Sunday 9 March 2014

ရဲတပ်ရင်း ဆောက်လုပ်ရန် မြေရှင်းရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် ယင်းမာပင် ဒေသခံများ သုံးရက်ဆက် ပဋိပက္ခဖြစ်

Photo: ရဲတပ်ရင်း ဆောက်လုပ်ရန် မြေရှင်းရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် ယင်းမာပင် ဒေသခံများ သုံးရက်ဆက် ပဋိပက္ခဖြစ်

မုံရွာ၊မတ်၊၈

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမပင်ခရိုင် ယင်းမာပင်မြို့နယ် အုံတုံပင် ကျေးရွာ၌ ရဲတပ်ရင်း (၂၈) တည်ဆောက်ရန် မြေရှင်းရာမှ ရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံများ မတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ သုံးရက်ဆက်တိုက် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ဒေသခံအချို့နှင့် သံဃာတစ်ပါး ယာယီ ထိန်းသိမ်းခံခဲ့ရကြောင်း အုံတုံပင် ကျေးရွာ ဒေသခံများက ပြောကြားသည်။

“ရဲတပ်ရင်း ဆောက်ဖို့ မြေတွေကို ဘူဒိုဇာတွေနဲ့ ရှင်းတဲ့နေရာမှာ မြေအသုံးပြုဖို့ လက်ခံခြင်း မရှိသေးတဲ့ ဒေသခံတွေ ကန့်ကွက်တာပါ။ စဖြစ်တဲ့နေ့ မတ်လ ၆ ရက်နေ့မှာ နှစ်ဦး ထိန်းသိမ်း ခံခဲ့ရတယ်။ ဒုတိယနေ့မှာ ဦးပဉ္စင်းတစ်ပါးနဲ့ ဒေသခံ လေးဦး ယာယီ ထိန်းသိမ်းခံရတယ်။ မတ်လ ၈ ရက်နေ့မှာတော့ ဒေသခံတွေက ကန့်ကွက်မှုတွေ လုပ်နေတုန်းပဲ” ဟု အုံတုံပင်ကျေးရွာ ဒေသခံ အမျိုးသား တစ်ဦးက ဆိုသည်။

ရဲတပ်ရင်း တည်ဆောက်ရန် မြေဧက ၁၀၀ အသုံးပြုမည်ဟု တာဝန်ရှိသူများက ဆိုထားပြီး မြေတစ်ဧကလျှင် ပေ ၈၀၊ ပေ ၆၀ ကျယ်ဝန်းသော မြေကွက် နှစ်ကွက် ပြန်ပေးမည်ဟု ဆိုထားကြောင်း၊ လက်ခံသူများ ရှိသော်လည်း ယခုချိန်ထိ ကန့်ကွက်နေကြသည့် မြေပိုင်ရှင်များလည်း ရှိသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“မတ်လ ၇ ရက်နေ့မှာ ရဲတပ်ဖွဲ့တွေက ဦးပဉ္စင်းကို ဖမ်းသွားတော့ ဒေသခံတွေ မခံမရပ်နိုင် ဖြစ်ပြီး ခဲတွေနဲ့ ပေါက်တာ၊ ဖုန်တွေနဲ့ ပက်တာတွေ ဖြစ်လာတယ်။ တပ်ဖွဲ့ဝင်တွေ ကလည်း ဒေသခံတွေကို ရိုက်နှက်တာ တွေခဲ့တယ်” ဟု ပဋိပက္ခ ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူ တစ်ဦးက ဆိုသည်။

ရဲတပ်ရင်း တည်ဆောက်ရန် မြေနေရာများကို အများစု လက်ခံထားပြီး လူနည်းစု အချို့က လက်ခံနိုင်ခြင်း မရှိကြောင်း၊ ယင်းကြောင့် တာဝန်ချိန်တွင် ဝတ္တရား နှောင့်ယှက်မှုဖြင့် ယာယီ ထိန်းသိမ်းခြင်းသာ ဖြစ်ပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

“ဘုန်းကြီးတစ်ပါး ပါတယ် ဆိုတာက သူ့တူက မြေသိမ်းတာကို လက်မခံတဲ့ အဖွဲ့မှာ ပါနေတဲ့ အတွက် ထိန်းသိမ်းခံရတဲ့ အထဲ ပါလာတာပါ။ ကျွန်တော်တို့ဘက်က လိုအပ်တာတွေ ဆောင်ရွက်ပေးပါ့မယ်လို့ ဖမ်းဆီးခံခဲ့ရတဲ့ ဦးပဉ္စင်းကို လျှောက်ထားခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

ဆွေမျိုးသားချင်းများ၏ လယ်ယာမြေများ ပါဝင်သည့် အတွက် အုံတုံပင် ကျေးရွာသို့ ရောက်ရှိခဲ့ရပြီး ပဋိပက္ခ ဖြစ်စဉ်ကို လက်ကိုင်ဖုန်းဖြင့် မှတ်တမ်းတင်ရာ ရဲတပ်ဖွဲ့ဝင်များက နေ့တစ်ဝက်ခန့် ထိန်းသိမ်းခြင်း ခံခဲ့ရသည်ဟု ထိန်းသိမ်းခံခဲ့ရသည့် ဆရာတော် ဦးဇနက က မိန့်ကြားသည်။

ယင်းသို့ ထိန်းသိမ်း ခံရသည့် မုံရွာမြို့၊ ဝေဠုဝန်ကျောင်းတိုက်မှ သက်တော် (၄၈) နှစ်၊ ဝါတော် (၁၄) ဝါရှိ ဆရာတော် ဦးဇနကမှာ မျက်လုံး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး မုံရွာ ပြည်သူ့ဆေးရုံကြီး သံဃာဆောင်တွင် ဆေးကုသမှု ခံယူလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment