Thursday, 13 February 2014

ဗိုလ်တထောင်၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်နှင့် ကမာရွတ်မြို့နယ်တို့တွင် တန်ဖိုးမျှတအိမ်ရာ၊ မြို့ပြအိမ်ရာစီမံကိန်းနှင့် အဆင့်မြင့် ယာဉ်ရပ်နားစခန်းများကို ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် အကျိုးတူလုပ်မည်

Photo: ဗိုလ်တထောင်၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်နှင့် ကမာရွတ်မြို့နယ်တို့တွင် တန်ဖိုးမျှတအိမ်ရာ၊ မြို့ပြအိမ်ရာစီမံကိန်းနှင့် အဆင့်မြင့် ယာဉ်ရပ်နားစခန်းများကို ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် အကျိုးတူလုပ်မည်
Thursday, February 13, 2014

ရန်ကုန်မြို့ရှိ ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်နှင့် ကမာရွတ်မြို့နယ်တို့တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်း၊ မြို့ပြအိမ်ရာ စီမံကိန်းနှင့် အဆင့်မြင့် ယာဉ်ရပ်နားစခန်း စီမံကိန်းများကို ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တင်ဒါများ စတင်ခေါ်ယူထားကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မြေဧရိယာ ၃ ဒသမ ၀၆၈ ဧကခန့်နှင့် ၄၅ လမ်းရှိ မြေဧရိယာ ၂ ဒသမ ၅၆၁ ဧကခန့်တို့တွင် မြို့ပြအိမ်ရာ စီမံကိန်းနှင့် ယာဉ်ရပ်နားစခန်း၊ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးလမ်းရှိ မြေဧရိယာ ၀ ဒသမ ၃၆၄ ဧကခန့်နှင့် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ၊ ပုလဲလမ်းနှင့် ဟံသာဝတီလမ်းထောင့်ရှိ မြေဧရိယာ ၁၀ ဒသမ ၉၃ ဧကခန့်တွင် မြို့ပြအိမ်ရာ စီမံကိန်းများ၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ရာဇဓိရာဇ်လမ်းရှိ မြေဧရိယာ ၄၀ ဒသမ ၄၉၃ ဧကခန့်တွင် မြို့ပြအိမ်ရာ စီမံကိန်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြေဧရိယာ ၁၁ ဧကခန့်တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်း၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနှင့် ထန်းတပင်လမ်းထောင့်ရှိ မြေ ၀ ဒသမ ၁၀၃ ဧကတွင် အဆင့်မြင့် ယာဉ်ရပ်နားစခန်း အဆောက်အအုံ စီမံကိန်းတို့အား အကျိုးတူဆောင်ရွက်ရန် တင်ဒါခေါ်ယူထားခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းများအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အတည်ပြုသည့် အစီအစဉ်များနှင့်အညီ တည်ဆောက်လုပ်ကိုင်ရမည်ဖြစ်ပြီး တင်ဒါစာရွက်စာတမ်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)တွင် ဖေဖော်ဝါရီ ၂၅ ရက်မှစတင်၍ ရုံးချိန်အတွင်း ၀ယ်ယူနိုင်သည်ဟု သိရသည်။

တင်ဒါသွင်းမည်ဆိုပါက အာမခံစပေါ်ငွေများ တင်ထားရမည်ဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တို့ရှိ မြို့ပြအိမ်ရာ စီမံကိန်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများအတွက် အာမခံစပေါ်ငွေ ဒေါ်လာငါးသောင်းတန်ဖိုး၊ ကျန်စီမံကိန်းများအတွက် အာမခံစပေါ်ငွေ ဒေါ်လာတစ်သိန်းရှိ ဘဏ်အာမခံ ပါရှိရမည်ဖြစ်ပြီး မတ် ၃၁ ရက်မတိုင်မီ သွင်းရမည်ဖြစ်ကာ တင်ဒါဖွင့်ခြင်းကို တင်ဒါတင်သွင်းသူ ကိုယ်စားလှယ်များရှေ့မှောက်တွင် ပြုလုပ်မည်ဟု ကြေညာထားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့ ဒုတိယဗဟိုစီးပွားရေးဇုန် စီမံကိန်း(မင်းဓမ္မ)နှင့် မင်္ဂလာတောင်ညွန့် စီးပွားရေး အဆောက်အအုံ စီမံကိန်းတို့အတွက်လည်း ၂၀၁၃ စက်တင်ဘာလအတွင်းက တင်ဒါများခေါ်ယူခဲ့ပြီး ယင်းတင်ဒါအတွက် ပြည်တွင်းရှိ နာမည်ကြီးကုမ္ပဏီများဖြစ်သော Capital Development Co.Ltd, A1 Construction, Asia Picific Construction, Ayeyar Hin Thar Construction, Yangon Engineering Group, New Innovation Co.Ltd, Ga Mone Pwint Co.Ltd, IGE Co.Ltd စသည့် ကုမ္ပဏီများက စိတ်ဝင်စားခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်တွင် တင်ဒါပိတ်ခဲ့သည်။

ယင်းသို့တင်ဒါပိတ်ပြီး ဖြစ်သော်လည်း တင်ဒါတင်သွင်းသည့် ကုမ္ပဏီအရေအတွက်နှင့် မည်သည့်ကုမ္ပဏီများ တင်ဒါတင်သွင်းခဲ့သည်ကို ထုတ်ပြန်၍ မရနိုင်သေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (အဆောက်အအုံ)ဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။  

Eleven Media Group

ရန်ကုန်မြို့တော်အတွင်းရှိ တိုက်တာအဆောက်အအုံများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့တော်အတွင်းရှိ တိုက်တာအဆောက်အအုံများအား တွေ့ရစဉ်
 (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့ရှိ ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်နှင့် ကမာရွတ်မြို့နယ်တို့တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်း၊ မြို့ပြအိမ်ရာ စီမံကိန်းနှင့် အဆင့်မြင့် ယာဉ်ရပ်နားစခန်း စီမံကိန်းများကို ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တင်ဒါများ စတင်ခေါ်ယူထားကြောင်း သိရသည်။

KIA ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာမှ ဒေသခံရှမ်းလူမျိုးတစ်ဦး ပြင်းထန်းစွာ ဒဏ်ရာရရှိ

Photo: KIA ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာမှ ဒေသခံရှမ်းလူမျိုးတစ်ဦး ပြင်းထန်းစွာ ဒဏ်ရာရရှိ
Thursday, February 13, 2014

ကချင်ပြည်နယ် တနိုင်းမြို့နယ် အင်ဂါးဂါးစခန်းနှင့် ပယင်းမှော်သွားလမ်းဘေးရှိ ဝေလော်ကျေးရွာအနီးတွင် ယမန်နေ့မနက် ၈ နာရီခန့်က ဒေသခံရှမ်းလူမျိုးတစ်ဦး KIA အဖွဲ့ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲရာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သိရသည်။

``မိုင်းကွဲသံကြားတာကတော့ မနက်ရှစ်နာရီလောက်ပဲ၊ ဝေလော်ရွာက ရှမ်းတစ်ယောက်လို့တော့ သိရတယ်။ ဒါပေမယ့် အဲဒီမိုင်းထိလူနာကို KIA အဖွဲ့က ဘာမှ လုပ်မပေးဘူးလို့ ကြားတယ်´´ ဟု ပယင်းမှော်တွင် ကျင်းသားအဖြစ် အလုပ်လုပ်နေသော ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ မိုင်းထိလူနာအား KIA အဖွဲ့မှ ဆေးဝါးကုသဖို့ထက် ဒေသခံရှမ်းလူမျိုးများ သိမှာကို စိုးရိမ်သည့်အတွက် အင်ဂါးဂါးစခန်းတွင် ဆေးကုသမှုမပေးဘဲ ရွာထဲတွင် ဆေးမြီးတိုဖြင့်ကုသရန် ပြောဆိုခဲ့ကြောင်း ယင်းရွာသား တစ်ဦး၏ ပြောပြချက်အရ သိရသည်။

``တကယ်ဆိုရင် သူတို့ထောင်ထားတဲ့မိုင်းကို နင်းမိတာလေ။ အင်ဂါးဂါးစခန်းနဲ့ နီးနီးလေးပါ။ စခန်းမှာ မိုင်းထိ ဒဏ်ရာကို ကုသပေးရမှာပေါ့။ ခုတော့ သူတို့နဲ့ မဆိုင်သလို လုပ်နေတယ်။ ရှမ်းတွေကို KIA က ရည်ရွယ်ချက် ရှိရှိ နှိပ်စက်တယ်ဆိုတာ မြင်သာပါတယ်´´ ဟု ဝေလော်ရွာသား ကိုစိုင်းမိန်းက ပြောကြားသည်။

မိုင်းထိလူနာမှာ KIA ၏ ထိန်းချုပ်ခြိမ်းခြောက်မှုကြောင့် မိုင်းထိဒဏ်ရာအား ဆေးရုံသို့ သွားရောက်ကုသခွင့် မရကြောင်း၊ KIA အနေဖြင့်လည်း မိုင်းထိလူနာအတွက် ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းတစ်စုံတစ်ရာမျှ လာရောက်ပံ့ပိုးပေးခြင်းမရှိကြောင်း ယင်းရွာသားအချို့ထံမှ သိရသည်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)မှ တာဝန်ရှိသူတစ်ဦးက``KIA ရဲ့ လုပ်ရပ်က တော်တော် အောက်တန်းကျပါတယ်။ အဲဒီပတ်ဝန်းကျင်မှာ သူတို့အဖွဲ့ပဲ မိုင်းထောင်ထားတာ၊ ရွာသားတွေက စားဝတ် နေရေးအတွက် သွားလာလှုပ်ရှားရမှာပဲလေ။ အခုမိုင်းနင်းမိတော့ မိသားစုက ဘ၀ပျက်ပြီပေါ့။ ဆေးလည်း ကုမပေးဘူး။ ဆေးကုသစရိတ်လည်း မပေးတဲ့အပြင် ဆေးကုခွင့်တောင်မပြုဘူးဆိုတော့ ကျွန်တော်တို့ ရှမ်း တွေကို KIA က သက်သက်မဲ့ အနိုင်ကျင့်တယ်ဆိုတာ ထင်ရှားနေတာပဲ။ ဒီလိုသာဆက်ပြီး အနိုင်ကျင့် နေမယ်ဆိုရင် ကျွန်တော်တို့ ရှမ်းတွေကလည်း ပြည်သူ့စစ်ဖွဲ့ပြီး လက်နက်ကိုင်ဖို့ လုပ်ရတော့မယ်၊ ဒါမှသူတို့ အနိုင်ကျင့်တာမခံ ရမှာ ´´ ဟု ပြောကြားသွားခဲ့သည်။

စိုင်းအောင်ဝင်း

ဓါတ်ပုံ - KIA အသုံးပြုနေသော မိုင်းများ
ဓါတ်ပုံ - KIA အသုံးပြုနေသော မိုင်းများ
ကချင်ပြည်နယ် တနိုင်းမြို့နယ် အင်ဂါးဂါးစခန်းနှင့် ပယင်းမှော်သွားလမ်းဘေးရှိ ဝေလော်ကျေးရွာအနီးတွင် ယမန်နေ့မနက် ၈ နာရီခန့်က ဒေသခံရှမ်းလူမျိုးတစ်ဦး KIA အဖွဲ့ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲရာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သိရသည်။

“၀” တပ်သား ၃၀ ဦးအား ရဟတ်ယာဉ်မောင်းသင်တန်းတက်ရန် တရုတ်နိုင်ငံသို့ စေလွှတ်မည်ဆိုသောသတင်း UWSA ငြင်းဆို

Photo: “၀” တပ်သား ၃၀ ဦးအား ရဟတ်ယာဉ်မောင်းသင်တန်းတက်ရန် တရုတ်နိုင်ငံသို့ စေလွှတ်မည်ဆိုသောသတင်း UWSA ငြင်းဆို
Thursday, February 13, 2014

“ဝ” တပ်သား ၃ဝ ဦးအား တရုတ်နိုင်ငံသို့ စေလွှတ်၍ ရဟတ်ယာဉ်မောင်းသင်တန်းတက်ရန် စေလွှတ်မည့်သတင်းမမှန်ကြောင်း “ဝ” သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦး အောင်မြင့်က ဖေဖော်ဝါရီ ၁၂ ရက်တွင် ငြင်းဆိုခဲ့သည်။

“ဝ” တပ်သားများအား ရဟတ်ယာဉ်မောင်းသင်ရန် တရုတ်သို့ စေလွှတ်မည့်သတင်းကို ဖေဖော်ဝါရီ ၁၁ ရက်က ဧရာဝတီသတင်းဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ထိုသတင်း၌ UWSP/ UWSA ဌာနချုပ် ပန်ဆန်းသို့ ရောက်ရှိခဲ့ကြသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးနှင့် ပန်ဆန်းမြို့သို့ သွားရောက်လည်ပတ်ခဲ့သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အရာရှိတစ်ဦးတို့၏ ပြောဆိုချက်များကို ကိုးကားပြီး ဖော်ပြခဲ့ခြင်းဖြစ်သည်။ “ဝ” တပ်သားများအား တရုတ်သို့စေလွှတ်မည့်ကိစ္စအား UWSA ခေါင်းဆောင်ပိုင်းများထံမှ သိရှိခဲ့ရသည်ဟု  ဧရာဝတီသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ထိုကိစ္စရပ်နှင့် ပတ်သက်၍  UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကို ဖေဖော်ဝါရီ ၁၂ ရက်တွင် The Daily Eleven က ဆက်သွယ်မေးမြန်းရာ ထွက်ပေါ်နေသောသတင်းများ မှန်ကန်မှုမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“ရဟတ်ယာဉ်မောင်းဖို့ ပိုင်းလော့တွေ ပညာသင်ဖို့သွားမယ်ဆိုတာ၊ ကျွန်တော်တို့ ဒီကတက္ကသိုလ်အောင်တဲ့သူတောင် မရှိဘူး။ ဘယ်လိုသွားသင်မလဲ။ ဘယ်လိုသွားမောင်းမလဲ” ဟု ဦးအောင်မြင့်က ဆိုသည်။

ထို့ပြင် ယင်းကိစ္စကို စတင်ပြောကြားခဲ့သူများကိုလည်း ပြန်မေးသင့်ကြောင်း ၎င်းက ပြောကြားသည်။

“ပြောတဲ့သူတွေကို ပြန်မေးကြည့်ပါလား။ ကျွန်တော်ကတော့ သေချာမသိဘူး။  ကျွန်တော်တို့ ဒီမှာကတော့ ဖော်ကာ ငယ်ငယ်လေး တစ်စင်းရှိတယ်။ ရဟတ်ယာဉ် တစ်စင်းရှိတယ်။ နောက်မော်တော်ဘုတ် တစ်စင်း ရှိတယ်။ ဒါကဥယျာဉ်မှာ ပြဖို့ထားဖို့။  ကျွန်တော်တို့ ဒေသခံပြည်သူတွေက သိတဲ့အတိုင်းပဲလေ။ နယ်စပ်ဒေသဆိုတော့ အပေါ်မှာပျံနေတာ၊ ပြေးနေတာပဲ တွေ့နေသိနေတယ်။ ရုပ်ရှင်မှာပဲ တွေ့တာရှိတယ်။ လက်တွေ့ ဘယ်သူမှ မတွေ့ဖူးဘူး။ ဒါကြောင့်မို့ ဒီဟာကို ဥယျာဉ်ထဲမှာထားဖို့၊ လုပ်ဖို့ထားတာ” ဟု ဦးအောင်မြင့်က ပြောကြားသည်။

၂ဝ၁၃ ခုနှစ် ဧပြီ ၂၉ ရက်က “ဝ” သွေးစည်းညီညွတ်ရေးတပ်မတော်သည် တရုတ် ထံမှ TY 90  ဝေဟင်ပစ်ဒုံးကျည် တပ်ဆင်ထားသော Mi 70 အမျိုးအစား စစ်ရဟတ်ယာဉ်ငါးစင်း ရရှိခဲ့သည်ဟု Janes Inte- lligence  ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။  
ထိုသို့ ပေးပို့လိုက်သည့် ရဟတ်ယာဉ်သည် ငါးစင်းဖြစ်သော်လည်း အစိုးရသတင်းရင်းမြစ်တစ်ခု၏ အဆိုအရ နှစ်စင်းသာဖြစ်ကြောင်းနှင့် ထိုရဟတ်ယာဉ်များကို တရုတ်နိုင်ငံမှ တိုက်ရိုက်တင်ပို့ခြင်းမဟုတ်ဘဲ လာအိုမှတစ်ဆင့် မဲခေါင်မြစ်ကို ဖြတ်သန်းကာ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု Janes Inte- lligence က ဖော်ပြသည်။

သို့သော် ထိုသတင်းကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် UWSP/UWSA  တို့က ငြင်းဆိုခဲ့သည်။

သို့သော် မြန်မာ့အရေးကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး UWSA  သတင်းများကို အတွင်းကျကျသိရှိထားသူ ဆွီဒင်ဂျာနယ်လစ် ဘာတေးလစ်တနာက ၎င်း၏အတွေ့အကြုံနှင့် သိရှိထားသောအချက်အလက်များအရ သတင်းမှန်ကန်သည်ဟု The Daily Eleven  သို့ ပြောကြားသည်။

ထိုအချိန်နောက်ပိုင်းတွင် UWSA  ဘက်က ရဟတ်ယာဉ်ဝယ်ယူသည့် သတင်းမှန်ကြောင်း၊ ထိုရဟတ်ယာဉ်များမှာ အင်ဂျင်မပါသော ရဟတ်ယာဉ်များသာဖြစ်ပြီး ထိုရဟတ်ယာဉ်နှင့်အတူ ဝယ်ယူထားသော အင်ဂျင်မပါသော သင်္ဘောတစ်စင်းကို အများပြည်သူ ကြည့်ရှုနိုင်ရန် ပန်းခြံ၌ပြထားရန် ရည်ရွယ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

၂ဝ၁၃ ခုနှစ် မေလအတွင်းမှာပင် UW SP/UWSA  ၏ နိုင်ငံခြားဆက်ဆံရေးဌာန  ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းက UWSA  ၏ စစ်အင်အားအခြေအနေနှင့် ၎င်းတို့ကိုထိပါးလာမည်ဆိုက လက်တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သဖြင့် ဦးဆမ်ခွန်းကို UWSP  ပေါ်လစ်ဗျူရိုအကြီးအကဲများက ခေါ်ယူသတိပေးခဲ့ပြီး ရာထူးတစ်ဆင့်နိမ့် အရေးယူခြင်းများ ရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီလအတွင်းက UWSP ၏ ပေါ်လစ်ဗျူရိုအစည်းအဝေးပြုလုပ်ခဲ့ပြီး ပါတီဗဟိုကော်မတီအတွင်း အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း ဦးအောင်မြင့်က အတည်ပြုခဲ့သည်။

“ကျွန်တော်တို့ ဗဟိုကော်မတီတစ်ခုလုံးကို အကုန်ပြန်ပြီးတော့ ပြန်ပြင်ဖွဲ့ပါတယ်။ လူသစ်တွေ အပါအဝင်၊ လူငယ်တွေလည်း အပါအဝင်၊ သူတို့လည်းဦးစီးလုပ်ငန်းမှာ အတွေ့အကြုံရအောင်ပေါ့။ ဒီလူတွေကိုလည်း တော်တော်များများ တင်မြှောက်ထားပါတယ်” ဟု ဦးအောင်မြင့်က ပြောကြားသည်။

The Daily Eleven က စုံစမ်းသိရှိခဲ့ရသော အချက်အလက်များအရ UWSP ၏ ပေါ်လစ်ဗျူရို အစည်းအဝေးတွင် ဗဟိုကော်မတီဝင် ကျောက်ဝင်ကွမ်း၊ အတိုင်ပင်ခံ ကော်မတီဥက္က| ဗိုလ်လိုက်ခမ်းနှင့် ဒေသအုပ်ချုပ်ရေး ဒုတိယအကြီးအကဲ  ဦးဘောင်တင်းတို့ကို ရာထူးမှ အနားပေးလိုက်ကြောင်း သိရသည်။

ဗိုလ်လိုက်ခမ်းနှင့် ဦးဘောင်တင်းတို့မှာ ပြည်တွင်းမှတစ်ဆင့်  UWSP  သို့ ရောက်ရှိပြီး ကာလရှည်ကြာ တာဝန်ထမ်းဆောင်နေသူများ ဖြစ်သည်။

ထို့နောက် ပေါ်လစ်ဗျူရို ဗဟိုကော်မတီတွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရာ၌ အဓိကပါဝင်ဆောင်ရွက်နေသူ  ကျောက်ကော့အန်းနှင့် ပေါက်ယိုလျံတို့ နှစ်ဦးကို အစားထိုးခန့်အပ်လိုက်သည်။ ထိုသို့အစားထိုးခန့်အပ်လိုက်သူ နှစ်ဦးမှာ တရုတ်နိုင်ငံ၌ မွေးဖွားခဲ့သူများဖြစ်သည်။

ထို့ပြင် ဗဟိုကော်မတီတွင် လူငယ်တပ်မဟာမှူး ငါးဦးခန့်ကိုလည်း တာဝန်ပေးလိုက်ကာ ထိုသူများထဲတွင် “ဝ” တောင်ပိုင်းဒေသတွင် တာဝန်ထမ်းဆောင်နေသူများ ပါဝင်သည့် အပြင် UWSA  ၏ ဒုတိယစစ်ဦးစီးချုပ် စိုင်းဆမ်လည်း ဗဟိုကော်မတီ တွင် ပါဝင်ခဲ့ကြောင်း သိရသည်။  

ဗဟိုကော်မတီ အစည်းအဝေး၌ ဗဟိုကော်မတီဝင်များကို ပြန်ပြင်ဖွဲ့ခြင်းအပါအဝင် ဆုံးဖြတ်ချက်လေးရပ်ကို ချမှတ်ခဲ့ကြောင်း ဦးအောင်မြင့်က ဆိုသည်။

“နိုင်ငံတော်အခြေအနေတစ်ခုလုံးနဲ့ ပတ်သက်လို့ အခြေအနေ၊ သုံးသပ်ချက်ကို ဗဟိုမှာတင်ပြချက်၊ ဆုံးဖြတ်ချက်ယူတာ ရှိတယ်။ ဒုတိယတစ်ခုပေါ့။ တတိယကတော့ ကျွန်တော်တို့ဒေသမှာ ထုတ်လုပ်နေတဲ့ သတ္တုတွေနဲ့ ပတ်သက်လို့ပေါ့။ ပြန်ပြီးတော့ ကုမ္ပဏီတွေကပဲ ဖြစ်စေ။ လုပ်တဲ့အခါမှာ  စည်းမရှိကမ်းမရှိဘဲ လုပ်တဲ့ဟာ။ ဒါကြောင့်မို့ အကုန်ဖျက်သိမ်းပြီးတော့ အကုန်ပြန်ပြီးတော့ အဖွဲ့အစည်းကနေပြီးတော့ ပြန်ပြီးလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်တစ်ခုကတော့ ဥက္ကဌကြီးရဲ့ မိန့်ခွန်းပေါ့။ ဒါကတော့ ပုံမှန်ပေါ့။ အဓိကဆုံး ဖြတ်ချက် လေးခုရှိပါတယ်” ဟု ဦးအောင်မြင့်က ပြောကြားသည်။

UWSP/UWSA  သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် စစ်အင်အားအကြီးမားဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်သည်အင်အား ၃ဝဝဝဝ နီးပါးရှိနေကာ ၂ဝ၁၁ ခုနှစ်အတွင်းက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးထားသည်။

“ဝ” တပ်သား ၃ဝ အား  ရဟတ်ယာဉ်မောင်းသင်ရန် တရုတ်သို့စေလွှတ်မည့် သတင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ခံဖြေကြားမည့်သူ မရှိခဲ့ပေ။  ပုံမှန်အားဖြင့်မူ UWSA အတွက် လိုအပ်သော စစ်သင်တန်းများကို တရုတ်ထောက်လှမ်းရေးများက သင်ကြားပို့ချပေးသည်ဆိုသော သတင်းများမှာ ကာလအတန်ကြာကပင် ထွက်ပေါ်ခဲ့ပြီး ဖြစ်သည်။

Eleven Media Group

၂၀၁၂ ခုနှစ် ဧပြီ ၁၇ ရက်က ပြုလုပ်သည့် “၀” သွေးစည်းညီညွတ်ရေးပါတီ တည်ထောင်မှု ၂၃ နှစ်ပြည့် အခမ်းအနား၌ စစ်ရေးပြနေသော “၀” တပ်ဖွဲ့ဝင်များ
၂၀၁၂ ခုနှစ် ဧပြီ ၁၇ ရက်က ပြုလုပ်သည့် “၀” သွေးစည်းညီညွတ်ရေးပါတီ တည်ထောင်မှု 
၂၃ နှစ်ပြည့် အခမ်းအနား၌ စစ်ရေးပြနေသော “၀” တပ်ဖွဲ့ဝင်များ
“ဝ” တပ်သား ၃ဝ ဦးအား တရုတ်နိုင်ငံသို့ စေလွှတ်၍ ရဟတ်ယာဉ်မောင်းသင်တန်းတက်ရန် စေလွှတ်မည့် သတင်းမမှန်ကြောင်း “ဝ” သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦး အောင်မြင့် က ဖေဖော်ဝါရီ ၁၂ ရက်တွင် ငြင်းဆိုခဲ့သည်။

အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး မြှင့်တင်ရန်အတွက် ကြိုးပမ်းမှုအားလုံးကို ထောက်ခံသွားမည်ဟု ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သော သ၀ဏ်လွှာတွင် သမ္မတဦးသိန်းစိန်ပြောကြား

ဖေဖော်ဝါရီ ၁၂ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့
အခမ်းအနားကို တွေ့ရစဉ်
နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး မြှင့်တင်သွားရန်အတွက် ကြိုးပမ်းမှုအားလုံးကို အင်တိုက်အားတိုက် ထောက်ခံသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော ၎င်း၏သ၀ဏ်လွှာတွင် ထည့်သွင်းပြောကြားသည်။

အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင် စီမံကိန်းချထားမှုများအား လွှတ်တော်ကိုယ်စားလှယ်များ ကြည့်နိုင်သလောက် အလွဲများတွေ့နိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းပြောကြား

အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင် ၀န်ကြီးဌာနများ၏ စီမံကိန်းလျာထားမှုများကို လွှတ်တော် ကိုယ်စား လှယ်များကြည့်ရင် ကြည့်နိုင်သလောက် အလွဲများ ထပ်မံတွေ့နိုင်ကြောင်း သာပေါင်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တားနား ဖေဖော်ဝါရီ ၁၄ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာသောမတ်စ်ကင်တားနားသည် ပြဿနာ များနှင့် ကြုံတွေ့နေရသည့် ရခိုင်ပြည်နယ်တွင် အစိုးရက လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်မှုများ အခြေ အနေ တိုးတက်မှုရှိမရှိ ဆန်းစစ်နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၁၄ ရက်တွင် လာရောက် မည်ဖြစ် သည်ဟု Channel News သတင်းမီဒီယာ၏ ဖော်ပြထားချက်အရ သိရသည်။

ပြည်ထောင်စုအား စတင်ဖွဲ့စည်းစဉ်က သဘောတူချမှတ်ခဲ့သည့် ပြည်ထောင်စုပုံစံမျိုး ဖွဲ့စည်းထူထောင်နိုင်ခြင်း မရှိသေး၍ ဆက်လက်ကြိုးစားရဦးမည်ဟု UNA ထုတ်ပြန်

ပြည်ထောင်စုအား စတင်ဖွဲ့စည်းစဉ်က သဘောတူချမှတ်ခဲ့သည့် ပြည်ထောင်စုပုံစံမျိုး ဖွဲ့စည်း ထူထောင်နိုင်ခြင်း မရှိသေးသည့်အတွက် ဆက်လက်ကြိုးစားရဦးမည်ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)က ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာ့စာနယ်ဇင်း လွတ်လပ်ခွင့် တိုးတက်မှု ယခင်နှစ်ကထက် တုံ့နှေးသွားဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ World Press Freedom Index 2014 အစီရင်ခံစာတွင်ဖော်ပြ

၂ဝ၁၄ ခုနှစ်အတွက် World Press Freedom Index ကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Reporters Without Borders-RSF) က ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၈ဝ အနက် အဆင့် ၁၄၅ ရှိခဲ့သော်လည်း ၂ဝ၁၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်း တုံ့နှေးသွားကြောင်း သိရသည်။

ABSDF တာဝန်ရှိသူများ အနေဖြင့် စွပ်စွဲခံခဲ့ရသူများနှင့် စစ်ကြောရေး လုပ်ခဲ့သူများအား တွေ့ဆုံဖြေရှင်းနိုင်သည့်ပုံစံမျိုး ဖန်တီးပေးရန် မြောက်ပိုင်းပြန်များတောင်းဆို

၁၉၉၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က ထောက်လှမ်းရေးများဟု စွပ်စွဲကာ သတ်ဖြတ်ခံခဲ့ရသည့် ကျောင်းသားလူငယ်များအတွက် အမှတ်တရပွဲကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာ လမ်းမပေါ်ရှိ ကျိုက္ကဆံ-ဓမ္မပီယကျောင်းတိုက်တွင် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီမှ စတင်ကျင်းပခဲ့ရာ ထိုပွဲသို့ တက်ရောက်လာသော မြောက်ပိုင်းပြန်ကျောင်းသားများက ABSDF မှ ဖွဲ့စည်းထားသည့် အမှန်တရားပေါ်ပေါက်ရေး ကော်မတီအနေနှင့် ကျောင်းသားများအား ထောက်လှမ်းရေးဟုစွပ်စွဲကာ သတ်ဖြတ်ခဲ့သည့် တာဝန်ရှိသူများနှင့် စွပ်စွဲနှိပ်စက် ခံခဲ့ရသူများအား တွေ့ဆုံဖြေရှင်းနိုင်စေရန် စီစဉ်ပေးဖို့ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အမျိုးသားလွှတ်တော် အတည်ပြု

ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အမျိုးသား လွှတ်တော်က အတည်ပြုခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အခြေခံမပါဘဲ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အသက်မ၀င်နိုင်ဟု ပြည်ထောင်စုနေ့တွင် NLD ထုတ်ပြန်

Photo: ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အခြေခံမပါဘဲ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အသက်မ၀င်နိုင်ဟု ပြည်ထောင်စုနေ့တွင် NLD ထုတ်ပြန်
Thursday, February 13, 2014

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အခြေခံမပါဘဲ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှသည် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများ အသက်မ၀င်နိုင်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၁၂ ရက်က ရန်ကုန်မြို့ရှိ ဒို့ရိုးရာစားသောက်ဆိုင်၌ ပြုလုပ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ၌ ယင်းကဲ့သို့ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခြေခံသည့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့သည် အဓိကအကျဆုံး လက်ငင်းစိန်ခေါ်ချက်ဖြစ်ကြောင်း၊ ယင်းစိန်ခေါ်ချက်နှစ်ရပ်သည် အသွင်သဏ္ဌာန်အားဖြင့် ကွဲပြားနေစေကာမူ အနှစ်သာရအားဖြင့် တစ်ခုတည်းသာဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ စိန်ခေါ်ချက် အားလုံးသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပင်မရေစီးအတွင်းသို့ ပေါင်းဆုံကြရမည်သာဖြစ်ကြောင်း စသည်ဖြင့် ကြေညာချက်တွင် ဖော်ပြထားသည်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်တွေကို ခြုံလိုက်ရင် ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ်ဖြစ်သည့် ‘စစ်တပ်သည် ပြည်သူ့လွှတ်တော်ကို ဘယ်တော့မှ မလွှမ်းမိုးရ၊ ပြည်သူ့လွှတ်တော်ကသာ စစ်တပ်ကို လွှမ်းမိုးစေရမည်’ ဆိုသည့် သဘောတရားကို ဖျက်ဆီးကာ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဖြစ်ရမည့် အစဉ်အလာကောင်းများကိုပါ ဖျက်သိမ်းလျက် တပ်မတော်သာအမိ၊ တပ်မတော်သာအဖဆိုသည့် သဘောထားကို အခိုင်အမာ ဆုပ်ကိုင်ထားတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များကို ပယ်သင့်တာပယ်၊ ဖြုတ်သင့်တာဖြုတ်၊ နှုတ်သင့်တာနှုတ်၊ ဖြည့်သင့်တာဖြည့်၊ အစားထိုးသင့်တာ ပြင်ဆင်အစားထိုးခြင်းဖြင့် ပြောင်းလဲပစ်ကြရမှာ အမှန်ဖြစ်ပါတယ်” ဟု အဆိုပါအခမ်းအနားတွင် သဘာပတိမိန့်ခွန်းပြောကြားရာ၌ NLD နာယက ဦးတင်ဦးက ထည့်သွင်းပြောကြားသည်။

နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် တပ်မတော်အပါအ၀င် ပြည်သူလူထု တစ်ရပ်လုံး၏ အင်အားသည် အဓိကဖြစ်သည်ကို ဒီမိုကရေစီစနစ်ဖြင့် ထူထောင်သော နိုင်ငံ၏ အစဉ်အလာကောင်းဖြစ်ကြောင်း၊ အပြန်အလှန် ထိန်းကျောင်းပြုပြင်ခြင်း နားလည်မှုရှိလျှင် ပိုမို၍ တပ်မတော်နှင့် တိုင်းရင်းသားများသည် အစဉ်ကြည်ဖြူကြမည်ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ရန် တင်းကျပ်လွန်းသည့် အချက်များကို ပြောင်းလဲပစ်ကာ ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရန် စသည်ဖြင့်လည်း ကာချုပ်ဟောင်း တစ်ဦးလည်းဖြစ်သည့် ဦးတင်ဦးက ပြောကြားသည်။    

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်နိုင်ရေးအတွက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ညှိနှိုင်းမှုများ ပြုလုပ်နေပြီး လာမည့်မတ်လအတွင်း ဘားအံမြို့၌ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန်ရှိကြောင်း သိရသည်။

အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံအနှံ့ သွားရောက်ကာ ပြည်သူ့ဆန္ဒသဘောထား ကောက်ယူခြင်းနှင့် အဆိုပါဥပဒေ၏ အားနည်းချက်များကို လိုက်လံဟောပြောမှုများ ပြုလုပ်နေပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်လည်း ပူးပေါင်းလုပ်ဆောင်သွားရန် သဘောတူထားကြောင်း သိရသည်။ 

Eleven Media Group

ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော်၌ပြုလုပ်သော (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်၍ နိုင်ငံတော်အလံအား အလေးပြုစဉ်
ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော်၌ပြုလုပ်သော (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း 
တက်ရောက်၍ နိုင်ငံတော်အလံအား အလေးပြုစဉ်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အခြေခံမပါဘဲ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှ သည် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများ အသက်မ၀င်နိုင်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ထုတ်ပြန်ခဲ့သည်။

ခင်ဦးမြို့တွင် တရားစီရင်ရေး မမျှတမှုများနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများကို ဒေသခံပြည်သူများ ထပ်မံဆန္ဒပြ

ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ငွေကြေးနှင့် အာဏာ အလွဲသုံးစားမှုများကြောင့် အုပ်ချုပ်ရေးပိုင်း တာဝန် ရှိသူများကို ဒေသခံ ၁၅၀ ခန့်က ဖေဖော်ဝါရီ ၁၁၊ ၁၂ ရက်များက ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်း ရရှိသည်။

လျှို့ဝှက်လက်နက်စက်ရုံ ဆောင်းပါးကိစ္စနှင့် ပတ်သက်ပြီး ယူနတီဂျာနယ်မှ ယာဉ်မောင်းကို ခေါ်ယူစစ်ဆေးမေးမြန်း

လျှို့ဝှက်လက်နက်စက်ရုံ ဆောင်းပါးကိစ္စနှင့် ပတ်သက်ပြီး ယူနတီဂျာနယ်မှ ယာဉ်မောင်းဦးမျိုးကိုအား သက် ဆိုင်ရာက ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က ခေါ်ဆောင်သွားခဲ့ကြောင်း ယူနတီ ဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်း၏ ပြောရေးဆိုခွင့်ရှိသူ ကိုသီဟအောင်က ပြောကြားသည်။

သဲကုန်းမှာ ဆန္ဒပြလယ်သမား ခေါင်းဆောင်တွေကို တရားစွဲဆို

Photo: သဲကုန်းမှာ ဆန္ဒပြလယ်သမား ခေါင်းဆောင်တွေကို တရားစွဲဆို
Thursday, February 13, 2014

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ လယ်မြေဧက ငါးထောင်ကျော်ကို ပြန်ပေးဖို့အတွက် ဒေသခံလယ်သမား ၅၀ လောက် သပိတ်စခန်းဖွင့် ဆန္ဒပြနေရာမှာ အဲဒီသပိတ်စခန်းကို ဦးဆောင်တဲ့ လယ်သမား ၃ ယောက်နဲ့ အကူအညီပေးနေသူ ၁ ဦး၊ စုစုပေါင်း ၄ဦးကို တရားမ၀င် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ သဲကုန်းမြို့နယ် ရဲစခန်းက ဒီနေ့ တရားစွဲလိုက်ပါတယ်။

မနေ့ကစပြီး ဒေသခံ လယ်သမား ၅၀ လောက်ဟာ သဲကုန်းမြို့ပေါ်မှာ သပိတ်စခန်းဖွင့်လှစ် တောင်းဆိုနေတာဖြစ်ပြီး လယ်မြေတွေပြန်မရမချင်း ဆက်လက်တောင်းဆိုသွားမယ်လို့ တရားစွဲခံရတဲ့တောင်သူ ကိုပေါက်စက ပြောပါတယ်။

“ကျနော်တို့လယ်ယာမြေတွေ ပြန်မရမခြင်း ဒီသပိတ်စခန်းကို နောက်မဆုတ်ပေးနိုင်ဘူး၊ ကျနော်တို့ကို ပုဒ်မ ၁၈ နဲ့ ဖမ်းလည်း ကျနော်တို့က ဆက်လုပ်သွားမယ်လို့ သူတို့ကို တောင်းဆိုထားပါတယ်၊ မနေ့က ရဲအုပ်က ကျနော်တို့ကို ဆရာတော်ကြီးရဲ့ တရားပွဲရှိနေတဲ့အတွက် နောက်ဆုတ်ခိုင်းတယ်၊ ကျနော်တို့ နောက်မဆုတ်နိုင်ဘူး၊ သပိတ်စခန်းက တောင်သူတွေ လယ်ယာမြေ ပြန်မရမချင်း နောက်မဆုတ်ဘူးလို့ ကတိပေးထားပါတယ်”

သဲကုန်းမြို့နယ် အောင်ကုန်း၊ သင်တော၊ ကဇွန်းအင်း၊ ယင်းတိုက်တန်းနဲ့ နှောကုန်းကျေးရွာတွေက လယ်မြေဧက ငါးထောင်ကျော်ကို တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ က ၂၀၀၀ ခုနှစ်အတွင်း သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။ အဲဒီအထဲက ဧက တစ်ထောင်ကျော်ကို ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးကို ငါးမွေးမြူရေးလုပ်ငန်းအတွက် စစ်တပ်က ငှားရမ်းထားတယ်လို့လည်း သိရပါတယ်။

RFA Burmese
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ လယ်မြေဧက ငါးထောင်ကျော်ကို ပြန်ပေးဖို့အတွက် ဒေသခံလယ်သမား ၅၀ လောက် သပိတ်စခန်းဖွင့် ဆန္ဒပြနေရာမှာ အဲဒီသပိတ်စခန်းကို ဦးဆောင်တဲ့ လယ်သမား ၃ ယောက်နဲ့ အကူအညီပေးနေသူ ၁ ဦး၊ စုစုပေါင်း ၄ဦးကို တရားမ၀င် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ သဲကုန်းမြို့နယ် ရဲစခန်းက ဒီနေ့ တရားစွဲလိုက်ပါတယ်။

ပြည်ထောင်စုစိတ်ဓာတ်နဲ့ ညီညွတ်ရေး NLD နာယကတိုက်တွန်း

Photo: ပြည်ထောင်စုစိတ်ဓာတ်နဲ့ ညီညွတ်ရေး NLD နာယကတိုက်တွန်း
Thursday, February 13, 2014

၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတရပ်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့မှာ ကျင်းပခဲ့ရာမှာ NLD ရဲ့ နာယကဖြစ်တဲ့ သူရဦးတင်ဦးက ဒီနေ့ကာလမှာ ဒီမိုကရေစီနည်းမကျတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးကို NLD အနေနဲ့ အလေးထား ဆောင်ရွက်နေတယ်ဆိုပြီး ပြောသွားပါတယ်။

ပြည်ထောင်စုနဲ့ပတ်သက်လို့တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်မှန်တဲ့ ပြည်ထောင်စု တနည်းအားဖြင့် ဖယ်ဒရယ်စနစ်ဆိုတာကို ထိတ်လန့်နေစရာ မလိုဘူးလို့ ပြောထားပါတယ်။ NLD က ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက် သတင်းယူထားတဲ့ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

