Friday, 29 November 2013

ကိုယ်ချင်းစာနာ လူ့သိက္ခာ

Photo: ကိုယ်ချင်းစာနာ လူ့သိက္ခာ 
                        ******************

လူမျိုးတိုင်းမှာ ဂုဏ်သိက္ခာတွေ ရှိကြပါသည်။ နိုင်ငံ့ ဂုဏ်သိက္ခာ၊ လူမျိုး ဂုဏ်သိက္ခာ၊ မိဘ ဆွေမျိုး ဂုဏ်သိက္ခာ။ ဒါကြောင့် ''ကြက်မှာ အရိုး၊ လူမှာ အမျိုး''ဟု ဆိုကြ၏။ လူတိုင်း မျိုးရိုး သိဖို့ လိုသည်။ စောင့်ထိန်းဖို့ လိုပါသည်။ မျိုးရိုး ဂုဏ်သိက္ခာ မကျအောင်၊ မညှိုးအောင်လည်း ကျင့်ကြံ နေထိုင် သင့်ပါသည်။ ထို့အပြင် မိမိကြောင့် သူတစ်ပါး ကိုလည်း မထိပါး စေပါနှင့်။ ကိုယ်ချင်းစာ တရား ထားပါ။ စာနာပါ။ ကူညီပါ။

စောင့်ရှောက်ပါ။ မုဒိတာပွားပါ။ မိမိ၏စာနာမှုကင်းသော စကား တစ်ခွန်းကြောင့် အသက် သေနိုင် သလို အရှက် တွေလည်း ရရှိ နိုင်ပါသည်။ အရာရာ တိုင်းတွင် ဆင်ခြင်တုံ တရားဖြင့် ပြောဆို ဆက်ဆံ သင့်လှပေ၏။ မျိုးရိုး ဗီဇ ကောင်းခြင်းသည် အသိ အမြင် ကျယ်ပြောသည်။ တတ်သိ လိမ္မာသည်။ ကိုယ်ကျင့် သိက္ခာရှိသည်။ လူတွေ ခင်မင် လေးစားသည်။ ယုံကြည်မှု ရှိကြသည်။

အကျင့် စရိုက် မကောင်းသူ၊ လိမ္မာရေးခြား မရှိသူနှင့် ခက်ထန် ကြမ်းတမ်း သူကို မည်သူ ကမှ မဆက်ဆံ လိုကြ။ မိတ်ဆွေ မဖြစ် လိုကြပါ။ ထို့ကြောင့် ကိုယ်ချင်း စာနာ တတ်သူ၊ ယဉ်ကျေး သိမ်မွေ့သူ၊ သည်းခံစိတ် ရှိသူ၊ ညှာတာ ထောက်ထား တတ်သူနှင့် ရိုးသား ဖြောင့်မတ်ခြင်း ဟူသည် မည်သည့် ဂုဏ်သိက္ခာနှင့် လဲ၍ မရနိုင်ပါ။ ဥစ္စာဓန၊ ရာထူးဌာန၊ ပညာရှိမှ ဂုဏ်ရှိတာ မဟုတ်။ ငွေကြေး ဓနဥစ္စာကြွယ်ဝ သော်လည်း မလှူရက်၊ မပေးရက် သူတွေ၊ ရာထူး ရာခံ ရှိသော်လည်း နိုင်ငံ့ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်ဘဲ ရေသာခို နေသူတွေ၊ လာဘ်စား ဖြတ်စား၊ အထက်ဖား အောက်ဖိ၊ လှေကြုံ လိုက်သူတွေ၊ ပညာတွေ ရှိသော်လည်း စာရိတ္တ ပျက်ပြားပြီး အတ္တ အကျိုးသာ ကြည့်သူ တွေသည် တန်ဖိုးမရှိ၊ မိမိ ပိုင်ဆိုင် ရရှိမှု တွေကို အသုံး မချ တတ်ခြင်း ဖြစ်၏။

