Thursday 1 November 2012

ခိုးယူခံရသော နိုင်ဂျီးရီးယားရေနံများကို စင်ကာပူနှင့်ဘော်လ်ကန် ဒေသတို့က အဓိက၀ယ်ယူဖွယ်ရှိ



နိုင်ဂျီးရီးယားတွင် နေ့စဉ် ခိုးယူခံရသော ရေနံစည် ၁၈၀,၀၀၀ ခန့် ကို အဓိက၀ယ်သူများမှာ စင်ကာ ပူ နှင့် ဘော်လ်ကန်ဒေသ နိုင်ငံများတွင် အခြေစိုက်သူများဖြစ်ကြောင်း ရေနံခိုးယူမှုတိုက်ဖျက်ရေး လှုံ့ဆော် သူတစ် ဦးက ပြောကြားခဲ့သည်။ ရေနံခိုးယူမှု တိုက်ဖျက်ရေးလှုံ့ဆော်မှု “Stop The Theft” ကို ဆောင် ရွက်နေသော ရေနံ ကြွယ်ဝသည့် နိုင်ဂျာမြစ်ဝကျွန်းပေါ်ဒေသမှ နိုင်ငံရေးသမား ပက်ထရစ်    ဒယ်လီကိုးက ခိုးယူခံရသောရေနံများ၏ ၉၀ ရာခိုင်နှုန်းသည် နိုင်ငံတွင်းမှ တရားမ၀င် ခိုးထုတ်ခံနေ ရကြောင်း ပြောကြား ခဲ့သည်။

နိုင်ဂျီးရီးယားသည် ကမ္ဘာတွင် ရေနံအများဆုံး ထုတ်လုပ်သည့်နိုင်ငံ တစ်နိုင်ငံဖြစ်သော်လည်း ပြည်သူ အများစုမှာ ဆင်းရဲမွဲတေစွာ နေထိုင်နေကြရဆဲ ဖြစ်သည်။ ခိုးခံရသော ရေနံများ၏ ၁၀ ရာခိုင်နှုန်းခန့်ကို
မြစ်ဝကျွန်းပေါ်ဒေသတွင် လှုပ်ရှားနေသော အုပ်စုများက ပြည်တွင်း၌ပင် ပြန်လည်သန့်  စင်ခဲ့ကြပြီး ကျန်ရေနံများမှာ ယူကရိန်း၊ ဆားဘီးယားနှင့် ဘူလ်ဂေးရီးယားကဲ့သို့ ဘော်လ်ကန်နိုင်ငံများရှိ ရာဇ၀တ် ကွန်ရက်များနှင့် ကမ္ဘာ့ထိပ်တန်း ရေနံချက်လုပ်ငန်းရှိသည့် စင်ကာပူတို့သို့ ရောက်ရှိသွားဖွယ်ရှိကြောင်း မစ္စတာဒယ်လီကိုးက ပြောကြားခဲ့သည်။

“ပြဿနာဖြစ်နေတာ ကြာပါပြီ။ ဒါပေမဲ့ စည် ၅၀,၀၀၀ လောက် ဖြစ်နေတုန်းက ဒါဟာ လက်ခံနိုင်သေး တယ်လို့ လူတွေကထင်ခဲ့တယ်။ အခုတော့ ကျွန်တော်တို့ လုံးဝမတူတဲ့ အနေအထားကို ရောက်နေပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယား ရေနံလုပ်ငန်းသည် စီမံခန့်ခွဲမှု မှားယွင်းခြင်းနှင့် ခြစားမှုတို့ကြောင့် နှစ်စဉ် ဒေါ်လာဘီလျံနှင့်ချီ ဆုံးရှုံးနေကြောင်း အစီရင်ခံစာ တစ်စောင်က အောက်တိုဘာလတွင် ဖော်ပြခဲ့သည်။ ရေနံလုပ်ငန်း ၀င်ငွေအထူးတပ်ဖွဲ့၏ အစီရင်ခံစာတွင် ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း ဒေါ်လာ ၂၉ ဘီလျံ ဆုံးရှုံး ခဲ့ကြောင်း တွေ့ရှိခဲ့သည်။

ရေနံခိုးယူခံရမှုကြောင့် တစ်နှစ်လျှင် ဒေါ်လာ ၆ ဘီလျံခန့် ဆုံးရှုံးနေကြောင်းလည်း ယင်းအစီရင်ခံစာက ခန့်မှန်းခဲ့သည်။ စုံစမ်းဖော်ထုတ်မှုများအရ သန့်စင်ရေနံထုတ်ကုန်များ၏ ၄၀ ရာခိုင်နှုန်းသည် နိုင်ငံပိုင် ပိုက်လိုင်းများမှတစ်ဆင့် ခိုးယူခံနေရကြောင်း အစီရင်ခံစာက ဖော်ပြခဲ့ သည်။ ရေနံခိုးယူခံရမှုမှာ   နိုင်ဂျီးရီးယား တွင် အဓိကပြဿနာဖြစ်ပြီး တစ်ရက်လျှင် ရေနံစည် ၂၅၀,၀၀၀ ထိ ရောက်ရှိ လာနိုင်ကြောင်း ယင်းအစီရင်ခံစာက ဆိုသည်။

Ref: AFP

No comments:

Post a Comment