Friday 28 March 2014

အခြေခံဥပဒေ ပြင်ဆင်ရေး မြိတ်၌ နေရာပြောင်း ဆန္ဒပြခွင့်ရရှိ

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် မတ်လ ၂၉ ရက်နေ့၌ လူအင်အား ၃၀၀ ဖြင့် ဆန္ဒထုတ်ဖော်ခွင့်ကို နေရာပြောင်း၍ မြိတ်မြို့နယ် ရဲတပ် ဖွဲ့မှူးရုံး က မတ်လ ၂၇ ရက်နေ့က ခွင့်ပြုချက် ပေးလိုက်ပြီ ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူ ဦးမြတ်ကို က ပြောကြားသည်။
ယင်း ဆန္ဒထုတ်ဖော်ခွင့်ကို မတ်လ ၂၃ ရက်နေ့က လျှောက်ထားသူ ဦးစိုးပိုင်ဌေးသည် မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ လူအင်အား ၁၀၀၀ ဖြင့် မြိတ်တောင်နယ်မြေ ဦးမြတ်လေးလမ်းမကြီး Garden ခန်းမရှေ့မှ ဆိပ်ငယ်ရပ်ကွက် ပုလဲရတနာ ခန်းမရှေ့သို့ ချီတက် ဆန္ဒထုတ်ဖော်သွားရန် လျှောက်ထားခဲ့သည်။

သို့သော် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ ၅ အရ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ကို၊ မြိတ်မြို့နောက်လယ်ရပ်၊ အမှတ် (၁) ဗောတံတားဆိပ်မှ ဆိပ်ငယ်ရပ်၊ ပုလဲရတနာ ခန်းမရှေ့သို့ နေရာပြောင်း သတ်မှတ်ပေးပြီး ခွင့်ပြုပေးလိုက်သည်ဟု ဦးဆောင်သူ ဦးမြတ်ကိုက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီမှ ၈ နာရီ အချိန်အထိ စုဝေးခွင့် ပေးထားပြီး မြိတ်နောက်လယ်ရပ်၊ အမှတ် (၁) နောက်လယ် ဗောတံတားမှ ကမ်းနားလမ်း တစ်လျှောက် ဆိပ်ငယ်ရပ်၊ ပုလဲရတနာ ခန်းမရှေ့သို့ လူအင်အား ၃၀၀ ဖြင့် နံနက် ၈ နာရီမှ နံနက် ၁၀ နာရီ အချိန်အထိ ခွင့်ပေးလိုက်သည်ဟု ရဲတပ်ဖွဲ့၏ အမိန့်စာအမှတ် ၁၀၀၇/၂၀၁၄ တွင် ဖော်ပြထားသည်။

မြိတ် မြိတ်တောင်နယ်မြေ၊ ဦးမြတ်လေးလမ်းမကြီး၊ Garden ခန်းမရှေ့မှ ကမ်းနားလမ်းတစ်လျှောက် ဆိပ်ငယ်ရပ်၊ ပုလဲရတနာ ခန်းမသည်၊ လမ်းတစ်လျှောက်တွင် ခရီးရှည်လွန်းသည့် အတွက် ရဲအင်အား လုံခြုံရေး အတွက် အခက်အခဲရှိပြီး သန်းခေါင်စာရင်း ကောက်ယူရန် အချိန်နီးကပ်လာသည့် အတွက် မူလနေရာများတွင် ခွင့်မပြုခဲ့ခြင်း ဖြစ်ကြောင်း လျှောက်ထားသူ ဦးမြတ်ကိုက ရှင်းပြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး တို့အရေး၊ ပုဒ်မ ၄၃၆ အမြန်ဆုံး ပြင်ဆင်ရေး တို့အရေး၊ နိုင်ငံသား အခွင့်အရေး အပြည့်အဝ ရရှိရေး တို့အရေး၊ ပြည်သူ မလို လားသော ဥပဒေများ အလိုမရှိနှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး တို့အရေး စသည့် ကြွေးကြော်သံများနှင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အမြန်ဆုံး ပြင် ဆင်ပေး၊ ပြည်သူ လိုလားသော သမ္မတအား တိုက်ရိုက် ရွေးချယ်ခွင့် ရရှိရေး၊ ပုဒ်မ ၄၃၆ ချက်ချင်း ပြင်ဆင်ပေး၊ ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီသော ဥပဒေများ အလိုမရှိနှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး စသည့် ၁၃ ခုပါ ပိုစတာ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင် ဆန္ဒထုတ်ဖော်သွားမည်ဟု သိရသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲတွင် မြိတ်ခရိုင် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးလှမော်၊ ဦးအောင်နိုင်ဦး၊ မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဥက္ကာမင်းနှင့် ဦးဇင်မောင်မောင်တို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင် ဆင်ရေးနှင့် ပတ်သက်၍ ပုလဲရတနာ ခန်းမရှေ့တွင် ဟောပြောသွားမည်ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူ များ ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment