Thursday 20 October 2011

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မထိုက်တန်တဲ့ ကိုဇာဂနာ

သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့)မှာ အကျဉ်းသားပေါင်း (၆၃၅၉)ယောက်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရက လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ပါတယ်။ အဲဒီလို လွတ်ငြိမ်း ချမ်းသာခွင့်ပေးတဲ့ အထဲမှာ တည်ဆဲ ဥပဒေကို ချိုးဖောက်တဲ့ အတွက် အကျဉ်းကျ နေသူတွေထဲက နိုင်ငံတော် တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်မှု မရှိဘူးလို့ ယူဆရတဲ့သူ၊ တစ်နည်းအားဖြင့်တော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ၊ ကျန်းမာရေး ချို့တဲ့သူတွေ၊ အသက်အရွယ် ကြီးရင့်သူတွေလည်း အများအပြား ပါဝင်ခဲ့ပါတယ်။
အဲဒီအထဲက လူပျက် ဇာဂနာလည်း ပါဝင်လာတာကို တွေ့ရပါတယ်။ ကိုဇာဂနာဟာ နိုင်ငံတော်က ပေးလိုက်တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက်လာလို့ နိုင်ငံတော်ကို ကျေးဇူးတင် စကားပြောလိမ့်မယ်လို့ ထင်ရင် မှားပါလိမ့်မည်။ မြန်မာ အစိုးရသစ်ရဲ့ အပြုသဘော ခြေလှမ်းတွေကို နိုင်ငံတကာကတောင် တအံ့တသြ ဖြစ်နေရတဲ့ အချိန်မှာ လူပျက် ဇာဂနာ ကတော့ အကျဉ်းထောင်က လွတ်လွတ်ခြင်းပဲ စောင့်ကြည့်ကြပါအုံး၊ သိပ်မယုံကြည်ဘူး၊ အကျဉ်းသားတွေကို အကုန် လွှတ်ပေးလိုက်ပါလား၊ ကိုယ့်အိပ်ကပ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ၊ ဖမ်းထားတဲ့သူတွေက သမ္မတဦးသိန်းစိန် လက်ထက်မှာ ဖမ်းထားတဲ့သူတွေ မဟုတ်ဘူး စတဲ့ စကားလုံးတွေနဲ့ မြန်မာအစိုးရသစ်နဲ့ ပြည်သူတွေu လက်နဲ့ရေးနေ တာကို ခြေနဲ့ဖျက် လုပ်လာတာ တွေ့ရပါတယ်။
အကျဉ်းထောင် အသီးသီးမှာ ကျန်းနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား မိတ်ဆွေတွေကို လိုက်လံအားပေးတဲ့ အလုပ်ကို ဒီနေ့ပဲ စလုပ်နေပြီလို့ ဇာဂနာက (၁၄.၁၁.၂၀၁၁)ရက်နေ့ ဒီဗွီဘီနဲ့ အင်တာဗျူး တစ်ခုမှာ ပြောသွားပါတယ်။ ထောင် အသီးသီးကို လှည့်ပြီး အားပေးတာတွေ လုပ်မယ့် အကြောင်းနဲ့ အခု ပစ္စည်းတွေ လာရောက် လှူဒါန်းထားတာတွေ ရှိနေပြီ လို့လည်း ပြောဆိုသွားပါတယ်။ ကိုယ်တိုင် လှူမယ့် ပစ္စည်းတွေယူပြီး လာရှိုး၊ တောင်ကြီးစတဲ့ မြို့တွေကို သွားမယ်၊ ထောင်ဝင်စာ တွေ့လို့မရရင်၊ ပါဆယ်ပေးမယ်၊ အားပေးတဲ့ သဘောနဲ့သွားမှာ ဖြစ်တယ်၊ သူတို့နောက်မှာ အမြဲရှိတယ် ဆိုတာ သိစေချင်တဲ့ သဘောပဲလို့လည်း ဆိုပါတယ်။
