ပီရူး အစိုးရသည် လင်းပိုင်များကို သတ်ဖြတ်ခွင့် မပြုဘဲ ဥပဒေအရ တားမြစ်ထားသည့်တိုင် ယင်းတို့ကို အပြည့်အဝ အကာအကွယ် မပေးနိုင်ချေ
လင်းပိုင်ဟု ဆိုလိုက်လျှင် ချိုပြုံးသော မျက်နှာလေးများရှိပြီး လူသားများနှင့် ယဉ်ပါး ကျွမ်းဝင် တတ်သည့် ရေနေ သတ္တဝါလေးများကို ချက်ချင်း မြင်ယောင်မိကြမည် ဖြစ်သည်။ သို့သော်လည်း အဆိုပါ ချစ်စရာ လင်းပိုင်လေးများသည် ခိုင်ခိုင်မာမာ မရှိလှသည့် အကြောင်းပြချက် တစ်ခုကြောင့် ၎င်းတို့ ခင်မင်ကျွမ်းဝင်လိုသည့် လူသားများ၏ ရက်ရက်စက်စက် သတ်ဖြတ်မှုများနှင့် ကြုံနေရခြင်းမှာမူ ဆိုးရွားလှသည့် ဝဋ်ကြွေးတစ်ခုအဖြစ် ယူဆရမည်သာ။
တောင်အမေရိကတိုက်ရှိ ပီရူးနိုင်ငံမှ ငါးမန်းဖမ်းသည့် ရေလုပ်သား အများအပြားသည် လင်းပိုင်လေးများကို စက်လှေနား ကပ်လာအောင် ဆွဲဆောင်ပြီး သတ်ဖြတ်လေ့ ရှိသူများ ဖြစ်သည်။ ပီရူး အစိုးရသည် လင်းပိုင်များကို သတ်ဖြတ်ခွင့် မပြုဘဲ ဥပဒေအရ တားမြစ်ထားသည့်တိုင် ယင်းတို့ကို အပြည့်အဝ အကာအကွယ် မပေးနိုင်ချေ။ လင်းပိုင် ချစ်သူများအတွက် ပို၍ ရင်နာစရာကောင်းသော အချက်မှာ ထိုကဲ့သို့ သတ်ဖြတ်ခြင်းသည် ငါးမန်းမျှားရန်အတွက် အစာကို ငွေကုန်ကြေးကျခံ မဝယ်ယူလိုသဖြင့် လင်းပိုင်များဖြင့် အလွယ်တကူ အစားထိုးရန် ရည်ရွယ်ချက်မျိုးကြောင့် ဖြစ်နေခြင်းပင်။
ပစိဖိတ် သမုဒ္ဒရာ၏ ရေလှိုင်းများကြားတွင် စက်လှေနား ချဉ်းကပ်လာသည့် လင်းပိုင်လေး တစ်ကောင်ကို ထက်မြေ့နေသည့် မှိန်းတံဖြင့် ပစ်ခတ် သတ်ဖြတ်နေသည့် ငါးဖမ်းလုပ်သား တစ်ဦး၏ မှတ်တမ်း ဓာတ်ပုံများသည် ယင်းဒေသရှိ လင်းပိုင်များ၏ ခြောက်ခြားကြေကွဲစရာ ဘဝကို နိမိတ်ထင်ဟပ်စေခဲ့သည်။ လူသားများကို ခင်မင်ရင်းနှီးဟန်ဖြင့် ပျော်မြူးစွာ ချဉ်းကပ်လာသည့် လင်းပိုင်လေးများသည် ကျွမ်းကျင်သွေးအေးလှသည့် မှိန်းချက်များတွင် ဆိုးဆိုးရွားရွား ဝေဒနာ ခံစားရပြီး အသက်ပျောက်သွားလေ့ ရှိသည်။ ထို့နောက်တွင်မူ ငါးမန်းဖမ်း ရေလုပ်သားများက အူအခွေလိုက် ထွက်ကျနေသည့် လင်းပိုင်ရုပ်အလောင်းကို လှေပေါ် ဆွဲတင်ကြသည်။