လူ့ ဂုဏ်သိက္ခာသည် ဆင်းရဲခြင်း၊ ချမ်းသာခြင်းနှင့် မသက်ဆိုင်၊ အကျင့် စရိုက်၊ လူမှု ဝတ္တရား နှင့်သာ ဆိုင်သည်။ ''အတ္တဟိတ၊ ပရဟိတ'' အကျိုးနှစ်ပါးကို မျှတစွာ မဆောင်ရွက် နိုင်သူသည် မည်သို့သော အခါမှ ကြီးပွား ချမ်းသာမည် မဟုတ်၊ လူကောင်း ဖြစ်ရန်လည်း ခဲယဉ်း လိမ့်မည်။

ပတ်ဝန်းကျင်ကြောင့်၊ အပေါင်း အသင်းကြောင့် ကောင်းခြင်း၊ ဆိုးခြင်း တွေလည်း ရှိတတ်သည်။ ကိုယ်ခံစားရမှ၊ ဒုက္ခ ရောက်တော့မှ သိသူတွေ ရှိသည်။ စာရေးသူ နေထိုင်ခဲ့ ဖူးသော ရပ်ကွက် တစ်ခုတွင် လူမှုရေး ခေါင်းပါးသော အိမ်တစ်အိမ်၊ မိသားစု တစ်စု ရှိခဲ့၏။ ရပ်ကွက် ထဲရှိ သာရေး၊ နာရေးမှန်သမျှ ဘယ်သူ့ ကိစ္စမှ မသွား၊ ကူညီ ရိုင်းပင်းမှု မရှိ။ နှုတ်၏ ဆောင်မခြင်း၊ လက်၏ ဆောင်မခြင်း မရှိ။ 

တစ်နေ့တွင် သူ့ကလေး တစ်ယောက် ရုတ် တရက် ဆုံးပါးသွား၏။ သည်တော့မှ ဟိုလူလာပါ၊ သည်လူလာပါ။ ဘာလုပ် ရမှန်း မသိ၊ ရပ်ကွက်ရုံး၊ ဆေးရုံ၊ သုသာန်၊ အလောင်း မြေချဖို့ အဆင့်ဆင့် သွားရ၏။ သက်ပျောက် ဆွမ်းသွတ်ဖို့ ဘုန်းကြီး ပင့်တာက အစ၊ မပင့်တတ်၊ ရပ်ကွက်ထဲက ကိုယ်ချင်း စာနာစိတ်၊ လူမှုရေး စိတ်ဓာတ် ရှိသူ များက အလောင်း မြေချ သင်္ဂြိုဟ်သည် အထိ ဆောင်ရွက် ပေးကြရသည်။ ငါနှင့်မဆိုင်၊ ငါ့ကိစ္စ မဟုတ်ဟု နေခဲ့သူ၊ ကိုယ်တွေ့ ကြုံတော့မှ သူ့မာန တရားတွေ ခဝါချ သွားခဲ့ရသည်။ အသိပညာ မဲ့သူက ရိုင်းပြ တတ်၏။ အသိ ပညာ ရှိသူက ယဉ်ကျေး သိမ်မွေ့၏။ မိဘ၊ ဆရာ သမားများ၏ စကားကို နားဝယ် စွဲသူသည် ယဉ်ကျေးသည်။ တတ်သိ လိမ္မာသည်။ လူမှု ဝတ္တရား သိသည်။ ယနေ့ လူငယ် အချို့ ယဉ်ကျေးမှု နည်းပါး လာသည်။ ဘတ်စကားများ ပေါ်တွင် ရဟန်း သံဃာနှင့် သက်ကြီး ရွယ်အိုများ တက်လာလျှင် နေရာ ပေးရကောင်းမှန်း မသိ။ တချို့က မသိဟန်ပင်ဆောင်နေ တတ်၏။