NLD နာယက ဦးတင်ဦးကနေ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ဖွင့်ပွဲမိန့်ခွန်း ပြောဆိုခဲ့တာဖြစ်ပြီး၊ ပင်လုံစာချုပ်ကို အောင်အောင်မြင်မြင် လက်မှတ်ရေးထိုးနိုင်ခဲ့တာဟာ ညီညွတ်ရေးကြောင့်ဖြစ်ပြီး၊ ညီညွတ်ရေးဆိုတာဟာလည်း တူညီသော အလုပ်ဖြစ်ရမယ်ဆိုပြီး အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုခဲ့တာကို ပြန်ကိုးကား ပြောဆိုသွားပါတယ်။

ဒါ့အပြင် လက်ရှိ နိုင်ငံရေးအခြေအနေမှာ အဓိက လိုအပ်ချက်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးဖြစ်ပြီး၊ ဒါကို အားလုံးညီညွတ်စွာနဲ့ ဆောင်ရွက်ကြဖို့ဆိုပြီး ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ NLD နာယက သူရဦးတင်ဦးက တိုက်တွန်းပြောကြားသွားပါတယ်။ ဒါ့အပြင် တပ်မတော်ဟာ ပြည်သူ့ဝန်ထမ်းတွေသာဖြစ်ပြီး၊ နိုင်ငံရဲ့ အဆုံးအဖြတ်တွေမှာ ပြည်သူတွေရဲ့အခန်းကဏ္ဍကို အဓိက နေရာမှာရှိတယ်လို့လည်း ပြောပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ်ဖြစ်သည့် စစ်တပ်သည် ပြည်သူ့လွှတ်တော်ကို ဘယ်တော့မှ မလွှမ်းမိုးရ။ ပြည်သူ့လွှတ်တော်ကသာ စစ်တပ်ကို လွှမ်းမိုးရခြင်းဖြင့် သဘောထားကို ဖျက်စီးကာ ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ ဖြစ်ရမည့် အစဉ်အလာ ကောင်းများကိုပါ ဖျက်စီးလျက် တပ်မတော်သည်အမိ၊ တပ်မတော်သည်အဖ ဆိုတဲ့ သဘောထားကို အခိုင်အမာ ကိုင်ဆွဲလျက်ရှိနေပါသေးတယ်။ သို့ကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အချက်များကို ပယ်သင့်တာတွေပယ်၊ ဖြုတ်သင့်တာတွေဖြုတ်၊ နှုတ်သင့်တာတွေနှုတ်၊ ဖြည့်သင့်တာတွေဖြည့်၊ အစားထိုးသင့်တာတွေ၊ ပြင်ဆင်သင့်တာတွေကို အစားထိုး ပြင်ဆင် ပြောင်းလဲပစ်မှသာ၊ ပြောင်းလဲပစ်ကြရမှာ အမှန်ပင်ဖြစ်ပါတယ်။ အခု ၂၀၀၈ အခြေခံဥပဒေတွင် ပြင်ဆင်နိုင်သည့်အချက်များကို တင်ထားသော်လည်းပဲ ပြင်လို့မရအောင် တင်းကျပ်ထားခြင်း ဖြစ်နေပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ၀င်ကတည်းက ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို မူဝါဒတခုလို ချမှတ်ပြီး ဒီအပေါ်မှာ ခိုင်မြဲစွာ ရပ်တည်ထားတယ်လို့ ပြောပါတယ်။ အခုဆိုရင် လွှတ်တော်ထဲရောက်နေတဲ့ NLD ကိုယ်စားလှယ်တွေဘက်ကလည်း ဒီမူဝါဒအတိုင်း အောင်မြင်အောင် ဆောင်ရွက်နေကြသလိုပဲ၊ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အထူးသဖြင့် တိုင်းရင်းသားဒေသတွေကို စည်းရုံးရေးခရီးစဉ်တွေ ဆင်းပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကို ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်ဆိုပြီး ဦးတင်ဦးက ပြောပါတယ်။

အဓိကအချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံဟာ သန္ဓေအားဖြင့်ကို မမှန်ဘဲ ဒီမိုကရေစီနဲ့ ဆန့်ကျင်တာ ရှေ့နောက် မညီညွတ်တာတွေ ရှိနေတယ်လို့ ထောက်ပြခဲ့ပါတယ်။ တချိန်တည်းမှာတာ့ တိုင်းရင်းသားတွေအကြား မသင့်မမြတ်ဖြစ်ပြီး ပြည်တွင်းစစ်ပွဲတွေ ဖြစ်လာခဲ့ရာမှာ၊ အခုအခါ အပြန်အလှန် သဘောပေါက် နားလည်ပြီးတော့ တနိုင်ငံလုံး အပစ်ရပ်ရေးအထိ အောင်မြင်ဖို့ အလားအလာ ရှိတဲ့အပေါ်မှာလည်း သူ့အနေနဲ့ စိတ်သက်သာရာ ရမိတယ်လို့ သူရဦးတင်ဦးက ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း နယ်စပ်ဒေသတွေမှာ မတည်ငြိမ်မှုတွေကို ရင်ဆိုင်နေရဆဲ ဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း ထောက်ပြခဲ့ပါတယ်။

“ဆင်းရဲသားပြည်သူအပေါင်းတို့ဟာ အပြစ်ကင်းစင် ရိုးသားပြီး တိုင်းရင်းသားပြည်သူလူထုများဟာ မိမိတို့ရဲ့ အခြေကျနယ်မြေတွေကနေ ဘေးလွတ်အောင် ထွက်ပြေးတိမ်းရှောင်ကြရသည့် ဒုက္ခသည် ယနေ့တိုင် နယ်စပ်တွေမှာ၊ တဘက်နိုင်ငံတွေမှာ အလွန် ကြီးမားသော ဒုက္ခတွေကို အတောမသတ် ခံစားနေကြရတာဖြစ်တယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကိုတော့ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ ဒို့ရိုးရာစားသောက်ဆိုင်မှာ ကျင်းပခဲ့တာပါ။ ရန်ကုန်တိုင်းအစိုးရကတော့ မနက်ပိုင်းက ပြည်သူ့ရင်ပြင်မှာ ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ထောင်စုနေ့ သ၀ဏ်လွှာထဲမှာတော့ နှစ် ၆၀ ကြာဖြစ်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေကို ဆောင်ရွက်ခဲ့ပြီး ရလဒ်ကောင်းတွေ ရရှိနေပြီလို့ ဖော်ပြပါတယ်။ ကချင်ပြည်နယ် လိုင်ဇာမှာကျင်းပခဲ့တဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ အရေးကြီးတဲ့ မှတ်တိုင်ဖြစ်တယ်ဆိုပြီး သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ထောင်စုနေ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

ကိုသားညွန့်ဦး
ဗွီအိုအေ
၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတရပ်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့ မှာ ကျင်းပခဲ့ရာမှာ NLD ရဲ့ နာယကဖြစ်တဲ့ သူရဦးတင်ဦးက ဒီနေ့ကာလမှာ ဒီမိုကရေစီနည်းမကျတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးကို NLD အနေနဲ့ အလေးထား ဆောင်ရွက်နေတယ်ဆိုပြီး ပြောသွား ပါတယ်။

Tuesday, 11 February 2014

အစာအဆိပ်သင့်မှုကြောင့် ဟုမ္မလင်းတွင် လူငါးဦးဆေးရုံရောက်

စစ်ကိုင်းတိုင်း၊ ခန်္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ယက်ဖကျေးရွာတွင် ဖေဖော်ဝါရီ ၉ က အစာအဆိပ်သင့်မှု ကြောင့် ထမံသီတိုက်နယ်ပြည်သူ့ဆေးရုံတွင် လူငါးဦး အရေးပေါ်တင်ကုသထားရကြောင်း ထမံသီနယ် မြေရဲစခန်းရှိ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကိုတိုင်းရင်းသားများမျှော်လင့်

Photo: ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကိုတိုင်းရင်းသားများမျှော်လင့်
Tuesday, February 11, 014

၂၀၀၈ဖွဲ့စည်းပုံပါ ၅၉(စ)နှင့် ၅၉(ဃ)တို့ကို ပြင်ဆင်လိုသူများနှင့် မပြင်ဆင်သင့် ကြောင်းကို ကန့်ကွက် ပြောဆိုမှုများ ရှိနေရာတွင် ပြင်ဆင် လိုသည့်ဘက်က ပြင်ဆင်သင့် ကြောင်းကို ဆန္ဒဖော်ထုတ်မှုများ ရှိနေ၍ မပြင်သင့်ကြောင်းကို ထောက်ခံသည့် ဘက်ကလည်း ဟောပြောပွဲများ ပြုလုပ်လျက်ရှိ သည်။

