အရည်အသွေး ကောင်းမွန်သော ဆားသည် ခရိုင်းမီးယား ဒေသ၏ အဓိက ပို့ကုန်တစ်ခု ဖြစ်သည်။ မကြာသေး မီက ယူကရိန်းပိုင်နက်မှ ခွဲထွက်ပြီး ရုရှားဩဇာ ခိုလှုံသွားသော ခရိုင်းမီးယား ဒေသတွင် ဆားကျင်း အများအပြား ရှိနေသည်။ ယင်းတို့အနက်မှ အသုံးမပြုတော့သည့် ဆားတွင်းဟောင်းကြီး တစ်ခု တွင် အလွန်ဆန်းကျယ်သော သဘာဝ ရှုခင်းပုံရိပ်များ ဖြစ်တည်နေသည်ကို ဆာဂျီ အန်နာရှက်ကီဗစ်ခ်ျက လူအများရှေ့ ဆောင်ကြဉ်းပြသခဲ့သည်။ ပုပ်သိုးနေသောပင်လယ်ဟု တင်စားခံရသည့် ဆားကျင်းဟောင်း ကြီး သည် ယခုအခါ ရေကန်ကြီး တစ်ခုအနေဖြင့် တည်ရှိနေသည်။
အဆိုပါ ရေကန်ကြီးအတွင်းရှိ ဆားပွင့်များနှင့် သဘာဝ ရေညှိများ ပေါင်းစပ်ကာ ဆန်းကျယ်သော အရောင်အသွေးနှင့် မြင်ကွင်းများကို အလိုအလျောက် ဖြစ်တည်လာစေခြင်း ဖြစ်သည်။ ရေကန်ကြီးတွင် ဆိုးရွားပြင်းထန်သည့် အနံ့အသက်များ ထွက်ပေါ်နေဆဲ ဖြစ်ခြင်းကြောင့် ပုပ်သိုးနေသောပင်လယ်ဟု တင်စား အမည်ပေးခဲ့ခြင်း ဖြစ်သည်။ ရေကန်၏ အခြေတွင် ဆားလွှာသည် (၁၆.၄)ပေမျှ အထူထိ အနည်ထိုင်နေသည်။ အဆိုပါနေရာတွင် ဆားတန်ချိန် သန်း(၂၀၀)ကျော်မျှ ရှိလိမ့်မည်ဟုလည်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ ယင်းဒေသ တစ်ခုလုံးသည် (၉၉၉)စတုရန်းမိုင်မျှထိ ကျယ်ဝန်းသည်။ အသက်(၃၆)နှစ်ရှိ ဓာတ်ပုံဆရာသည် ဓာတ်ပြုမှုများကြောင့် အနီရောင်ပြောင်းနေ သည့် ရေပြင်နှင့် နောက် ခံ ကောင်း ကင်ပြာပြာတို့ကို လိုက်ဖက်ညီစွာ ရိုက်ကူးပြသထားခဲ့သည်။
ဒီနေရာကို ဒေသခံတွေ ကောင်းကောင်း သိကြပေမယ့် ကမ္ဘာလှည့် ခရီးသွားတွေတော့ လာလေ့ မရှိဘူး။ မြင်ကွင်းအရတော့ သိပ်ပြီး လှပတယ်လေ။ ဒီတစ်ဝိုက်မှာ တိုက်ခိုက်တဲ့ လေထုက စိုထိုင်းဆ အရမ်းမြင့်ပြီး ဆားဓာတ်လည်း သိပ်များတယ်။ လေကိုရှူရတာ စေးထန်းထန်း ဖြစ်နေတယ်။ ကျွန်တော် ဓာတ်ပုံ ရိုက်တော့ အရေပြား၊ အဝတ်အစား၊ ကင်မရာပစ္စည်း အားလုံးကို အကာအကွယ်တွေ အုပ်ထားရ တယ်။ အဆိုးဆုံးကတော့ အနံ့ပဲ။ တကယ့်ကို မနှစ်မြို့စရာ အတွေ့အကြုံပါပဲ”ဟု အန်နာရှက်ကီ ဗစ်ခ်ျ က ရှင်းပြခဲ့သည်။ ၎င်းသည် အဆိုပါ ဓာတ်ပုံများကို Canon EOS 5D Mark IIနှင့် Canon EF 15/2.8FishEye ကင်မရာများဖြင့် ရိုက်ယူခဲ့ခြင်းဟုလည်း အန်နာရှက်ကီဗစ်ခ်ျက ပြောကြားသွားသည်။
Planet Myanmar Network
No comments:
Post a Comment