တရားသူကြီးများ၏ လာဘ်စားမှုများနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ထံသို့ ပြည်သူများမှ ပေးပို့ထားသော တိုင်စာများ (ဓာတ်ပုံ - နေထွန်းနိုင်) |
သို့သော် နိုင်ငံ၏ မဏ္ဍိုင်များထဲတွင် အရေးပါသော မဏ္ဍိုင်တစ်ရပ်ဖြစ်သော
တရားစီရင်ရေး မဏ္ဍိုင်မှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့
တာဝန်ယူပြီး နှစ်နှစ်ကျော် သုံးနှစ်အတွင်း ရောက်ရှိလာ ချိန်၌လည်း
ဆက်လက်ယိမ်းယိုင် နေခဲ့ပြီး ပြိုကျလုနီးပါး အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း
သိရသည်။ မြန်မာ့ တရားစီရင်ရေး နယ်ပယ်၌ အဂတိ လိုက်စားမှု၊ လာဘ်ပေးလာဘ်ယူ
မှုများနှင့် အကျင့်ပျက် ခြစားမှုများမှာ လျော့ပါးသွားခြင်း မရှိသေးဘဲ
အခြေခိုင်မြဲ ဖြစ်နေသည်ဟု Eleven Media Group က တွေ့ ဆုံမေးမြန်းခဲ့သော
အမည်မဖော်လိုသူ အငြိမ်းစား တရားသူကြီးများ၊ တရားလွှတ်တော် ရှေ့နေများ၊
အမှုသည်များနှင့် ဥပဒေ အရာရှိများက ပြောဆိုခဲ့ကြသည်။
ဝင်ငွေကောင်း စီးပွားရေးတွေထဲက လုပ်ငန်းတစ်ခု
မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော တရားစီရင်ရေး စနစ်သည်
မှန်ကန်မျှတပြီး ပြည်သူအများ အားကိုးသည့် ပုံစံတွင် ရှိမနေဘဲ စီးပွားရေး
လုပ်ငန်းတစ်ခုပုံစံ ဖြစ်နေသည်ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊
ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး
ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားပါသည်။
"နိုင်ငံခြားမှာရှိတဲ့ မိတ်ဆွေတစ်ယောက်က မေးပါတယ်။ မြန်မာနိုင်ငံမှာ
အကောင်းဆုံး စီးပွားရေး လုပ်ငန်းတွေက ဘာလဲတဲ့။ မြန်မာနိုင်ငံမှာရှိတဲ့
အကောင်းဆုံး စီးပွားရေး လုပ်ငန်းတွေထဲမှာတရား စီရင်ရေးလည်း
တစ်ခုပါပါတယ်လို့ ဖြေလိုက်ပါတယ်။ ဖြေလိုက်တော့ နိုင်ငံခြားသား မိတ်ဆွေက
တော်တော်အံ့အားသင့်ပြီး သဘောကျသွား ပါတယ်။ မြန်မာနိုင်ငံရဲ့
တရားစီရင်ရေးသည် အကောင်းဆုံး စီးပွားရေး လုပ်ငန်းတွေထဲက တစ်ခုဖြစ်ပါတယ်။
သဘောက အဲဒီအတိုင်း ဖြစ်နေပါတယ်" ဟု သူရဦးအောင်ကိုက ဆိုသည်။
"ကျွန်တော်နောက်ဆုံး ကျင်လည်ခဲ့တဲ့ ၁၉၈၉/၉၀။ အဲဒီကာလ တွေတုန်းက
တရားစီရင်ရေး နယ်ပယ်။ အဲဒီတုန်းက လာဘ်စားကြတယ် မခေါ်ဘူး။ အမှုပြီးလို့
ကျေးဇူးပြုတယ်ပေါ့။ ပေးနိုင်၊ ကမ်းနိုင်တဲ့ အမှုသည်တွေဆီက ကျေးဇူးပြုတာကို
လက်ခံကြတာ ရှိတယ်။ ဒီဘက်ခေတ်မှာလို အိမ်ဝယ်၊ ကားဝယ်၊ သားသမီးကို
နိုင်ငံခြားမှာ ကျောင်းထားဖို့ဆိုပြီး လာဘ်စားတဲ့သူတွေ မရှိခဲ့ဘူး။
ရှင်းရှင်းပြောရရင် လာဘ်ငွေနဲ့ ဘ၀ကို မတည်ဆောက် ခဲ့ကြဘူး" ဟု
တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်က ပြောကြား သည်။
နိုင်ငံတကာ ဥပဒေ ပညာရှင်များ ကော်မရှင် (ICJ) က ဒီဇင်ဘာ ၃ ရက်တွင်
ထုတ်ပြန်ခဲ့သော အစီရင် ခံစာအရ မြန်မာ့တရားစီရင်ရေး စနစ်တွင် အဂတိ
လိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူ မှုများက ခိုင်မြဲစွာ အခြေကျနေသည့်
အချက်များကို ဖော်ပြခဲ့သည်။
"အဂတိ လိုက်စားမှုတွေက နေရာတကာ ပျံ့နှံ့နေတယ်" ဟု ICJ ၏ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ဆမ်ဇာရီဖီက ပြောကြားသည်။
"အခု တရားခွင် ၀န်းကျင်မှာကတော့ အဂတိ လိုက်စားမှုက အရင်ထက်စာရင်
လက်ရဲဇက်ရဲတွေ လျော့ သွားတာ အမှန်ပဲ။ သို့သော် ပျောက်ကွယ်ပြီလား ဆိုရင်တော့
မပျောက်ကွယ်သေးဘူး။ အခြေ အနေပေးရင် ပေးသလို လာဘ်ပေးလာဘ်ယူမှုကို
ဆောင်ရွက်နေကြတာပဲ" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က
ပြောကြားသည်။
တရားစီရင်ရေး နယ်ပယ်၌ လာဘ်ပေးလာဘ်ယူများ လက်ရဲဇက်ရဲ မရှိတော့ဟု
ဆိုသော်လည်း နှစ်နှစ်တာ ကာလအတွင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊
ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနား ခံစာများ စိစစ်ဆောင်ရွက်ရေး
ကော်မတီသို့ တရားစီရင်ရေး မမျှတမှုများနှင့် ပတ်သက်ပြီး ရောက်ရှိနေသော
တိုင်ကြားစာ အရေအတွက်မှာ ၈၀၀၀ ကျော် ရှိနေသည်။
"တရားမျှတမှု မရှိတဲ့၊ တရားစီရင်မှု မမျှတတဲ့ အပေါ်၊ တရားမျှတမှု
မရှိဘူးလို့ နစ်နာတဲ့ သူတွေကနေပြီး တိုင်ကြားတဲ့ တိုင်စာရော၊ အမှုတွဲရော
ပေါင်းရင် ၈၀၀၀ ကျော် ရှိပါတယ်" ဟု သူရဦးအောင်ကို က ပြောပါသည်။
ဘယ်အဆင့်မှာ ဘယ်လောက်ပေးနေ ရသလဲ
အမှုတစ်ခု စတင်သည်နှင့် အမှုအမျိုးအစားအလိုက် လာဘ်ငွေပေးရမှုမှာ
စတင်ဖြစ်ပေါ် ခဲ့သည်။ Eleven Media Group က တွေ့ဆုံခဲ့သော အမှုသည်များက
၎င်းတို့ပေးရသည့် လာဘ်ငွေပမာဏကို အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း
လာဘ်ငွေပေးမှသာ အလုပ်ဖြစ်သည်ဆိုသော အချက်ကို ယေဘုယျ အားဖြင့်
ထုတ်ဖော်ပြောကြား ခဲ့သည်။
သို့သော် စုံစမ်းသိရှိ ရမှုများအရ အမှုတစ်ခု စတင်သည်နှင့် ကနဦး ပေးရသည့်
လာဘ်ငွေပမာဏမှာ အနည်းဆုံး ကျပ်ငါးထောင်မှ ကျပ်သိန်းဂဏန်းအထိ ပေးရခြင်းများ
ရှိနေကြောင်း သိရသည်။
လာဘ်ပေးလာဘ်ယူ အမှုတွေနဲ့ ပတ်သက်ရင်တော့ ရန်ကုန်က အများဆုံး ဖြစ်ပါတယ်။ ပြီးရင် မန္တလေးက အများဆုံး ဖြစ်ပါတယ်။ စီးပွားရေးကောင်းတဲ့ တိုင်းတွေက လာဘ်ပေးလာဘ်ယူမှု တော်တော်များပါတယ်။ ရန်ကုန်တိုင်းမှာလည်း ငွေများတရားနိုင်၊ လာဘ်ပေးလာဘ်ယူမှုတွေ အားကောင်းနေဆဲ ဖြစ်ပါတယ် . . . . . |
"အောက်ရုံးတွေမှာ ဆိုရင်တော့ အမှုတွဲ တစ်ခုကို တင်လိုက်တာနဲ့ တရားရုံးကို
ပေးရတာ တစ်မျိုး၊ တရားမမှုတွေဆိုရင် ကိုယ်စွဲဆိုတဲ့ တန်ဖိုးက
များရင်များသလောက် အနည်းဆုံး အနိမ့်ဆုံး အဆင့်ငါးထောင်ကနေ စပေးရတာပဲ။
ဒါကျတော့ တရားခွင် စာရေးကို ပေးရတာပေါ့။ အမြင့်ဆုံး တစ်သောင်းခွဲ၊
နှစ်သောင်းလောက်အထိ သွားတာလည်း ရှိတယ်" ဟု ICJ အစီရင်ခံစာ ရေးသားရာတွင်
ကူညီခဲ့ပြီး တရားသူကြီးများ၏ အကျင့်ပျက် ခြစားမှုကို တစ်နှစ်ကျော်ကြာ
လေ့လာခဲ့သူ အထက်တန်းရှေ့နေ ဒေါ်သန်းသန်းအေးက ပြောကြားသည်။
"အမြင့်ရုံးတွေမှာ ရန်ကုန်ရော၊ နေပြည်တော်ရော၊ မန္တလေးမှာရော
အမှုတစ်မှုတင်ရင် လက်ခံဖို့ ဘယ်လောက်၊ အဲဒါကို အောက်ခြေ၀န်ထမ်းကနေ
ပွဲစားလုပ်ပြီး အခုထက်ထိ ပြောတယ်ဆိုတဲ့အကြောင်း ကျွန်တော့်မိတ်ဆွေ တစ်ဦးက
ပြောပါတယ်။ အနိမ့်ဆုံး ဘယ်ရွေ့က အမြင့်ဆုံး ဘယ်လောက်ပေါ့။ အဲဒီလိုပဲ
ဒီအမှုကို လက်ခံပြီးရင် အပြီးသတ် အမိန့်ချမှတ်တဲ့ အခါမှာလည်း ကိုယ့်အတွက်
အခြေအနေကောင်း ဖန်ချင်ရင် ဘယ်လောက်ပေးရမယ်။ အဲဒါမျိုးကို သူကတော့
ထဲထဲဝင်ဝင် ဖြစ်နေတာကိုး" ဟု ဦးသိန်းညွန့်က ဆိုသည်။
ခရိုင်နှင့် တိုင်းအဆင့် အစရှိသော အမြင့်ရုံးများတွင် အမှုလက်ခံသည်နှင့်
သာမန်အမှု တစ်ခုကိုပင် ကျပ်ငွေငါးသောင်း ပေးရပြီး အမှုတန်ဖိုး မြင့်သည်နှင့်
မြင့်သည့်အလျောက် သိန်းဂဏန်းအထိ ပေးရကြောင်း သိရသည်။
တရားစီရင်ရေး ဈေးခေါ်မှုနှင့် ပေါက်ဈေးဂယက်
အမှုဖြစ်ပွားပြီး တရားစီရင်ရေး အပိုင်းသို့ ရောက်ရှိလာချိန်တွင်
တရားသူကြီးသို့ ပေးရသည့် လာဘ်ငွေမှာလည်း အမှုအမျိုးအလိုက် ကွာခြားမှုရှိပြီး
သိန်းဂဏန်းမှ သိန်းရာဂဏန်း၊ ထောင်ဂဏန်းအထိ လာဘ်ငွေပေးရသော အမှုများလည်း
ရှိနေကြောင်း စုံစမ်းသိရှိ ရပါသည်။
"အထူးသဖြင့် လာဘ်ပေးလာဘ်ယူတွေက သိန်းရာဂဏန်းဆိုတာ အောက်တန်းပါပဲ။ အဲဒီထက်ကို ပိုများပါတယ်" ဟု သူရဦးအောင်ကိုက ပြောကြားသည်။
အမှုသည်များအကြား ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြသည့် အဆိုးဝါးဆုံး