ဇာဂနာက သူစည်းရုံး ဦးဆောင်မယ့် ဒီအလုပ်မှာ အနုပညာရှင်တွေလည်း ပါတယ်၊ အနုပညာရှင်တွေ ဘယ်သူတွေ ဘယ်သူ တွေပါ ပါတယ်ဆိုပြီး ဇာဂနာက နာမည်နဲ့တကွ ပြောသွားတယ်၊ သူတို့တစ်တွေကလည်း ပါကြမယ်ပေါ့၊ အကြောင်းကြားလိုက်ရင် ကျန်တဲ့ အနုပညာရှင်တွေလည်း သူနဲ့အတူ ဝိုင်းဝန်းပါဝင်မယ်လို့ ယုံကြည်တယ်ဆိုပြီး အပိုင်သေချာတဲ့ ခိုင်ရွှေဝါပုံစံနဲ့ ပြောသွားပါတယ်။
သက်ဆိုင်ရာ ကာယကံရှင်တွေဖြစ်တဲ့ ရုပ်ရှင်နယ်ပယ်၊ ဂီတနယ်ပယ်နဲ့ အနုပညာနယ်ပယ်စုံက အနုပညာရှင်တွေ ကတော့ ဒီကိစ္စကို သူတို့ ဘာမှမသိရဘူး၊ ဇာဂနာက သူပါစေချင်လို့ သူ့သဘောနဲ့သူ ပြောတာသာ ဖြစ်တယ်လို့ မှတ်ချက် ပေးကြပါတယ်။
ဇာဂနာဟာ သူ့ကိုယ်သူ မေတ္တာရှင်ကြီးအလား၊ ကယ်တင်ရှင်ကြီးအလား ဂိုက်ဖမ်းနေပါတယ်။ တကယ်ကို ပြည်သူတွေ အပေါ် မေတ္တာထားတာလား၊ တကယ် အခက်အခဲရှိတဲ့ သူတွေကို ကူညီချင်တာလား၊ ကယ်တင်ရှင် ယောင်ဆောင် နေတာလား ဆိုတာတော့ ကာယကံရှင် ကိုယ်တိုင်သာ အသိဆုံး ဖြစ်ပါလိမ့်မယ်။ အခက်အခဲတွေက အကျဉ်းထောင် တွေထဲမှာတင် မဟုတ်ပါဘူး၊ တစ်ခြား နေရာတွေမှာလည်း ရှိနေပါတယ်။ မိဘကလေး တွေကို ကူညီမလား၊ ဘိုးဘွား ရိတ်သာ တွေကို လှူမလား။ ဇာဂနာ ကြည့်တတ်ရင် မြင်ပါလိမ့်မယ်။ ခေတ်သစ်၊ စနစ်သစ်ဆီကို မြန်မာအစိုးရသစ်နဲ့ မြန်မာပြည်သူတွေ ချီတက်တဲ့နေရာမှာ တစ်ထောင့် တစ်နေရာက ပါဝင်ဆောင်ရွက်နိုင်စေဖို့ အတွက် အကျဉ်းသားပေါင်း (၆၃၅၉)ကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ပါတယ်။ နိုင်ငံတော်အစိုးရက သဘောထားကြီးကြီးနဲ့ အခုလို လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့တာကို ဇာဂနာကတော့ ကျေးဇူးတင်စကား တစ်စုံတစ်ရာ ပြောခဲ့တာ မတွေ့ရဘဲ Hero ကြီးလုပ်ပြီး နာမည်ကြီးဖို့၊ စင်ပေါ်ရောက်ဖို့ အတွက်ကိုပဲ ဦးတည်ဆောင်ရွက်လာတာ တွေ့ရပါတယ်။ ဒီလိုရည်ရွယ်ချက်၊ ဒီလို လုပ်ဆောင်ချက် နဲ့တော့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ မတန်ဘူးလို့ပဲ ပွင့်ပွင့်လင်းလင်းပြောလိုက်ချင်ပါတယ်။
မျိုးဆက်သစ် 
ကျေးစေတမန်မှ ကူးယူဖော်ပြသည်။ 

No comments:

Post a Comment