၎င်းတို့သည် လင်းပိုင်သားကို ခုတ်ထစ်ကာ ငါးမန်းများကို ဆွဲဆောင်သည့် ငါးစာအဖြစ် ပြန်လည် အသုံးပြုကြသည်။ ယင်းရက်စက် ကြမ်းကြုတ်မှု ဖြစ်စဉ်တစ်ခုလုံး၏ အဓိက ရည်ရွယ်ချက်မှာ ငါးမန်းမျှားရန်အတွက် အစာဖိုး အကုန်မခံလိုခြင်းသာဖြစ်ကြောင်း သိရသည်။ Daily Mail၏ အယ်ဒီတာ တစ်ဦးဖြစ်သော ဂျင်မ်ဝစ်ကန်စ်သည် ပီရူး ငါးမန်းဖမ်း စက်လှေ တစ်စင်းပေါ်တွင် လိုက်ပါခွင့်ရရန် ညှိနှိုင်းတောင်းဆိုပြီးနောက် ယင်းကဲ့သို့ စိတ်မသက်သာစရာ အခြေအနေမျိုးကို ကိုယ်တိုင် မှတ်တမ်း တင်ခွင့် ရခဲ့သည်။
"မှိန်းထိသွားတဲ့ လင်းပိုင်က ကြောက်အားလန့်အားနဲ့ ရေကူးပြီးပြေးတယ်။ ဒါပေမဲ့ မှိန်းနောက်မှာ တွဲချည်ထားတဲ့ ကြိုးကြောင့် အဝေးကြီးတော့ မရောက်ဘူး။ သွေးအလူးလူးနဲ့ သေအံ့မူးမူး ဖြစ်နေတဲ့ လင်းပိုင်ကို လူနှစ်ယောက်က ဆွဲတင်ကြတယ်။ လှေနားကို လင်းပိုင်ကပ်လာရင် သံမဏိ ချိတ်ကြီး နဲ့ ခေါင်းကို ဆွဲချိတ်လိုက်တာပါပဲ။ ဒဏ်ရာကနေ အူတွေ အခွေလိုက် ထွက်ကျနေတာကို ကျွန်တော် မြင် တယ်။ သူသေသွားပြီလို့ ထင်ခဲ့ပေမယ့် သင်္ဘော ကုန်းပတ်ပေါ်မှာ တွန့်လိမ် အကြောဆွဲနေတုန်းပဲ"ဟု ဂျင်မ်က စိတ်မကောင်းခြင်းကြီးစွာ ဖွင့်ဟခဲ့သည်။
လင်းပိုင်ကို လှီးဖြတ်ခုတ်ထစ်ပြီးချိန်တွင် ရေလုပ်သားများသည် ၎င်းတို့ အလိုရှိသည့် အကုန်အကျနည်းသော ငါးစာကို ရရှိသွားပြီ ဖြစ်သည်။ ထို့အပြင် အသားအချို့ကို နေ့လယ်စာအတွက် ပြင်ဆင်ကြပြန်သည်။ "လှေပေါ်က လူတစ်ယောက်က ကျွန်တော့်ကို စွတ်ပြုတ်တစ်ပန်းကန် လာပေးတယ်။ လင်းပိုင်သားနဲ့ ပြုတ်ထားတာပေါ့။ ဒါပေမဲ့ ကျွန်တော် သောက်ကြည့်ဖို့ နေနေသာသာ အရေခွံစုတ်ထားတဲ့ လင်းပိုင်ရုပ်အလောင်းကြီးကို တွေးမိပြီး အန်ပါ အန်မိတယ်"ဟုလည်း ဂျင်မ်က ဆိုသည်။ ၎င်းက "ကျွန်တော့် ကင်မရာသမား အလီကို လှည့်ကြည့်တော့လည်း သူတော်တော် တုန်လှုပ်နေတာ သိသာတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်တော်တို့ ဘာမှမပြောတာ အကောင်းဆုံးပဲလို့ နှစ်ယောက်စလုံး နားလည်ကြပါ တယ်"ဟုလည်း ဖွင့်ဟခဲ့သည်။
"ကျွန်တော်တို့ဟာ ကမ်းခြေကနေ ကီလိုမီတာ (၁၀၀)လောက် အကွာက ငါးဖမ်းလှေပေါ် ရောက်နေ တယ်။ ဘေးမှာက လူစိမ်းသူစိမ်း တံငါသည်တွေချည်းပဲ။ သူတို့က ဒီလုပ်ရပ်ကို သာမန်လို့ပဲ သဘောထားတယ်။ ဒီအချိန်မှာ သူတို့ရဲ့ ရက်စက်မှုကို စက်ဆုပ်တဲ့ ပုံစံမျိုး ပြလိုက်ရင် အင်မတန် အန္တရာယ် များသွားမယ် မဟုတ်လား"ဟုလည်း ဂျင်မ်က ထောက်ပြခဲ့သည်။ ပီရူး တံငါသည်တို့က လင်းပိုင်များကို ဒေသအခေါ်အဝေါ်အရ "ပင်လယ်ဝက်"ဟု