၅၉(စ)နှင့် ၅၉(ဃ)တို့နှင့် ပတ်သက်၍ ရှမ်းပြည်လူမျိုး ပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့အပါ ၀င်(၃)ဖွဲ့၏ ကိုယ်စားလှယ်စိုင်းထွန်း အေးက ““ဒီပုဒ်မတွေက လူတစ်ဦး တစ်ယောက်ကိုကန့်သတ်တဲ့ သဘောပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုကန့် သတ်တဲ့ သဘောပါတယ်။ လူမျိုး စုတွေအနေနဲ့ ဒီအချိန်မှာ သမ္မတ ဖြစ်ဖို့ မလွယ်ဘူး။ ရှမ်း၊ ကချင်၊ ရခိုင်တွေရောအားလုံးကမဖြစ်နိုင် ဘူး။ အများစုဖြစ်တဲ့ ဗမာတွေဖြစ် တယ်ဆိုတာထုံးစံပဲ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတ ဖြစ်မယ်ဆိုရင် ပိုပြီးတော့ဆွေးနွေး လို့ကောင်းမယ်ဆိုတာကိုသိတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ကို လူမျိုးစုတိုင်းရင်း သားလက်နက်ကိုင်တွေကလိုလား ကြတယ်။ နှစ်ပေါင်း(၆၀)ကျော် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြီးက ဒေါ်အောင်ဆန်းစုကြည်သမ်္မတ ဖြစ်ခဲ့ရင်ပိုပြီး ဆွေးနွေးလို့ကောင်း မယ်။ ဗမာ၊ ဗမာချင်းတူရင်တောင် ဒေါ်အောင်ဆန်းစုကြည်လိုပုဂိ္ဂုလ် မျိုးနဲ့ဆွေးနွေးမယ်ဆိုရင် အခြား သမ်္မတကြီးတို့၊ ဗိုလ်ချုပ်တွေနဲ့ စာရင်ပိုပြီးတော့နားလည်တတ်တဲ့ သူလို့မြင်ပါတယ်””ဟု ဆိုသည်။

““ဒေါ်အောင်ဆန်းစုကြည်လို သမ်္မတမျိုးရလိုက်ရင် ၂၀၁၅ ကနေ ၂၀၂၀အတွင်း ပြည်တွင်းစစ်ရပ်စဲ ပြီးတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ပေါ်လာနိုင်မယ်လို့ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ရေးကိုတိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအင်အားစုတွေက သဘောတူတယ်။ ထောက်ခံတယ်။ သမ္မတဖြစ်ရေးကိုအားလုံးက မျှော်လင့်ကြတယ်။ ဒါကြောင့် လူတစ်ဦးတစ်ယောက်ကိုဦးတည် ချက်နဲ့ကန့်သတ်ထားတဲ့ ၅၉(စ)နဲ့ ၅၉(ဃ)ကမရှိသင့်ပါဘူး။ အင်မတန် အငြိုးတရားတွေနဲ့ပိတ်ပင်ထား တယ်လို့ယူဆလို့ရတယ်။ ဒီပုဒ်မ တွေက ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲကိုပိတ်ပင်ထားရုံတင် မဟုတ်ဘဲအမျိုးသားရင်ကြားစေ့ရေး တွေကိုပါအနှောင့်ယှက်ဖြစ်နေ တယ်””ဟု ၎င်းကထပ်မံပြောသည်။

၅၉(စ)နှင့် ၅၉(ဃ)တို့ကို ပြင်ဆင်သင့်ကြောင်းကိုနိုင်ငံတကာ အသိုင်းအ၀ိုင်းမှဝေဖန်ထောက်ပြ မှုများရှိနေပြီး ပြည်တွင်းရှိအတိုက် အခံအင်အားစုများကလည်း ပြင် ဆင်ရန်ကြိုးပမ်းနေကြသကဲ့သို့ အဆိုပါပုဒ်မများကိုပြင်ဆင်မှု မလုပ်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံလေ့လာသုံးသပ်ရေးကော် မတီသို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှလက်မှတ် တစ်သိန်းကျော်ကိုရန်ကုန်တိုင်း ဒေသကြီးအတွင်းကောက်ခံ၍ ပေးပို့ထားကြောင်းသိရသည်။

မျိုးကျော်
Hot News Journal
၂၀၀၈ဖွဲ့စည်းပုံပါ ၅၉(စ)နှင့် ၅၉(ဃ)တို့ကို ပြင်ဆင်လိုသူများနှင့် မပြင်ဆင်သင့် ကြောင်းကို ကန့်ကွက် ပြောဆိုမှုများ ရှိနေရာတွင် ပြင်ဆင် လိုသည့်ဘက်က ပြင်ဆင်သင့် ကြောင်းကို ဆန္ဒဖော်ထုတ်မှုများ ရှိနေ၍ မပြင်သင့်ကြောင်းကို ထောက်ခံသည့် ဘက်ကလည်း ဟောပြောပွဲများ ပြုလုပ်လျက်ရှိ သည်။

ရှောင်လွှဲမရမှ ဥက္ကဋ္ဌ ရာထူး ပြန်လက်ခံမယ်လို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

Photo: ရှောင်လွှဲမရမှ ဥက္ကဋ္ဌ ရာထူး ပြန်လက်ခံမယ်လို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော
Tuesday, February 11, 014

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) ရဲ့ ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲကို ဝင်ရောက် ရွေးချယ်ခံမှာ မဟုတ်ဘူးလို့ တရားဝင် ထုတ်ဖော်ပြောဆိုထားပေမယ့် ရှောင်လွှဲလို့ မရတဲ့ အခြေအနေတွေနဲ့ ကြုံလာရင်တော့ ဥက္ကဋ္ဌ ရာထူးကို ဆက်ပြီး တာဝန်ယူ ပေးသွားမှာ ဖြစ်တယ်လို့ ဧရာဝတီနဲ့ သီးသန့်တွေ့ဆုံရာမှာ လက်ရှိ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါတယ်။

RCSS/SSA ခေါင်းဆောင်နေရာမှာ နောက်လူတွေ ပါဝင်လုပ်ကိုင်လာနိုင်ဖို့ သူ့အနေနဲ့ ပါဝင်ရွေးချယ်ခံတော့မှာ မဟုတ်ဘူးလို့ ပြီးခဲ့ တဲ့ ဇန်နဝါရီလမှာ ပြုလုပ်တဲ့ ၂၀၁၃ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးမှာ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် က တရားဝင် ထုတ်ဖော် ပြော ဆို ခဲ့ပြီး ဖြစ်ပါတယ်။

“ဒီအဖွဲ့အစည်းထဲမှာ ဒီမိုကရေစီ လမ်းစဉ်အတိုင်းပဲ ကျင့်သုံးပါတယ်၊ လေးနှစ် တစ်ကြိမ် ရွေးကောက်ရမယ့် ထုံးတန်းတွေရှိခဲ့တယ်။ ဒီနှစ်တော့ လူသစ်တွေပါဝင်လာနိုင်အောင် အရာရှိတွေအချင်းချင်းကြားထဲကနေ ရွေးချယ်ကြဖို့ လမ်းဖွင့်ပေးထားတယ်။ တကယ် လို့ ရွေးလို့မရဘူး၊ ရှိကိုမရှိဘူးဆိုပြီး တာဝန်ကို ပြန်အပ်လာတယ်ဆိုရင်တော့ မတတ်နိုင်ဘူး လက်ခံရမှာဘဲ”လို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ဧရာဝတီကို ပြောပါတယ်။

RCSS/SSA ဥက္ကဋ္ဌ ရွေးကောက်ပွဲကို ဗဟိုဌာနချုပ် လွယ်တိုင်းလျန်းမှာ အခုလ ၁၃ ရက်၊ ၁၄ ရက်မှာ ကျင်းပမှာ ဖြစ်ပြီး ရှမ်းပြည် နယ် အတွင်း မြို့နယ် အသီးသီးက ကိုယ်စားလှယ်တွေနဲ့ တပ်ဖက်ဆိုင်ရာ ခေါင်းဆောင်တွေလည်း ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

ခေါင်းဆောင်သစ် နေရာအတွက် တခြားထိပ်ပိုင်း အရာရှိတချို့ရွေးချယ် ခံကြလိမ့်မယ်လို့ ပြောဆိုမှုတွေ ရှိနေပေမယ့်လည်း ခေါင်း ဆောင် ရွေးကောက်ပွဲအတွက် လွယ်တိုင်းလျန်း ဌာနချုပ်မှာ ရောက်ရှိနေကြတဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတချို့ရဲ့ ပြောဆိုချက်အရ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ကိုသာ ဆက်လက် တာဝန်ပေးဖြစ်ကြလိမ့်မယ်လို့ ဆိုပါတယ်။

