ဧရာဝတီမြစ်ဝှမ်းအတွင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုများ (ကမ်းပါးပြိုခြင်း၊ ရေကြောင်း ပြောင်းလဲခြင်း) နှင့် လူတို့ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာရသော ပတ်ဝန်းကျင်အနေအထားများ (လျှပ်စစ် ရှော့တိုက် ငါးဖမ်းခြင်း၊ သစ်တောပြုန်းတီးခြင်း) တို့ကြောင့် ဒေသခံများ စားဝတ်နေရေး အခက်အခဲများ ကြုံနေကြရသည်ဟု သုတေသနစစ်တမ်းများအရ သိရသည်။
ဧရာဝတီမြစ်ဝှမ်းဒေသအတွင်းရှိ နေရာ ၁၁ နေရာတွင် ပြုလုပ်ခဲ့သော သုတေသနအရ အဆိုပါနေရာဒေ သများတွင် ယခုကဲ့သို့ တွေ့ကြုံနေရသည်ဟု လူထုဗဟိုပြု ဗျူဟာမြောက် ပတ်ဝန်းကျင် လေ့လာဆန်း စစ်မှု ဆွေးနွေးပွဲတွင် သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများက ပြောကြားခဲ့ခြင်း ဖြစ် သည်။
“မန္တလေးမှာတော့ စစ်ကိုင်းတောင်ရိုးနဲ့ မန္တလေးမြို့ကြားမှာရှိတဲ့ ကျွန်းပေါ်က ညောင်နှစ်ပင်ရွာမှာသုတေ သနပြုလုပ်ခဲ့တယ်။ ကမ်းပါးပြိုမှုက အဓိက ပြဿနာတွေဖြစ်တယ်။ ထပ်ပြောင်းစရာ နေရာမရှိလောက် အောင် ကမ်းပါးပြိုမှုတွေ ကြုံနေရတယ်။ မန္တလေးဘက်မှာဆိုရင်လဲ မန္တလေးစက်မှုဇုန်ကထွက်တဲ့ ရေဆိုး ပြဿနာတွေရှိတယ်”ဟု စိမ်းရောင်စိုအဖွဲ့မှ ဥက္ကဋ္ဌဦးတင်သစ်က ပြောသည်။
လေ့လာဆန်းစစ်မှုတွင် အပါအ၀င်ဖြစ်သော ကသာမြို့နယ်၊ အထက်ဝဲကြီးကျေးရွာဒေသခံ ဦးမြင့်တင်က “ငါးတွေ ရှားပါးလာတယ်။ သဲသောင်ထွန်းမှုတွေကြောင့် ရေကြောင်းပြောင်းလဲလာတယ်။ ကမ်းပါးပြိုလို့ အင်းအိုင်တွေ ပျက်စီးတယ်။ အသက်မွေးဝမ်းကျောင်း အခက်အခဲတွေနဲ့ ကြုံတယ်။ ခုထက်ထိ ဒီရွာပတ် ၀န်းကျင်မှာ သစ်ထုတ်လုပ်မှု အခြေအနေတွေက ရှိနေဆဲပဲ”ဟု ပြောသည်။
မန္တလေး၊ ညောင်ပင်သာကျေးရွာရှိ မတင်မာရီကလည်း ၂၀၁၃ ခုနှစ်တွင် ကမ်းပါးပြိုမှုကြောင့် အရှေ့ ညောင်ပင်သာနှင့် အနောက်ညောင်ပင်သာ နှစ်ရွာပေါင်းတွင် အိမ်ခြေ ၃၆ လုံး ဆုံးရှုံးခဲ့ရသည်ဟုလည်း သူက ပြောသည်။
ရေနံချောင်းမြို့နယ်၊ ဘူးကျွန်းကျေးရွာမှ စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးခင်ဝင်းက “ကျွန်တော်တို့ ရွာ တွေကို ရေမြုပ်စေချင်တယ်။ ရေတက်မှ မြေနု မြေဆီလွှာတွေ ကျန်ပြီး စိုက်ပျိုးဖို့ကောင်းတယ်။ ရေတက် တယ်ဆိုတာလဲ ခုဝုန်းခနဲတက်လာပြီး ပြန်ဆင်းသွားတာမျိုးမဟုတ်ဘူး။ တစ်နေ့ကို နှစ်လက်မ၊ သုံးလက် မမှ ဒီလိုနဲ့ တဖြည်းဖြည်းတက်ပြီး တဖြည်းဖြည်းဆင်းတာကို ပြောတာ။ ခုတော့ ၂၀၀၇ ခုနှစ်လောက်က တည်းက ရေမတက်တော့ဘူး။ ရေမတက်နိုင်တော့ ကမ်းပါးပြိုမှုတွေ ဖြစ်လာတယ်”ဟု ပြောသည်။
အငြိမ်းစား သစ်တောဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ဦးတင်အေးက “ဧရာဝတီမြစ်ရဲ့ ရေဝေရေလဲ အနေ အထားတွေကို မြစ်နားက ဒေသတွေတင်မဟုတ်ဘဲ မြစ်နဲ့ဆက်စပ်နေတဲ့ ဥပမာ ပုံတောင်၊ ပုံညာနဲ့ စစ် ကိုင်းဘက်မှာ ဧရာဝတီမြစ်ထဲကိုစီးဝင်နေတဲ့ ချောင်းတွေ၊ မြစ်လက်တက်တွေနေရာအထိ လေ့လာဆန်း စစ်မှုတွေ လုပ်နိုင်ရင် ပိုကောင်းမယ်။ ဒါတွေအားလုံးက ဆက်စပ်မှုရှိတယ်။ မြစ်ကြောင်းအောက်ဘက်က လူတွေ ခံစားနေရတဲ့ ဒုက္ခဟာ မြစ်ကြောင်းအပေါ်က လူတွေနဲ့လဲ ဆက်စပ်မှုရှိတယ်”ဟု ပြောသည်။
လူထုဗဟိုပြု ဗျူဟာမြောက် ပတ်ဝန်းကျင် လေ့လာဆန်းစစ်မှု ဆွေးနွေးပွဲကို MEE Net (Mekong Energy and Ecology Network)၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် REAM၊ Promotion of Indigenous and Nature Together (POINT) နှင့် စိမ်းရောင်စိုအဖွဲ့တို့မှ ၂၀၁၃ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ ကောက်ယူခဲ့သည့် လေ့လာဆန်းစစ်ချက်ပေါ် မူတည်ပြီး ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်တက္ကသိုလ်ရှေ့ ပြည်လမ်း၊ ယုဒသန်ခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
Mizzima - News in Burmese

No comments:
Post a Comment