အမည်ပေးထားသည်။ ၎င်းတို့သည် လင်းပိုင်များ၏ မျက်နှာမှ အပြုံးရိပ်ကို ခံစားထိတွေ့ရန်ထက် အစာဖိုး သက်သာရန်သာ အဓိက ဦးစားပေး စဉ်းစားလေ့ ရှိသူများဟု ဂျင်မ်က မှတ်ချက်ပြုခဲ့သည်။ လင်းပိုင်များ၏ ခန္ဓာကိုယ်တွင် သွေးအမြောက်အမြား ဖွဲ့စည်းပါရှိရာ သွေးညှီနံ့ကြိုက်သည့် ငါးမန်းများအတွက် အကောင်းဆုံး ဆွဲဆောင်မှုလည်း ဖြစ်နေသည်။
"လင်းပိုင်တွေကို သတ်ဖြတ်နေတာကတော့ ပီရူး ငါးဖမ်းစက်လှေ တော်တော်များများပဲလို့ ကျွန်တော်တို့ တစ်ဆင့်ပြန်ကြားရတယ်။ နောက်ထပ် လင်းပိုင်တစ်ကောင်ကို သတ်ဖို့ ပြင်ဆင်ချိန်မှာ ကျွန်တော်နဲ့ အလီတို့ မြန်မြန်ဆန်ဆန် ဓာတ်ပုံရိုက်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ငါးဖမ်းလှေရဲ့ မာလိန်မှူးက သူ့ရဲ့မှိန်းကို ပြင်နေချိန်မှာ ကျွန်တော်တို့က ကင်မရာတွေ ပြင်ခဲ့တယ်။ ဒီမြင်ကွင်းကို ကျွန်တော်တို့ မြင်ခဲ့တယ်။ ပြီးတော့ တစ်ကမ္ဘာလုံး မြင်ခွင့်ရအောင်လည်း ပြချင်တယ်လေ"ဟု ဂျင်မ်က ဖွင့်ဟခဲ့သည်။ ဂျင်မ်နှင့် အလီတို့သည် လင်းပိုင် အသေကောင်ကို အရေခွံခွာ၊ အသားများလွှာပြီး အရိုးချည်း ကျန်သည်အထိ အမဲဖျက်သော မှတ်တမ်းဓာတ်ပုံများကို ရယူခဲ့သည်။
ဂျင်မ်သည် လင်းပိုင်များကို ကိုယ်တိုင် မှိန်းထိုး သတ်ဖြတ်လေ့ရှိသည့် အဆိုပါ ငါးဖမ်းလှေ၏ မာလိန်မှူးနှင့်လည်း စကားပြောဖြစ်ခဲ့သည်။ "သူက အင်မတန် ရိုးသားပွင့်လင်းတယ်ဗျ။ သူ့စိတ်ထဲမှာ လင်းပိုင်ဆိုတာ ငါးစာအဖြစ် သုံးဖို့ပဲ တွေးထားတယ်။ ဒီထက်ဘာမှ မပိုဘူး"ဟု ဂျင်မ်က ဆိုသည်။ "လင်းပိုင်သားက ငါးမန်းပြာ (Blue Shark)တွေ အင်မတန် ကြိုက်တဲ့ အစာလို့ သူက ရှင်းပြတယ်။ အသားကို လှီးလိုက်ရင် သွေးအများကြီးထွက်တယ်။ ပြီးတော့ ငါးမန်းပြာတွေက အဆီကြိုက်တယ်တဲ့။ လင်းပိုင်သားက အဆီအရမ်းပေါတယ်လေ"ဟုလည်း ဂျင်မ်က တစ်ဆင့်ပြန်လည် ပြောကြားခဲ့သည်။
၎င်းက သင်္ဘောမာလိန်မှူးသည် ဥပဒေကို ဖောက်ဖျက်နေမှန်း သိသော်လည်း လိုအပ်သော အရာကို လုပ်ဆောင်နေခြင်းဟု ခံယူထားကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။ "သူကပြောတယ်။ လင်းပိုင်တွေကို အမဲလိုက်တာဟာ ဥပဒေကို ချိုးဖောက်ရာရောက်မှန်း သူသိတယ်တဲ့။ ဒါပေမဲ့ သူ့အတွက်က ဒီလိုလုပ်ဖို့ မဖြစ်မနေ လိုအပ်တယ်။ ဒါမှ ကုန်ကျစရိတ် သက်သာမယ်။ ငါးမန်းအတွက် အစာက