Friday 24 August 2012

ဆီးရီးယားတွင် လေယာဉ်မပျံသိန်းရဇုန် သတ်မှတ်ရန် ပြင်သစ်ထောက်ခံ

ဆီးရီးယားတွင် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရေးနှင့် ပတ်သက်ပြီး ပြင်သစ် အစိုးရကလည်း ထောက် ခံကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့သည်။ ၎င်း၏ အာဏာကို ဖီဆန်တော်လှန်လာသည့် ပြည်သူများအား ဆီးရီးယား သမ္မတ ဘာရှာအာဆက်ဒ်က ထိုးစစ်ဆင် တိုက်ခိုက်ကာ လေကြောင်းမှပါ ပစ်ခတ်နေမှု များကြောင့် ဆီးရီးယားတွင် အတိုင်းအတာ တစ်ခုထိ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ကာ နိုင်ငံတကာ အရေးယူမှု တစ်ခု ပြုလုပ်ရန် တောင်းဆိုမှုများ ရှိလာခဲ့သည်။


syria

(တိုက်ခိုက်မှုများ အပြင်းအထန်ဖြစ်ပွားနေသည့် ဆီးရီးယား)

အထူးသဖြင့် ဒမတ်စကက်မြို့တော် အနီးတဝိုက်တွင် အာဆက်ဒ်က ပြင်းထန်သော စစ်ပွဲများ ဆင်နွှဲနေခြင်းကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက စိုးရိမ်လျှက် ရှိနေသည်။ ပြင်သစ် ကာကွယ်ရေးဝန်ကြီး ဂျင်းယီဗက်စ် လီဒရိုင်ရင်းက ဆီးရီးယားတွင် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရေးအတွက် ပူးပေါင်းစဉ်းစားကြပါရန် ကမ္ဘာ့အသိုက်အဝန်းသို့ တိုက်တွန်းလိုက်သည်။

syria

(အစိုးရနှင့် လက်နက်ကိုင်ဆန့်ကျင်ရေးအုပ်စုများကြား ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း သေဆုံးရသည့် ကလးငယ်များ)

၎င်းက ပြင်သစ်၏ France 24 ရုပ်မြင်သံကြား အစီအစဉ်တွင် မိမိတို့ နိုင်ငံအနေဖြင့် ဆီးရီးယား၌ လေယာဉ်မပျံသန်းရဇုန် စစ်ဆင်ရေးတစ်ခု စတင်ပါက အပြည့်အဝ ပါဝင်ပူးပေါင်းမည်ဟု ပြောဆိုသွားသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း ဝါရင်တန်သည် ယခုအခြေအနေကို လေ့လာနေပြီး ပြင်သစ်၏ အဆိုကို အလေးအနက် စဉ်းစားထားကြောင်း ပြောကြားသွားသည်။ ဆီးရီးယားကို ထောက်ပံ့ပေးနေသည့် ရုရှားကမူ မိမိတို့သည် အာဆက်ဒ် အစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီး ဆီးရီးယား၏ ဓာတုလက်နက်တိုက်များ တည်ရှိမည့် နေရာကို အတည်ပြုနိုင်ရန် ကြိုးစားနေကြောင်း ပြောဆိုထားသည်။

syria

(တိုက်ခိုက်မှုများကြောင့် ပျက်စီးနေသည့် ဆီးရီးယားနိုင်ငံ အဇက်မြို့မှ ဗလီတစ်လုံး)

ဆီးရီးယား စစ်တပ်သည် ဒမတ်စကက် မြို့အနီးရှိ ဒါရာယာတွင် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ရဟတ်ယာဉ်များနှင့် တင့်ကားများကိုပါ အသုံးပြုခဲ့သည်။ ပြီးခဲ့သည့် (၂)ရက်အတွင်း ယင်းဒေသ အနီးတဝိုက်တွင် လူပေါင်း (၁၈)ဦးထက်မနည်း သေဆုံးခဲ့သလို ကြာသပတေးနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လက်နက်ကြီး ပစ်ခတ်မှုများ၊ အပြန်အလှန် တိုက်ပွဲများကြောင့် လူပေါင်း(၁၀၀)ကျော် သေဆုံးခဲ့ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment