်ဆုံး လုပ်ခလစာ အတွက်လည်း ဟောပြောမည့် အစီအစဉ်များ ပါဝင်ရန် ရှိကြောင်း ထပ်မံပြောကြား သည်။
အလုပ်သမားများ၏ အခွင့်အရေးများကို တောင်းဆိုမည့် ဆန္ဒထုတ်ဖော်ပွဲ တစ်ခုကို ကျောက်တံတားမြို့ နယ်ရှိ မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်မည်ဖြစ်ပြီး မွန်းလွဲ ၁၁ နာရီမှ နေ့လည် ၂နာရီ အထိ ပြုလုပ် မည် ဖြစ်ကာ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ရန် တောင်းဆိုခြင်းနှင့် အလုပ်သမား အခွင့်အရေး များကို ဆန္ဒထုတ်ဖော် တောင်းဆိုသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ ကွန်ယက်မှ အတိုင်ပင်ခံ တစ်ဦးဖြစ်သူ ဦးဌေးက ပြောကြားသည်။
ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ရန် တောင်းဆိုခြင်းမှာ အလုပ်သမား အခွင့်အရေး အတွက် တိုက်ရိုက် ပတ်သက်နေကြောင်း၊ အလုပ်သမားများ လွတ်လပ်စွာ ဝေဖန်ခွင့် ရလိုကြောင်း၊ အခွင့်အရေးများ ကိုလည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
အလုပ်သမားနေ့တွင် ၁၉၇၄ ခုနှစ် ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်များကို ဂါရဝပြုပွဲ တစ်ခုကိုလည်း တောင်ဥက္ကလာပမြို့နယ် မဂ္ဂင်ကျောင်းတိုက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။
The Voice Weekly

No comments:
Post a Comment