အရမ်းဈေးကြီးတာကြောင့် လင်းပိုင်တွေကို ငါးစာအဖြစ် သုံးနေဦးမှာပဲတဲ့။ ခုဆိုရင် ပီရူးက ငါးဖမ်းလှေ တော်တော်များများကို လိုက်ကြည့်တာနဲ့ ထက်မြေ့နေတဲ့ မှိန်းတစ်ချောင်းကို တွေ့ရလိမ့်မယ်။ ဘာအတွက် သုံးသလဲ ဆိုတာကတော့ ကျွန်တော်တို့ သေသေချာချာ သိခွင့်ရခဲ့ပါပြီ"ဟု ဂျင်မ်က ပြောဆိုခဲ့သည်။
ဂျင်မ်လိုက်ပါခဲ့သော ငါးဖမ်းလှေသည် တစ်နှစ်လျှင် (၁၂)ကြိမ် ငါးဖမ်းထွက်သည်။ တစ်ကြိမ်လျှင် အနည်းဆုံး လင်းပိုင် (၂)ကောင်မှ (၃)ကောင်ကြား သတ်ဖြတ်လေ့ရှိပြီး ငါးမန်းကောင်ရေ (၅၀၀)မျှ ဖမ်းဆီးနိုင်လေ့ရှိသည်။ ပီရူးတွင် တစ်နှစ်လျှင် လင်းပိုင်ကောင်ရေ တစ်သောင်းမျှသည် တံငါသည်များ လက်ချက်ကြောင့် အသက်ဆုံးရှုံးနေကြောင်း ယုံကြည်ရသည်။ ငါးဖမ်းလှေ၏ အပြန်ခရီးစဉ်တွင် ဂျင်မ်နှင့် အလီတို့သည် အခြားသော ငါးဖမ်း စက်လှေ တစ်စင်းထံ ပျော်ရွှင်စွာ ကူးခတ်သွားသည့် လင်းပိုင်လေး တစ်ကောင်နှင့် ကုန်းပတ်ပေါ်တွင် မှိန်းတဝင့်ဝင့် ရှိနေသူ တစ်ဦးတို့ကို ဝမ်းနည်းစွာ မျက်နှာလွှဲခဲ့ရသည်။
ကမ်းခြေတွင်မူ ရရှိလာသော ငါးမန်းသားများကို ဝယ်ယူမည့် ကုန်သည်များက အသင့်စောင့်နေသည်။ ငါးမန်းတောင်များသည် ယင်းတို့ထံမှတစ်ဆင့် တစ်ကမ္ဘာလုံးရှိ ဈေးကွက်အသီးသီးသို့ ပျံ့နှံ့သွားသည်။ ဂျင်မ်က ငါးမန်းဖမ်းသည့် အတွေ့အကြုံနှင့် ပတ်သက်ပြီးလည်း ရှင်းပြခဲ့သေးသည်။ "လင်းပိုင်သားတွေကို တံစို့ထိုးပြီး သေချာသီထားတယ်။ ပြီးတော့ ရေထဲမှာ ချတယ်။ သံချိတ်တွေလည်း ထည့်မြှုပ်ထားသေးတယ်လေ။ နောက်တော့ အားလုံး အိပ်ရာဝင်ကြတယ်။ တစ်နေကုန် ပင်ပန်းပြီး အလုပ်များထားတယ် မဟုတ်လား။ တချို့က အရက်သောက်ပြီး လင်းပိုင်သား စွတ်ပြုတ်နဲ့ မြည်းကြတယ်။ နောက်နေ့မနက် အစောကြီးမှာ သင်္ဘောသား တစ်ယောက်က ကျွန်တော့်ကို လာခေါ်တယ်။ ရေထဲကို လက်ညှိုးထိုးပြတော့ အပြာရောင်လိုလို သမ်းနေတဲ့ ငွေရောင်ဖျော့ဖျော့ အရိပ်တစ်ခုကို ကျွန်တော်တို့ မြင်တယ်။ ကျွန်တော်တို့ရဲ့ ခရီးစဉ်မှာ ပထမဆုံးမိတဲ့ ငါးမန်းပဲ။ ပုံမှန်ဆိုရင် ငါးမန်းပြာတွေဟာ သိပ်လှပြီး ကျက်သရေရှိရှိ လှုပ်ရှားတတ်တဲ့ သတ္တဝါတွေပါ။ ဒါပေမဲ့ ဒီတစ်ကောင်ကတော့ ကမူးရှူးထိုး ဖြစ်နေရှာတယ်။ ချိတ်ကနေလွတ်အောင် ရုန်းနေရှာတယ်။ အရက်မူး ပြေပုံမရသေးတဲ့ သင်္ဘောသား တစ်ယောက်က