အချက်တစ်ခုမှာ အမှုတစ်ခုချင်းစီအလိုက် ဈေးကွက်ပေါက်ဈေးကဲ့သို့ ဖြစ်နေသည့်
"တရားစီရင်ရေး ဈေးခေါ်မှုများ" ဖြစ်သည်။
"ဥပမာ လောင်းကစားမှုတွေ ရှိတယ်ပေါ့။ အခုက ဘယ်လိုဖြစ်နေတာလဲဆိုတော့
ပေါက်ဈေးလို ဖြစ်နေတာ။ ဒီပုဒ်မနဲ့ ဒီအမှုဆိုရင် ဒီလောက်၊ ဒီပုဒ်မနဲ့ ဒီအမှုက
ဒီလောက်ဆိုပြီး ဈေးကွက်ပေါက်ဈေးလို ဖြစ်နေတာက ဆိုးတယ်။
လောင်းကစားမှုတွေဆိုရင် ၁၃၊ ၁၄၊ ၁၅၊ ၁၆ ပေါ့။ ၁၅(က)တို့ဆိုရင် maximum က
သုံးနှစ်ရှိတယ်။ အဲဒါကို နယ်ဘက်တွေမှာ ပေါက်ဈေးလို ဖြစ်နေတာက
သုံးသိန်းပေးရင် ခြောက်လ၊ အဲလိုမျိုး သတ်မှတ်ချက်ကြီးတွေ ဖြစ်နေတာပေါ့။
မပေးနိုင်ဘူးဆိုရင် တစ်နှစ်ခွဲ၊ ပုဒ်မကိုလိုက်ပြီး ပေါက်ဈေး လို ဖြစ်နေတာ"
ဟု အထက်တန်းရှေ့နေ ဒေါ်သန်းသန်းအေးက ပြောကြားသည်။
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ ရန်ကုန်တိုင်း အတွင်းရှိ တရားရုံးများသို့ လိုက်လံစစ်ဆေးစဉ်
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ်တွင် တရားရင်ဆိုင်ခဲ့ရသော
မူးယစ်ဆေးဝါးမှု တစ်ခုတွင် အမှု၏ အဓိက တရားခံ မဟုတ်သော အမျိုးသမီး တစ်ဦးအား
အမိန့်ချမှတ်ရာ၌ အနိမ့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်ငါးနှစ် ကျခံစေရန်အတွက် ငွေကျပ်
၁၅ သိန်း လာဘ်ငွေပေးခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့ကြောင်း သိရသည်။
ထိုအမှုတွင် ပါဝင်သော အဓိက တရားခံမှာ အရေးယူခံရခြင်း မရှိဘဲ
လွတ်မြောက်သွားခဲ့သည် ဟု ထောင်ဒဏ်ကျခံ ခဲ့ရသော အမျိုးသမီး၏ အမှုကို
ကူညီဆောင်ရွက် ပေးခဲ့သည့် တရားလွှတ်တော် ရှေ့နေ တစ်ဦးက ပြောကြားသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခုအရ တရားသူကြီး
တောင်းဆိုသော ငွေကျပ် ၁၀ သိန်းကို မပေးနိုင်၍ တရားစွဲဆိုသော အမှုကို
ပလပ်လိုက်သော ကိစ္စရပ်တစ်ခု ရှိခဲ့ပြီး နစ်နာသူ ကာယကံရှင်က တရားဥပဒေ
စိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေး ကော်မတီသို့ ပေးပို့ခဲ့သော
တိုင်ကြားစာ တစ်စောင်၌ ရေးသားခဲ့သည်။
Eleven Media Group က ဖတ်ရှုခွင့် ရရှိခဲ့သော အဆိုပါ တိုင်ကြားစာတွင်
တွဲဖက်တရားသူကြီး ဦး ......... က "တစ်ဖက်မှ ငွေကြေးအမြောက်အမြားဖြင့်
လာရောက်ပေးကမ်းနေကြောင်း၊ ခင်းဗျားတို့လည်း ရုံးချိန်းတက်လိုက်၊
ရှေ့နေငှားလိုက်နဲ့ ပိုက်ဆံတွေကုန်တယ်။ ခင်ဗျား အမှုနိုင်ချင်ရင်
ကျွန်တော့်ကို ဈေးမဆစ်နဲ့ ငွေကျပ် (၁၀) သိန်းပဲပေး။ ခင်ဗျားအမှုကို မပယ်ဘဲ
လက်ခံပေးမယ်။ ခင်ဗျား မပေးနိုင်ရင်တော့ ခင်ဗျားအမှုကို
မီးသေဆုံးဖြတ်ချက်နဲ့ ပယ်လိုက်မယ်" ဟု ပြောဆိုခဲ့ပြီး
ထိုငွေမပေးနိုင်သောကြောင့် အမှုအား ပလပ်လိုက်ခြင်း ရှိခဲ့ကြောင်း
ရေးသားထားသည်။
တန်ဖိုး အတိအကျအားဖြင့် ထုတ်ဖော်ပြောဆိုကြခြင်း မရှိသော်လည်း ကျပ်သိန်း
ဆယ်ဂဏန်းမှ ရာဂဏန်းအထိ လာဘ်ပေးနေရသော အမှုသည်များ၊ လာဘ်ငွေပေးပြီးသော်လည်း
တစ်ဖက်မှ တရားပြိုင်ပေးသော ငွေကြေးက ပိုများသဖြင့် အမှုရှုံးသည့် အမှုသည်
များစွာလည်း ရှိနေသည်။
"ဒီဘက်ခေတ်မှာက ကိုယ်ကမှန်တယ်ဆိုပြီး မှန်တဲ့အတိုင်း ရပ်နေလို့
ရတော့တဲ့ခေတ် မဟုတ်တော့ဘူး။ မှန်တယ်ဆိုရင်လည်း မှန်ခဆိုပြီး ပေးရတာတွေ
ရှိတယ်" ဟု ဦးသန်းမောင်က ပြောကြားသည်။
အမှုတစ်ခုတွင် မှန်သည့်အလျောက် "မှန်ခ" ကို တရားသူကြီးများအား
လာဘ်ပေးနေရချိန်တွင် ဥပဒေ အရာရှိများ၏ လာဘ်စားမှုများကလည်း နေရာအနှံ့တွင်
ရှိနေသည်။
"ပြစ်မှုတွေနဲ့ ရဲအရေးပိုင်တဲ့ အမှုတွေမှာ ဥပဒေ အရာရှိ အဓိက ကျတယ်။
တရားခွင်ထဲမှာ သူ့မေးခွန်းတွေ အရေးပါတယ်လေ။ ဘာမှမဟုတ်တဲ့ သာမန်ကိစ္စ
မျိုးမှာတောင် နှစ်သိန်းအထက်မှာ ရှိတယ်။ ပုဒ်မသေးသေးလေး ၅၀၀၊ ၅၀၆ လို
အသရေဖျက်မှု ကိစ္စတွေမှာ နှစ်ဖက်အမှုသည်နဲ့ တရားသူကြီး က ကျေအေးဖို့
သဘောတူတာတောင် ဥပဒေ အရာရှိရဲ့ သဘောထား လိုလာတယ်။ ဒီအခါမှာ သူက နှစ်သိန်း၊
သုံးသိန်းတောင်းပြီး ကျေအေးဖို့ သဘောတူ ပေးတာတွေ ရှိတယ်" ဟု
ဒေါ်သန်းသန်းအေး က ပြောကြားသည်။
ကျပ်သိန်း ၁၅၀၀ လာဘ်စားမှု
မကြာသေးမီ အချိန်က ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့သော သိန်း
၁၅၀၀ တန် လာဘ်စားမှုတစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းမှာ မြန်မာ့တရားစီရင်ရေး
မဏ္ဍိုင်အတွက် ထိုးနှက်ချက် တစ်ခု ဖြစ်ခဲ့သည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ဒုတိယ
ခရိုင်တရားသူကြီး ဦး . . . . .က အမှုသည်ထံမှ လာဘ်ငွေ ကျပ်သိန်း ၁၅၀၀ ကို
လက်ခံရယူခဲ့ခြင်းအား လာဘ်ငွေပေးသူ အမှုသည် တိုင်ကြားခဲ့ ရာမှ
ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။
"တိုင်ကြားလာတဲ့ စာနဲ့၊ အထောက်အထားတွေနဲ့ တင်ပြလိုက်လို့ အရေးယူ
ထုတ်ပယ်လိုက်တယ်ပေါ့ဗျာ။ ရန်ကုန်အနောက်ပိုင်း ဒုတိယခရိုင် တရားသူကြီးဆိုရင်
အမှုသည်အိမ်မှာ သူ့မိန်းမလွှတ်ပြီးတော့ သိန်းတစ်ထောင့်ငါးရာ
တောင်းတယ်ဆိုတော့ တွက်ကြည့်တော့ပေါ့" ဟု ဦးသိန်းညွန့်က ပြောကြားသည်။
များသောအားဖြင့် တရားသူကြီးများသို့ လာဘ်ငွေပေးခြင်းအား အမှုသည်များက
ထုတ်ဖော်ပြောဆိုလေ့ ရှိသော်လည်း သက်သေပြရန် ခက်ခဲသည့်အတွက် တရားသူကြီးများ၏
လာဘ်ငွေရယူခြင်းမှာ အမှုသည်များ၏ "စွပ်စွဲပြောဆိုချက်" အနေဖြင့်
ပျောက်ဆုံးသွားသည်။
အနောက်ပိုင်းခရိုင် ဒုတိယ တရားသူကြီး၏ ဖြစ်စဉ်မှာ ၎င်း၏ဇနီးသည်က အမှုသည်ထံမှ
ကျပ်သိန်း ၁၅၀၀ လာရောက်ရယူခဲ့ခြင်းကို စီစီတီဗွီ ကင်မရာမှတစ်ဆင့်
အထောက်အထား ရယူနိုင်ခဲ့သောကြောင့် အမှုပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
"အဲဒီ အမှုကတော့ ရှားရှားပါးပါး ဖော်ထုတ်လိုက်နိုင်တဲ့ အမှုတစ်ခု ဖြစ်ပါတယ်" ဟု သူရဦးအောင်ကိုက ဆိုသည်။
ထိုကဲ့သို့ ဖော်ထုတ်နိုင်ခဲ့သော်လည်း အဆိုပါ တရားသူကြီးကို ရာထူးမှ
ထုတ်ပယ်လိုက်ခြင်းသာ ရှိခဲ့ပြီး အခြားအရေးယူမှုများ မရှိခဲ့ကြောင်း သိရသည်။
"စသုံးလုံးကနေ ဥပဒေနဲ့အညီ တရားစွဲဖို့ တင်တာတောင် သူ့ဌာနဆိုင်ရာက
တရားစွဲဆိုခဲ့ခြင်း မရှိဘူး။ ဒါလည်း အများကြီး စဉ်းစားစရာပါ" ဟု
ဦးသိန်းညွန့်က ဆိုသည်။
သူရဦးအောင်ကို၏ ပြောကြားချက်အရမူ ရန်ကုန်တိုင်း ဒေသကြီးတွင် လာဘ်ပေးလာဘ်ယူမှု အများဆုံး ရှိနေကြောင်း သိရသည်။
"လာဘ်ပေးလာဘ်ယူ အမှုတွေနဲ့ ပတ်သက်ရင်တော့ ရန်ကုန်က အများဆုံး ဖြစ်ပါတယ်။
ပြီးရင် မန္တလေးက အများဆုံး ဖြစ်ပါတယ်။ စီးပွားရေးကောင်းတဲ့ တိုင်းတွေက
လာဘ်ပေးလာဘ်ယူမှု တော်တော်များပါတယ်။ ရန်ကုန်တိုင်းမှာလည်း
ငွေများတရားနိုင်၊ လာဘ်ပေးလာဘ်ယူမှုတွေ အားကောင်းနေဆဲ ဖြစ်ပါတယ်" ဟု
သူရဦးအောင်ကိုက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်မှာ ဦးဝင်းဆွေ (ယခင်က
တရားရုံးချုပ် (ရန်ကုန်) ညွှန်ကြားရေးမှူး) ဖြစ်ပြီး တရားသူကြီးများ
ဦးမျိုးမြင့် (ယခင်က တရားရုံးချုပ် (ရန်ကုန်) မှ တွဲဖက် ညွှန်ကြားရေးမှူး)၊
ဦးလှအေး (ယခင်က တရားရုံးချုပ်မှ ညွှန်ကြားရေးမှူး) ဒေါ်စန္ဒာသွယ် (ယခင်-
တရားရုံးချုပ် (ရန်ကုန်)မှ တွဲဖက် ညွှန်ကြားရေးမှူး) ဒေါ်စိုးစိုးအောင်
(ယခင်က ရန်ကုန်တိုင်းဒေသကြီး တရားရုံးမှ တွဲဖက် တိုင်းဒေသကြီး တရားသူကြီး)၊
ဒေါ်အေးသန်း (ယခင်က ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း တရားရုံးမှ
တိုင်းဒေသကြီး တရားသူကြီး) ဒေါ်သင်းသင်းနွဲ့ (ယခင်က တရားရုံးချုပ် (ရန်ကုန်)
တွဲဖက် ညွှန်ကြားရေးမှူး) တို့ ဖြစ်ကြသည်။
စစ်ကိုင်းတိုင်း တရားသူကြီးချုပ်နှင့် အဖြေမသိရသေးသော ပုစ္ဆာ
၂၀၁၃ ခုနှစ်အတွင်း မြန်မာ့တရားစီရင်ရေး စနစ်အတွက် အကျည်းတန်
ဖြစ်စဉ်တစ်ရပ်မှာ စစ်ကိုင်းတိုင်း တရားသူကြီးချုပ် ဦး . . . . . . နှင့်
ပတ်သက်သော တိုင်ကြားမှုများ ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်၌ ဒုတိယ ဦးစီးမှူးအဖြစ်
တာဝန်ထမ်းဆောင်ခဲ့သော ဦး . . . . . နှင့် သက်သေများ ပါဝင်သော အဖွဲ့က
နေပြည်တော်ရှိ လွှတ်တော်ရုံးသို့ လာရောက်ပြီး စစ်ကိုင်းတိုင်း
တရားသူကြီးချုပ်ကို တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
တိုင်ကြားမှုများအရ စစ်ကိုင်းတိုင်း တရားသူကြီးချုပ် ဦး . . . . သည်
အမှုတစ်ခုချင်းစီအလိုက် လာဘ်ငွေ ကျပ်သိန်း ၅၀ လက်ခံခဲ့ခြင်း၊ ငွေကျပ် သိန်း
၂၀၀ လာဘ်ပေးခဲ့သော်လည်း ထောင်ကျခဲ့သူ ကိုယ်တိုင်က သက်သေထွက်ဆိုမည်ဟု
ပြောဆိုခဲ့ခြင်း အစရှိသည့် ဖြစ်ရပ်များကို အခြေခံပြီး တိုင်ကြားခဲ့ခြင်း
ဖြစ်သည်။
ထိုတိုင်ကြားချက်အပေါ် လေ့လာတွေ့ရှိ ချက်များအား ပြည်သူ့လွှတ်တော်
တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ
စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက သြဂုတ် ၂၈ ရက်က ပြုလုပ်သော
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့သည်။
"အဲဒီကိစ္စကို ဖြစ်ရပ်မှန် စုံစမ်းစစ်ဆေးဖို့ ဆိုပြီးမှ
လွှတ်တော်ကနေတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးကို ပို့ပါတယ်။ အစိုးရ
အဖွဲ့ရုံးကမှ ပြည်ထဲရေးရုံးက တစ်ဆင့် ပေါ့လုပ်မှာ ဖြစ်ပါတယ်။ သို့သော်လည်း
ယနေ့အထိ စုံစမ်းစစ်ဆေးခြင်း မပြုရသေးဘူးလို့ သိရပါတယ်" ဟု သူရဦးအောင်ကိုက
ပြောကြားသည်။
"စစ်ကိုင်းတိုင်း တရားခွင် လောကမှာဆိုရင် အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်က
ဘယ်လိုစားတယ်။ စားတဲ့အခါမှာ ကျွန်တော် အံ့သြတာက ငွေတင် မဟုတ်ဘူးပေါ့။
ကိုယ့်လက်အောက် ၀န်ထမ်းကို ကိုယ်နဲ့အတူ အိပ်ဖို့အထိ စည်းရုံးတယ်ဆိုတဲ့
အကြောင်းပေါ့။ တရားသူကြီးမဟောင်းလေး တစ်ယောက်ရဲ့ တိုင်စာလည်း ရခဲ့တယ်" ဟု
ဦးသိန်းညွန့်က ပြောကြားသည်။
ငွေသိန်းရာထောင်ချီ လာဘ်စားပြီးမှ လွှတ်တော်မှာ ၀ိုင်းတိုင်လို့၊ စုံစမ်းစစ်ဆေးမှု လုပ်တဲ့အချိန်မှ ထွက်ဖို့ခွင့်ပြုတယ် ဆိုတာလည်း တရားဥပဒေ မစိုးမိုးပါဘူး။ အရေးယူ ခံရတာတွေက ရှေ့နေတွေ အရေးယူ ခံရပါတယ်။ ဥပဒေ အရာရှိ အချို့လည်း အရေးယူ ခံရပါတယ်။ တရားသူကြီး အရေးယူ ခံရတယ်ဆိုတာ တော်တော့ကို ရှားပါးပါတယ် . . . . . |
ထိုကဲ့သို့ တိုင်ကြားမှုများ မှန်ကန်ခြင်း ရှိ၊ မရှိ
စုံစမ်းစစ်ဆေးမှုများမှာ အားနည်းနေပြီး စုံစမ်းစစ်ဆေး မှု နောက်ကွယ်တွင်လည်း
ရှုပ်ထွေးမှုများ ရှိနေသည်ဟု စစ်ကိုင်းတိုင်း တရားသူကြီးချုပ်ကို
တိုင်ကြားခဲ့သူ ကာကယံရှင်များက Eleven Media Group သို့ ပြောကြားခဲ့သည်။
စွပ်စွဲခံခဲ့ရသူ စစ်ကိုင်းတိုင်း တရားသူကြီးချုပ်အား ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။
စစ်ကိုင်းတိုင်း တရားသူကြီးချုပ်ကို ဦးဆောင်တိုင်ကြားခဲ့သူ
စစ်ကိုင်းတိုင်း တရားလွှတ်တော် ဒုတိယ ဦးစီးမှူးသည် ၂၀၁၃ ဇူလိုင်လအတွင်း
တာဝန်မှ ယာယီရပ်ဆိုင်း ခံခဲ့ရပြီး ရာထူးတိုးမြှင့်ခြင်း တစ်နှစ်ရပ်ဆိုင်း
ခံရသည့် ၀န်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ် ခံထားရကာ လက်ရှိအချိန်တွင်
မတူပီမြို့နယ် တရားသူကြီး အဖြစ် နေရာပြောင်းရွှေ့ တာဝန်ထမ်းဆောင် နေရကြောင်း
သိရှိရသည်။
ထိုဖြစ်စဉ်တွင် စွပ်စွဲခံခဲ့ရသူ တရားသူကြီးချုပ်က ၁၀ နှစ်ကျော်ကြာ
ကိုယ်ထိလက်ရောက် စော်ကားမှုကို ခံခဲ့ရသည်ဟု တိုင်ကြားစာ ပေးပို့ခဲ့သော ဒေါ် .
