တောင်ငူမြို့နယ် ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ ကလေးဂေဟာ တွင် ဖြစ် ပွားသော လူ ၇၀ ခန့် အစာ အဆိပ် သင့်မှု အတွက် ဒီးဒိုအချိုရည် အပါအဝင် အစားအသောက် အားလုံးကို ရန်ကုန်မြို့ အမျိုးသား ဓာတ်ခွဲ ခန်းသို့ ပေးပို့ စစ်ဆေးမည် ဖြစ်ကြောင်း တောင်ငူ ပြည်သူ့ဆေးရုံကြီး၏ ဒုတိယ ဆေးရုံ အုပ်ကြီး ဒေါက်တာသီတာစိုးက The Voice သို့ ပြောကြားသည်။
မေလ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အစာအဆိပ် သင့်မှုကြောင့် ကလေးနှင့် လူကြီး ၆၈ ဦးတို့ မူးဝေ အော့အန်သော လက္ခဏာများဖြစ်ကာ တောင်ငူ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့ပြီး မေလ ၂၀ ရက်နေ့ တွင် ကလေးငယ်အားလုံး အသက်အန္တရာယ် စိုးရိမ်ဖွယ် မရှိကြောင်း ၎င်းက ထပ်လောင်းပြော ကြားသည်။ ဆန်ပြားသုပ်နှင့် ဒီးဒိုအချိုရည် စားသောက်ပြီး နောက်ပိုင်း အစာအဆိပ်သင့် လက္ခဏာ ဖြစ်ပွားခဲ့သည့် အတွက် ဆန်ပြားသုပ်အတွင်း ပါဝင်သော အစားအသောက် နမူနာများ၊ ရေနှင့် အစားအသောက် စီစဉ်သူ များ၏ လက်သန့်ရှင်းမှု အခြေအနေကို ဓာတ်ခွဲစစ်ဆေးမည် ဖြစ်ကြောင်း၊ ယင်းအပြင် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က စစ်ဆေးပြီးသော ဒီးဒို အချိုရည်ကိုလည်း ပြန် စစ်ဆေးပေးရန် စီစဉ်ထားကြောင်း ဒေါက်တာ သီတာစိုးက ပြောဆိုသည်။
မေလ ၂၀ ရက်နေ့တွင် ကလေးငယ် ကိုးဦးနှင့် လူကြီး ၁၃ ဦးသာ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ဆက်လက် ခံယူနေကြောင်း တောင်ငူမြို့နယ် ဆေးရုံထံမှ သိရသည်။
ယခုနှစ် ဖေဖော်ဝါရီ လကုန်ခန့်က တစ်လီတာ ဒီးဒိုအချိုရည်ဘူး တစ်ဘူးတွင် မှိုခြောက်သိန်း ပါဝင်ကြောင်း သမဝါယမ ဓာတ်ခွဲခန်းတွင် စစ်ဆေးတွေ့ရှိ ခဲ့သည့်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ဈေးကွက်အတွင်း ဒီးဒိုအချိုရည်များ စစ်ဆေးခဲ့သော်လည်း အန္တရာယ်ရှိ ပစ္စည်းများ မတွေ့ရှိရကြောင်း FDA ဓာတ်ခွဲခန်း တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
တောင်ငူမြို့တွင်ပင် မေလဆန်းပိုင်းက အလှူကကျွေးသော ဒံပေါက် စားမိသည့်အတွက် ကလေး သူငယ်ကိုးဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး မေလ ၁၉ ရက်နေ့ ဇေယျာသီရိ မိဘမဲ့ဂေဟာ အစာ အဆိပ်သင့်မှု သည် တစ်လအတွင်း ဒုတိယအကြိမ်မြောက် အဆိပ်သင့်မှု ဖြစ်သည်။
မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းက အိုအိရှိ အာလူးကြော်နှင့် DeeDo အအေးဘူးတို့ကို ဓာတ်ခွဲ စစ်ဆေးရန် သမဝါယမ ဝန်ကြီးဌာန လက်အောက်ရှိ ဓာတ်ခွဲခန်းသို့ ဖေဖော်ဝါရီ ၂၁ ရက်က ပို့ခဲ့ရာ အာလူးကြော် တွင် Present Chemical Analysis Results တွင် Acid Volue ၅ ဒသမ ၂၇၉ နှင့် DeeDo တစ်လီတာဘူး တစ်ဘူးတွင် မှိုပါဝင်မှု ခြောက်သိန်း တွေ့ရှိခဲ့သည်။
The Voice Weekly
No comments:
Post a Comment