ကြိုးကိုဆွဲပြီး သင်္ဘောလက်ရန်းဘောင်နားထိ ရောက်လာအောင် မြှင့်ထားတယ်။ အဲဒီနောက်မှာတော့ ငါးမန်းရဲ့ ခေါင်းပိုင်းကို ဓားနဲ့ တစ်ချက်ခုတ်တယ်။ ပါးဟက်တွေကို သံချိတ်နဲ့ ဆွဲထားပြီး ကျောရိုးနေရာနားကို မှိန်းနဲ့ တစ်ချက် ထိုးထည့်လိုက်တယ်။ ဒီလောက်ဆို ငါးမန်းက သေသွားပြီ"ဟု ဂျင်မ်က ဆိုသည်။
၎င်းက "နောက်တော့ ချက်ချင်းပဲ ငါးမန်းဗိုက်ကိုခွဲတယ်။ အသားဖျက်တယ်။ သူတို့က ဒီလုပ်ငန်းမှာ ကျွမ်းကျင်နေပြီ။ ကျွန်တော်တို့ ငါးမန်း တစ်ဒါဇင်လောက် ဖမ်းနိုင်ခဲ့တယ်"ဟုလည်း ပြောကြားခဲ့သည်။ တစ်ကောင်ကို အသားဖျက်နေစဉ်တွင် နောက်ထပ် ငါးမန်းတစ်ကောင်ကို သင်္ဘော ကုန်းပတ်ပေါ် ဆွဲတင်နေသည်အထိ ငါးမန်းများ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ "အဆိုးဆုံး အတွေ့အကြုံ တစ်ခု ရှိသေးတယ်။ ငါးမန်းတစ်ကောင်ကို ဆွဲတင်လိုက်တဲ့ အချိန်မှာ ဗိုက်ကကွဲပြီး ငါးမန်းပေါက်လေးတွေ တော်တော်များများ ထွက်ကျသွားတယ်။ အင်္ဂါ အစုံအလင်နဲ့ အသက်ရှင်နေတဲ့ ကောင်လေးတွေပေါ့။ ဒီတော့ ကျွန်တော်တို့ မနေသာတော့ဘူး။ ရေထဲမှာ ငါးမန်းပေါက်လေးတွေ ရှိနေတဲ့အကြောင်း သင်္ဘောသားတွေကို ပြောပြရတယ်။ သူတို့က ကြည့်ပြီး ရယ်နေကြတယ်။ ဒီမြင်ကွင်းက ရယ်စရာကောင်းတယ်လို့ ထင်နေပုံပဲ။ ပြီးတော့ သင်္ဘော ကုန်းပတ်ပေါ်မှာ လူးလွန့်နေတဲ့ အကောင်လေး တချို့ကိုလည်း ရေထဲ ပစ်ချပေးကြတယ်။ အမေမရှိဘဲ သမုဒ္ဒရာထဲမှာ သူတို့တွေ ရှင်သန်ကြီးပြင်းဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းပါတယ်။ ဒါပေမဲ့ အနည်းဆုံး အခွင့်အရေးလေး တစ်ခုလောက်တော့ ရလာပြီပေါ့"ဟုလည်း ဂျင်မ်က ပြောကြားခဲ့သည်။
မော်တော်က ကမ်းကပ်ချိန်တွင် နံနက် (၅)နာရီ ထိုးနေပြီ ဖြစ်သည်။ "ကျွန်တော့်အတွက် သတ်ဖြတ်မှုတွေကို တွေ့မြင်ရတာ ပင်ပန်းလှပါပြီ။ ကျွန်တော်နဲ့ အလီတို့ လှေပေါ်က ဆင်းခဲ့ကြ တယ်။ သွေးညှီနံ့တွေ၊ ထွန့်ထွန့်လူးနေတဲ့ ငါးမန်းတွေ၊ ရက်စက်လွန်းတဲ့ သံချိတ်ကြီးတွေ အကြောင်း မေ့ ထား ခဲ့ချင်ပြီ။ ကျွန်တော်တို့ တွေ့ကြုံခဲ့သမျှ အရာတွေ အားလုံးက လုံလောက်တာထက် ပိုနေပြီ မဟုတ်လား"ဟုလည်း ဂျင်မ်က ဖွင့်ဟသွားသည်။
Planet Myanmar Network
သနားစရာကောင်းလိုက်တာ လူတွေဟာအသိဥာဏ်ကင်းမဲ့ကုန်ပြီ သူတို့တွေလဲတနေ့ဒီလိုသေကြရမယ်
ReplyDelete