. . . မှာလည်း လွန်ခဲ့သည့် နှစ်နှစ်ခန့် အချိန်ကပင် ဒီပဲယင်းမြို့နယ်
ဒုတိယမြို့နယ် တရားသူကြီး အဖြစ်မှ ရွှေဘိုမြို့သို့ ပြောင်းရွှေ့ခံခဲ့ရပြီး
ရွှေဘိုမြို့ သို့ ပြောင်းရွေ့ပြီး ၁၅ ရက်အကြာတွင် စုံစမ်းစစ်ဆေးမှု
တစ်စုံတစ်ရာ မရှိဘဲ ရာထူးမှ ရပ်ဆိုင်းခံခဲ့ ရသည်ဟု ကာယကံရှင် ကိုယ်တိုင်က
ပြောကြားခဲ့သည်။
တိုင်ကြားစာ အမြောက်အမြားဖြင့် စွပ်စွဲခံခဲ့ရသူ
တိုင်းတရားသူကြီးချုပ်မှာ စွပ်စွဲခံရချိန်မှ လက်ရှိအချိန်အထိ မူလရာထူးတွင်
ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။
ထိရောက်သော အရေးယူမှု မရှိခြင်း
နိုင်ငံတကာ ဥပဒေ ပညာရှင်များ ကော်မရှင် (ICJ) ၏ အစီရင်ခံစာတွင်
မြန်မာ့တရား စီရင်ရေး နယ်ပယ်၌ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိ လိုက်စားမှုများ
ရှိနေသည့် အချက်ကို ထောက်ပြခဲ့သည့် အပြင် နိုင်ငံရေးနှင့် ဆက်နွှယ်သော
အမှုများတွင် အာဏာပိုင်များက ၀င်ရောက်စွက်ဖက် နေဆဲဖြစ်ကြောင်း
သုံးသပ်ချက်လည်း ရှိခဲ့သည်။
တရားစီရင်ရေး မဏ္ဍိုင်ကို လေ့လာစောင့်ကြည့်နေသော ပြည်တွင်းမှ ဥပဒေ
ပညာရှင်များ ၏ ပြောကြားချက်အရ ထိရောက်သော အရေးယူမှု မရှိခြင်းကြောင့်
ထိုကဲ့သို့သော ကိစ္စရပ်များ ဆက်ရှိနေခြင်း ဖြစ်သည်ဟု ဆိုပါသည်။
"ထိထိရောက်ရောက်ကို ဥပဒေနဲ့အညီ အရေးယူ အပြစ်ပေးရမယ်။ အဂတိ လိုက်စားမှု
တိုက်ဖျက်ရေး ဥပဒေလည်း ရှိနေပြီ။ လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ကော်မရှင်လည်း
ရှိနေပြီ။ အဲဒါတွေက ထိထိရောက်ရောက် အရေးယူရမှာပေါ့။ အခုက အရေးမယူဘူး။
ပြန်လည်း မသိမ်းဘူး။ ပစ္စည်းတွေကို။ တစ်နေရာကနေ တစ်နေရာ ရွေ့တယ်ဆိုတာက
ဒီတစ်နေရာက တစ်နေရာ စားကျက်တစ်ခုကို ပြောင်းပေး သလို ဖြစ်နေတယ်။ တကယ်တော့
ထိထိရောက်ရောက် အရေးယူလိုက်။ အပြစ်ပေးစရာရှိ ပေးလိုက်။ အရေးယူစရာရှိ
ယူလိုက်။ ပစ္စည်းသိမ်းစရာရှိ သိမ်းလိုက်။ ဒါမှ နောက်လူလည်း မလုပ်ရဲမှာ" ဟု
ပြည်သူ့လွှတ်တော် တရားဥပဒေ စိုမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ
အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။
လွတ်လပ်ရေး ရရှိပြီး နှစ်ပေါင်း ၆၀ ကျော် ကာလအတွင်း တရားသူကြီးများ
အရေးယူ ခံရသည့် ဖြစ်စဉ်မှာ ရှားပါးကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။
"နိုင်ငံလွတ်လပ်ရေး ရချိန်ကစပြီး နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါပြီ။ ၆၆
နှစ်ပြည့်တော့မှာပါ။ အဲဒီကာလတွေ အတွင်းမှာ တရားသူကြီး အရေးယူခံရတာ ၁၀ ယောက်
မရှိပါဘူး။ ရခိုင်ပြည်နယ် တရားသူကြီးဆိုရင် သူ့ဟာသူ ထွက်ပြေးသွားပါတယ်။
ဒါက အားလုံးသိပြီးသားပါ။ သို့သော် ငွေသိန်းရာထောင်ချီ လာဘ်စားပြီးမှ
လွှတ်တော်မှာ ၀ိုင်းတိုင်လို့၊ စုံစမ်းစစ်ဆေးမှု လုပ်တဲ့အချိန်မှ
ထွက်ဖို့ခွင့်ပြုတယ် ဆိုတာလည်း တရားဥပဒေ မစိုးမိုးပါဘူး။ အရေးယူ ခံရတာတွေက
ရှေ့နေတွေ အရေးယူ ခံရပါတယ်။ ဥပဒေ အရာရှိ အချို့လည်း အရေးယူ ခံရပါတယ်။
တရားသူကြီး အရေးယူ ခံရတယ်ဆိုတာ တော်တော့ကို ရှားပါးပါတယ်" ဟု
သူရဦးအောင်ကိုက ပြောကြားသည်။
ICJ ၏ အစီရင် ခံစာအရ နှစ်ပေါင်း နှစ်ဆယ်ကျော် ကာလအတွင်း ရှေ့နေပေါင်း
၄၈၀၀၀ ကျော် ရှိခဲ့သည့်အနက် ၁၀၀၀ ကျော်မှာ ရှေ့နေလိုင်စင်
ရုပ်သိမ်းခံခဲ့ရကြောင်းနှင့် ထိုသူအများအနက် ၂၀၀ ကျော်မှာ ပြီးခဲ့သည့်
နှစ်နှစ်အတွင်း ရှေ့နေလိုင်စင် ပြန်ရခဲ့ကြသည်။ လိုင်စင်ရုပ်သိမ်း ခံရသူ
အများစုမှာ နိုင်ငံရေး အမှုများတွင် ဥပဒေ အကျိုးဆောင်အဖြစ်
လုပ်ကိုင်ခဲ့ကြသူများ ဖြစ်သည်။
"တရားရုံးရဲ့ အခြေအနေဟာ တရားစီရင်ရေးနဲ့ စီမံခန့်ခွဲရေး အာဏာကို
ပေါင်းစပ်ထားတဲ့အတွက် ဆရာမွေး၊ တပည့်မွေး။ တပည့်က ဆရာကို ထောက်ပံ့၊ ဆရာက