လမ်းမပေါ်၌ ဘောလုံး ကန်ကြ သူတွေလည်း ရှိသေး၏။ ရဟန်း သံဃာနှင့် လူကြီး သူမများ လာလျှင် ရပ်ပေး၊ ဖယ်ပေး ရမှန်းမသိ၊ မည်သူ့ကိုမျှ ဂရုမစိုက်။ ထိုထက် ပိုဆိုး သည်မှာ မိန်းမပျို လေးများ ဖြတ်သွားချိန် အနားရှိ ရွှံ့ဗွက် ရေအိုင် ထဲသို့ ဘောလုံးကို ပစ်ကန် ထည့်လိုက်၏။ မိန်းမပျို လေးမှာ ရွှံ့ဗွက်တွေ ပေကျံကာ အရှက်ရ သွားတော့သည်။ ကဲ အဲဒီ နေရာမှာသာ ကိုယ့်နှမလေးလို သဘော ထားရင်၊ ကိုယ်ချင်း စာနာ ကြရင် ဘယ်လောက် ကောင်းမလဲ။ ကိုယ်ချင်း စာနာမှု မရှိသော အခါ လူတွေမှာ ပြဿနာ မျိုးစုံ၊ ဒုက္ခ အဖုံဖုံ ကြုံကြ ရသည်။

 လောက ပါလ တရားတွေနှင့် ကင်းလွတ်သော အခါ ဒေါသ၊ လောဘ၊ မောဟ၊ မာန်မာန တွေနှင့် မွေးမြူ လာသည့် စိတ်ဓာတ်တွေ မာကြော ရိုင်းစိုင်း လာသည်။ လူ တစ်ယောက်၏ ဂုဏ်သိက္ခာသည် ကိုယ်ချင်း စာနာမှုပင် ဖြစ်သည်။ ကိုယ်ကျင့် တရားရှိမှ လူတွေနှင့် ပေါင်းသင်း၍ ရမည်။ မိတ်ဆွေတွေ ဖြစ်လာမည်။ စီးပွားရေး အောင်မြင်မည်။ မိမိ ဘဝလည်း လုံခြုံမည်။ အတ္တ အကျိုး တစ်ခုတည်းသာ ကြည့်သူကား ဘယ်သော အခါမျှ မအောင်မြင်နိုင်၊ လူတော် လူကောင်း မဖြစ်နိုင်၊ စိတ်ချမ်းသာမှု အပြည့် အဝ မရရှိနိုင်၊ မိသားစု ပျော်ရွှင်မှု ထာဝရ မရနိုင်ပေ။ အောင်မြင် လိုသူနှင့် ကြီးပွား ချမ်းသာ လိုသူ တိုင်းသည် မိမိ အမှားကို အချိန်မီ ပြင်ဆင် နိုင်ရမည်။ ဝန်ခံ တောင်းပန် ရဲရမည်။ စိတ်ကောင်း၊ နှလုံးကောင်း မွေးရမည်။ မိတ်သစ်၊ ဆွေသစ်၊ မိတ်ကောင်း၊ ဆွေကောင်းတွေ ဖွဲ့ရမည်။ အနစ်နာ ခံရမည်။ ကူညီ တတ်ရမည်။ ယဉ်ကျေး သိမ်မွေ့ရမည်။ ဘာသာ၊ သာသနာကို လေးစား ရမည်။ မကြာ သေးမီက နိုင်ငံတော် သမ္မတက ချီးမြှင့်သော ဂုဏ်ထူးဆောင် ဆုရရှိ သူများကို ကြည့်ပါ။ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ စိုက်ပျိုးမွေးမြူရေး၊ လူမှု ကိုယ်ကျင့်သိက္ခာ၊ ပရဟိတနှင့် အလှူ ဒါန စသည့် ကဏ္ဍစုံမှ စွမ်းစွမ်း တမံ ဆောင်ရွက် ကြသူများ ဖြစ်ကြသည်။