တပည့်ကို ကာကွယ်ဆိုတဲ့ဟာ ရှိနေတယ်" ဟု ဦးသိန်းညွန့်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဥပဒေ ပညာရပ်သည် နှစ်ပေါင်း ၂၅ နှစ်လုံးလုံး
တမင်ချည့်နဲ့အောင် ရိုက်ချိုးခံထား ရသည်ဟု ICJ ၏ အစီရင်ခံစာ၌
ဖော်ပြခဲ့သည့်နည်းတူ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကြားကာလ တစ်လျှောက်တွင်
နိုင်ငံအုပ်ချုပ်သူနှစ်ဦး ပြောင်းခဲ့သော်လည်း တရားစီရင်ရေး ဦးဆောင်သူ
မပြောင်းလဲ ခဲ့ခြင်းက တရားစီရင်ရေး မဏ္ဍိုင်ကို ပြိုလဲစေသည့်
အချက်တစ်ချက်ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ များက ပြောကြားသည်။
"နှစ်ပေါင်း ၂၀ ကျော်အထိ တရားစီရင်ရေးက အုပ်ချုပ်ရေး ယန္တရားရဲ့
ခိုင်းဖတ်လုံးလုံး ဖြစ်ခဲ့တယ်။ ဒါကြောင့် တရားရေးက လုပ်တဲ့အရာတွေကို
အုပ်ချုပ်ရေးပိုင်းက ရှောင်ပေးတာတွေ ရှိနေသလို မျက်ကွယ်ပြုပေးတာတွေ
ရှိခဲ့တယ်။ အခုလည်း ရှိနေတုန်းပဲ" ဟု အမည်မဖော်လိုသူ တရားလွှတ်တော် ရှေ့နေက
ပြောကြားသည်။
သမ္မတ ဦးသိန်းစိန် လက်ထက်တွင် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ရေးနှင့် အဂတိ
လိုက်စားမှုများကို ဖော်ထုတ်အရေးယူမည်ဟု ပြောကြားခဲ့သည်။ သို့သော် အစိုးရသစ်
လက်ထက်တွင် တရားစီရင်ရေး နယ်ပယ်အထက်ပိုင်း၌ တာဝန်မှ ရပ်စဲခံရသူနှင့်
ရာထူးမှ နုတ်ထွက်ခွင့် ပြုခဲ့သူ စုစုပေါင်း နှစ်ဦးသာ ရှိခဲ့ပြီး
မကွေးတိုင်းဒေသကြီး ဥပဒေချုပ်နှင့် ရခိုင်ပြည်နယ် တရားလွှတ်တော်
တရားသူကြီးတို့သာ ရှိခဲ့သည်။
"အရေးယူမှုတွေက ထိထိရောက်ရောက် မဖြစ်ဘူး။ အနည်းဆုံးကတော့
နေရာပြောင်းလိုက်တာတို့၊ ခွင်ပြောင်းလိုက်တာတို့ အဲလောက် အဆင့်မှာပဲ
ရှိနေသေးတယ်။ အငြိမ်းစား ပေးလိုက်တာက အမြင့်ဆုံးပေါ့" ဟု ဒေါ်သန်းသန်းအေးက
ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အအုံအား တွေ့ရစဉ်
"နေရာပြောင်းတာပဲ ဆန်းသလား။ နောက်တစ်ခုက တချို့ဆို ပြုတ်တယ်ပေါ့။
ပြုတ်လည်းပြုတ်၊ တို့ဆယ်နှစ်လုပ် ဒီဟာမရဘူး။ တို့ဟာတို့
ရင်းနှီးလုပ်စားမယ်ဆိုတဲ့ အတွေးအခေါ်တွေက ၀င်သွားရော။ ဥပဒေနဲ့အညီ ဖွဲ့ထားတဲ့
ကော်မရှင်က ထိထိရောက်ရောက် အရေးယူဖို့ လိုတယ်။ ဥပဒေရှိတယ် ဥပဒေအတိုင်း
မလုပ်ဘူး။ လုပ်မယ့်သူကလည်း အဂတိတရား ကင်းဖို့လိုတယ်။ ဆောင်ရွက်ရမယ့် သူက၊
ကိုယ်ကိုယ်၌က မကင်းရင်တော့ သူများသွားလုပ်လို့ မရဘူး။ ဗမာစကားပုံလိုပေါ့။
ခေါင်က မလုံပဲနဲ့ တံစက်မြိတ်က မိုးမလုံနိုင်ဘူး" ဟု ဦးဝင်းမြင့်က
ပြောကြားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရလည်း တရားသူကြီးများ အရေးယူရန် ခက်ခဲအောင် ကာကွယ်ပေးထားသည်ဟု သူရဦးအောင်ကိုက ပြောကြားသည်။
"တည်ဆဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ က တရားသူကြီးတွေကို အရေးယူလို့
မရအောင်ကို ရေးဆွဲ ထားသလို ဖြစ်နေပါတယ်။ တရားသူကြီးတွေကို ကာကွယ်ပေးတာ
များလွန်းအား ကြီးနေပါတယ်။ တရားသူကြီးတွေဟာ တော်တော်လေးကို ရောင့်တက်၊
ကမ်းတက် နေကြတယ်" ဟု သူရဦးအောင်ကိုက ဆိုသည်။
"လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် မရှိသေးဘူး။ အောက်ခြေမှာလည်း ပြောင်းလဲမှု
မရှိသေးဘူး။ မမြင်ရပေမဲ့ ကိုယ့်ရှေ့မှာ လုပ်နေတာ မဟုတ်ပေမဲ့
ငွေများတရားနိုင်က ရှိနေသေးတယ်။ ပြည်သူကို ဖွင့်ပေး ပြည်သူတွေက
တိုင်မယ်တောမယ် သတင်းစာတွေထဲမှာ ပါတယ် ဟိုတလောက။ တိုင်ကြပါ ဘာညာ။ ဒါပေမဲ့
အထောက်အထား ခိုင်လုံအောင် တိုင်ကြပါ။ မှန်မှန်ကန်ကန် တိုင်ကြပါ ဆိုတော့။
ပြည်သူက ကိုယ့်ရှေ့မှာပေးတာ မဟုတ်ဘူးလေ ကိုယ့်ရှေ့မှာလုပ်တာ မဟုတ်ဘူးလေ။
ဒါပေမဲ့ သူသိတာနဲ့ သူတိုင်မယ်။ သို့သော် အဲဒါကို မမှန်သတင်း ပေးတယ်ဆိုပြီး
ပြန်တရားမစွဲနဲ့။ ဖွင့်ပေးလိုက်။ မမှန်သတင်း ပေးတယ်ဆိုပြီး ရဲကပြန်ပြီး
အမှုမဖွင့်နဲ့" ဟု ဦးဝင်းမြင့်က ပြောကြားသည်။
"လူထုကြားမှာ ဖြစ်နေတဲ့ စကားက ရေလောင်းနိုင်မှ နိုင်မယ်လို့ ပြောနေတာပဲ။
ကွယ်လွန်သွားတဲ့ ကျွန်တော့်တပည့် ရှေ့နေကတော့ ကျွန်တော့်ကို အမြဲတမ်း
ပြောတယ်။ ပုဒ်မ ၄ ပေးမှ လုပ်တာပေါ့။ ကျွန်တော်က တရားရုံးမှာ
စီရင်ထုံးတွေနဲ့ လျှောက်တဲ့အခါ သူကနောက်ကနေ ဟားနေတာ။ ဒါတွေ ဆရာပြောလည်း
အလကားပဲ။ ပုဒ်မ ၄ သုံးမှ၊ ပုဒ်မ ၄ သုံးမှဆိုပြီး ပြောတယ်။ နောက်
ကျွန်တော့်မိတ်ဆွေတစ်ယောက် ပြောတယ်။ ဆရာက မန္တလေးမှာ ပြိုကျပြီး ရန်ကုန်မှာ
ယိမ်းယိုင်နေပြီလို့ ပြောတယ်။ ရှမ်းပြည်မှာတော့ တရားခွင်မှာ တရားသူကြီး
မရှိတော့ဘူး။ ငွေထုပ်ပဲ ရှိတော့တယ်လို့ ပြောတယ်" ဟု ဦးသိန်းညွန့်က
ပြောကြားခဲ့သည်။
တရားသူကြီးများ၏ အဂတိတရား လိုက်စားမှုများအား ဥပဒေအရ ထောင်ချအရေးယူမှု
မရှိဘဲ ရာထူးထုတ်ပယ် ရုံသာရှိသော မြန်မာ့တရားစီရင်ရေး စနစ်သည်
တရားသူကြီးများနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများသည် တရားစီရင်ရေး၏အပေါ်၊
ဥပဒေ၏ အပေါ်၌ ရှိနေဆဲ ဖြစ်သည်။
လာဘ်စားမှုများကို တိုက်ဖျက်ရန်အတွက် နိုင်ငံတကာ ဥပဒေ ပညာရှင်များ ကော်မတီ (ICJ) ၏ အကြံပြုချက်များ
အောက်ပါဖော်ပြပါ အကြံပြုချက်များသည် တစ်ဦးချင်းစီ၏ လာဘ်စားမှု
ပပျောက်ရေး သာမက တရားရေး မဏ္ဍိုင်တစ်ခုလုံးမှ ထိုသို့လာဘ်စားရန်
အားပေးအားမြှောက် လုပ်နေခြင်းကို ဖယ်ရှားတိုက် ဖျက်စေရန် ဖြစ်သည်။
ပြည်ထောင်စု တရားရုံးချုပ်သည်
၁။ တရားရုံး မိတ္တူများနှင့် အခြား တရားရုံးဆိုင်ရာ မှတ်ပုံတင်
စာရွက်များ ကူးယူခကို အမှန်တကယ် ကုန်ကျမည့် စရိတ်နှင့်အညီ
မြှင့်တင်သင့်သည်။
၂။ ထို့နောက် တရားရုံးမှ မှတ်ပုံတင် စာရွက်စာတမ်းများ ရယူရာတွင်
စည်းမျဉ်းစည်းကမ်းများ ကြပ်မတ်စွာ ချထားခြင်း၊ တရားဝင် အဖိုးအခများ
သတ်မှတ်ခြင်းနှင့် အချိန်ကန့်သတ်ခြင်းတို့ဖြင့် တရားရေး စနစ်၏ မျှတမှုနှင့်
လုပ်ကိုင်ဆောင်ရွက်နိုင်ခြေ ကြီးထွားတိုးတက် လာမည်။
ပြည်ထောင်စု တရားရုံးချုပ်၊ အခြေတည် ဖွဲ့စည်းထားသော တရားရေး ၀န်ကြီးဌာနနှင့် ပြည်ထောင်စု လွှတ်တော်တို့သည်
၃။ တရားသူကြီးများ၏ ပင်စင်နှင့် လစာငွေကို ဂုဏ်သိက္ခာလုပ်ငန်း တာဝန်
အဆင့်အတန်းနှင့် လျော်ညီစွာ သင့်တင့်လုံလောက်အောင် ပေးသင့်သည်။ သို့မှသာ
လာဘ်စားလိုစိတ် လျော့ပါးမည်။ ငွေကြေးဖောင်းပွမှု ဂယက်ရိုက်ခြင်း
နည်းပါးအောင်လည်း ထိုပင်စင်နှင့် လစာငွေကို ကာလအပိုင်းအခြား အလိုက်
ပြန်လည်သုံးသပ် ရမည်။
၎။ နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးရာ အခွင့်အရေးများ
ပဋိဥာဉ်စာတမ်း ICCPR ချွင်းချက်အဖြစ် ခွင့်ပြုထားသော အမှုများမှလွဲ၍
ရုံးတင်စစ်ဆေးသော အမှုများနှင့် စီရင်ချက်များကို အများပြည်သူ သိရှိနားလည်
စေသင့်သည်။
ပြည်ထောင်စု ရှေ့နေချုပ်နှင့် ပြည်ထောင်စု လွှတ်တော်တို့သည်
၅။ လာဘ်စားသည့် အမှုကို ထိရောက်သေချာသည့် ပြစ်မှုနှင့် သက်ဆိုင်သော
စုံစမ်းစစ်ဆေးရေးများ ပြုလုပ်နိုင်ရန် လွတ်လပ်သော အခွင့်အာဏာ အပ်နှင်းခြင်း
ခံရသည် အထူးကျွမ်းကျင် အဖွဲ့ကိုလည်း တည်ဆောက်ဖွဲ့စည်း သင့်သည်။ တရားရေး
စနစ်တွင် လာဘ်စားမှုကို တိုက်ဖျက်ရာ၌ ထိုအဖွဲ့သည် စုံစမ်းစစ်ဆေးမှုများ၊
အကြံပေးချက်များ ပြုလုပ်ပိုင်ခွင့် ရှိသင့်သည်။ တရားဥပဒေ စိုးမိုးရေးနှင့်
တရားစီရင်ရေးဆိုင်ရာ လွတ်လပ်ခွင့်တို့ကို အစဉ်လေးစား လိုက်နာလျက်
အမှုတစ်ခုစီကို တစ်ခုချင်းစီ သီးခြားစစ်စေလျက် ဥပဒေ
လုပ်ထုံးလုပ်နည်းများအတိုင်း ဖြစ်စေသင့်သည်။ ဆက်လက်၍ ထိုအဖွဲ့သည်
စုံစမ်းစစ်ဆေးမှုများ အကြံပေးချက်များကို လာဘ်စားမှု တိုက်ဖျက်ရေးနှင့်
ပတ်သက်၍ လုပ်ပိုင်ခွင့် အပ်နှင်းထားခြင်း ခံရပြီး ဖြစ်သင့်သည်။
Eleven Media Group
No comments:
Post a Comment