မိမိဘဝ တိုးတက် လိုလျှင်၊ ကိုယ်ချင်း စာကြပါ။ စာရိတ္တ မဏ္ဍိုင်ကို စိုက်ထူကြပါ။ မိဘ မျိုးရိုး ဂုဏ်ကို ထိန်းသိမ်း ကြပါ။ ''ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်'' ဆိုသလို ကိုယ့်ကြောင့် လူမျိုး ဂုဏ်သိက္ခာ မကျပါစေနှင့်။ အရာရာကို စိတ်နောက်ကိုယ်ပါ မပြုမိပါ စေနှင့်။ ဒုက္ခရောက်မှ နောင်တ ရတာမျိုးသည် အရာမထင်၊ အသုံး မဝင် နိုင်တော့ပါ။ တကယ့် ဖြစ်ရပ်လေး တစ်ခုကို တင်ပြ လိုပါသည်။ မည်သူ့ကိုမျှ နစ်နာစေသော ဆန္ဒနှင့် မရည်ရွယ်ပါ။ လွန်ခဲ့သော သုံးနှစ်ခန့်က တရားသူကြီး တစ်ဦး၏ ဇနီးက အိမ်ဖော် မိန်းကလေး၏ တစ်ကိုယ်လုံးကို မီးပူနှင့် ထိုးသည်တဲ့။ ရပ်ကွက်ထဲမှ လူတွေက သိ၍ ဟိုတိုင် သည်တိုင် လုပ်တော့မှ အိမ်ဖော်မလေးကို ခေါ်၍ ဟိုပုန်းသ ည်ပုန်းနှင့် ပြဿနာတွေ ရှုပ်ကုန်သည်။ အိမ်ဖော် အမျိုး သမီးငယ်လေးမှာဒ ဏ်ရာတွေ များစွာ ရပြီး မိမွေးတိုင်း၊ ဖမွေးတိုင်းမဖြစ်တော့။ အမျိုးမျိုး လိုက်လံ ကာကွယ် ကြသည်။ ဖုံးဖိကြသည်။ ပြဿနာ ဘယ်လို ပြီးသွားသည်တော့ မသိ။

ထိုကိစ္စသည် ကိုယ်ချင်း စာနာမှု ကင်းသော၊ လူသား သိက္ခာ မရှိသော လုပ်ရပ် ဖြစ်သည်။ လူ့ အခွင့် အရေးကို ချိုးဖောက်တာ၊ တရား ဥပဒေကို ကျူးလွန်တာ ဖြစ်သည်။ ''သနား ကြင်နာမှု မရှိ၊ စာနာ ထောက်ထားမှု ကင်းသော ဖြစ်ရပ် မျိုးတွေ ကြားရတိုင်း'' ရင်နာမိသည်။ ရွံမုန်း မိသည်။ ထို ဖြစ်ရပ် မျိုးတွေ မကြားရ၊ မမြင်ရ ပါစေနှင့် ဟုလည်း ဆုတောင်း မိသည်။ ယဉ်ကျေး သိမ်မွေ့သူ၊ ကိုယ်ချင်း စာနာ တတ်သူ၊ လူမှု သိက္ခာ ရှိသူ များနှင့်သာ ဆုံချင်၊ ကြုံချင်၊ ဆက်ဆံ ချင်ပါ၏။ ဆက်၍ ရေးလျှင် စာဆုံးနိုင်မည် မဟုတ်။ အကြောင်း အရာတွေ များစွာ ရှိပါသည်။

အထူးသဖြင့် နိုင်ငံ့တာဝန်ကို မလွဲမသွေ လွှဲပြောင်း တာဝန် ယူရမည့် မျိုးဆက်သစ် လူငယ် များအား ပြောချင် ပါသည်။ လူမျိုး ဂုဏ်သိက္ခာကို ထိန်းသိမ်းကြပါ။ ကိုယ်ချင်း စာနာ တတ်ကြပါ။ သူတစ်ပါး နစ်နာအောင် မပြုမိ ပါစေနှင့်။ လူ့သိက္ခာ၊ လူ့တန်ဖိုး၊ လူသား ဂုဏ်ရည် ပြည့်ဝ စွာဖြင့် ရှေ့ဆက်ရမည့် ခရီး ပန်းတိုင်ကို လှမ်းနိုင်သော လူတော်၊ လူကောင်းများ ဖြစ်ကြ စေ ရန် မျှော် လင့် ကြိုဆို နေပါသည်။ ။

Post by - Ingyinn ( Admin ) 

  http://www.myawady.com.mm/library/stories/storiesforall/item/18757-2013-07-06-17-

  မှ ထုတ်နုတ်တင်ပြပေးထားပါသည် ။

The Webshop

No comments:

Post a Comment