“သူက ဆက်တိုက် တာဝန်ယူခဲ့လို့ တခြားလူတွေကို နေရာပေးချင်တယ် ဆိုပေမယ့် သူနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးတွေ လုပ်ဆောင် ထားတဲ့ အခြေအနေရယ်၊ လက်ရှိ နိုင်ငံရေး အခြေအနေတွေရယ်၊ RCSS/SSA အပေါ်မှာရှိတဲ့ သူ့ရဲ့ သြဇာရယ်ကြောင့် သူ့ကိုပဲ တာဝန်ပြန်ပေးကြဖို့ များနေကြတဲ့ သဘောရှိတယ်”လို့ ဗဟိုဌာနချုပ် လွယ်တိုင်းလျန်းမှာ တွေ့တဲ့ တပ်မှူးတဦးက ဧရာဝတီကို ပြော ပါတယ်။

RCSS/SSA ဥက္ကဋ္ဌသစ် ရွေးချယ်ဖို့ရာမှာ တက်ရောက်လာတဲ့ ပြည်သူတွေ၊ ကိုယ်စားလှယ်တွေနဲ့ စစ်တပ်ပိုင်း တာဝန်ရှိသူတွေရဲ့ ဆန္ဒမဲ အပေါ်မှာသာ မူတည်ပြီး လက်ရှိလုပ်ဆောင်နေကြတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ လည်း နောက်တက်လာမယ့် ဥက္ကဋ္ဌ အသစ်ပေါ်မှာသာ မူတည်တယ်လို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါတယ်။

“ခန့်မှန်းလို့ အတိအကျပြောလို့တော့ မရဘူးပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့၊ တကယ်လို့သာ ဥက္ကဋ္ဌ အသစ်ရှိလာရင် ဆုံးဖြတ်ချက် က အဲဒီ ဥက္ကဋ္ဌ အသစ်ပေါ်မှာ မူတည်တယ်”လို့လည်း သူက ပြောဆိုပါတယ်။

ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်မှုအောက်မှာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ RCSS/SSA တို့အကြား ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့် တွေမှာ လက်မှတ်ရေးထိုးထားပြီး ရှေ့ဆက်လုပ်ဆောင်ဖို့ သဘောတူညီချက်တွေလည်း ရှိထားကြပါတယ်။

RCSS/SSA ဖွဲ့စည်းလိုက်ပြီးနောက် ဥက္ကဋ္ဌ ရာထူးကို လေးနှစ် တကြိမ် ရွေးကောက်တင်မြှောက်ခဲ့ကြရာမှာ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ၃ ကြိမ်၊ ၁၂ နှစ် ဆက်တိုက် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော်(SSA) ကို ၁၉၉၆ ခုနှစ်မှာ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် က ဦးဆောင်ပြီး အရင် မိုးဟိန်း ဦးဆောင်တဲ့ ရှမ်းပြည်ညီညွှတ်ရေးနဲ့ တော်လှန်ရေးတပ်(SURA) တို့ပူးပေါင်းဖွဲ့စည်းထားတဲ့ မော်ထိုင်း တပ်မတော်(MTA)အဖွဲ့ဝင်ဟောင်း တချို့နဲ့ ပြန်လည်ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။

ဦးခွန်ဆာရဲ့ MTA တပ်ဖွဲ့ဟာ ၁၉၉၅ အစိုးရဆီမှာ လက်နက်မချမီက ထိုင်း-မြန်မာနယ်စပ်တလျှောက် အင်အားကြီး လက်နက်ကိုင် အဖွဲ့တွေအနက် ထင်ရှားတဲ့ အဖွဲ့တဖွဲ့ ဖြစ်ခဲ့ပါတယ်။ တချို့ကတော့ ရှမ်းပြည်နယ်အတွင်းမှာ မိုင်းပန် ပြည်သူ့စစ်တပ်ဖွဲ့ အဖြစ်နဲ့ အစိုးရ စစ်တပ်အောက်မှာ တာဝန် ထမ်းဆောင်နေကြ ပါသေးတယ်။

ဧရာဝတီ

လွယ်တိုင်းလျန်း ဗဟိုဌာနချုပ်မှာ တွေ့ရတဲ့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
လွယ်တိုင်းလျန်း ဗဟိုဌာနချုပ်မှာ တွေ့ရတဲ့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်
 (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) ရဲ့ ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲကို ဝင်ရောက် ရွေးချယ်ခံမှာ မဟုတ်ဘူးလို့ တရားဝင် ထုတ်ဖော်ပြောဆိုထားပေမယ့် ရှောင်လွှဲလို့ မရတဲ့ အခြေအနေတွေနဲ့ ကြုံလာရင်တော့ ဥက္ကဋ္ဌ ရာထူးကို ဆက်ပြီး တာဝန်ယူ ပေးသွားမှာ ဖြစ်တယ်လို့ ဧရာဝတီနဲ့ သီးသန့်တွေ့ဆုံရာမှာ လက်ရှိ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါတယ်။

ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား အချိန်ကြာမြင့်စွာပြတ်တောင်ခြင်းလျော့နည်းစေရန်

Photo: ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား အချိန်ကြာမြင့်စွာပြတ်တောင်ခြင်းလျော့နည်းစေရန်
Tuesday, February 11, 014

လက်ရှိရန်ကုန်မြို့တွင် ဖြစ်နေသော လျှပ်စစ်ဓာတ်အား အချိန်ကြာမြင့်စွာ ပြတ်တောက်နေခြင်း လျော့နည်း စေရန် နှင့် ဓာတ်အားပြတ်တောက် ဧရိယာ လျော့နည်းစေရန်အတွက် ဂျပန်-မြန်မာ နည်းပညာပူး ပေါင်း ဆောင်ရွှက်မှု၏ စမ်းသပ်မှုတစ်ခုအဖြစ် ဓာတ်အား လိုင်း အပြစ်အလိုလျောက် Section ပိုင်းဖြတ်စနစ်အား ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် သာကေတမြို့နယ်တွင် စတင်တက်ဆင်ခဲ့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ သိရသည်။

ယခင်က ရန်ကုန်မြို့တော်တွင် ဓာတ်အားလိုင်းအပြစ်ကြောင့် ဓာတ်အားပြတ်တောက်ရာတွင် ဖြစ်ပွားရာနေရာ ကိုမသိရှိခဲ့သောကြောင့် ဓာတ်အား အချိန်ကြာမြင့်စွာ ပြတ်တောက်နေခဲ့ပြီး ယခုတွင် ဓာတ်အား လိုင်းအဖြစ် အလိုလျောက် Section ပိုင်းဖြတ်စနစ် တက်ဆင်လိုက်ခြင်းကြောင့် အချိန်ကြာမြင့်စွာ ပျက်တော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ ဒုတိယအင်ဂျင်နေယာချုပ် ဦးသန့်ဇင်က ပြောသည်။

“အခုတော့စမ်းသပ်ကာလ အဖြစ်နဲ့ သာကေတမြို့နယ်မှာ တပ်ဆင်ထားတယ် ဘာလို့ သာကေတမြို့နယ်ကို တက်ဆင်ရလည်းဆိုတော့ ဒီမြို့နယ်ဟာ ဓာတ်အား ပြတ်တောက်မှုအဖြစ်များတဲ့ နေရာမို့ လိုပါ ” ဟု ဦးသန့်ဇင် ကဆိုသည်။

အဆိုပါ စက်တစ်လုံး၏ တန်ဖိုးငွေသည် ဂျပန်ယန်းငွေ ၅ သန်းခန့်ရှိပြီး ယင်းစက်၏လုပ်ဆောင်ချက်သည် တက်အားပြတ်တောက်သည့် နေရာအတိအကျ သိရှိနိုင်ပြီး ဓါတ်အားပြတ်တောက်သည့် နေရာမှအပ အခြားနေရာများအား ၅ မိနစ်ဖြင့် မီးပြန်လည်ပေးနိုင်ကြောင်းကိုလည်း Japan International Co-Operation Agency (JICA) မှနည်းပညာကျွမ်းကျင်သူတစ်ဦး၏ပြောပြချက်အရ သိရသည်။

“စမ်းသပ်ကာလ အဖြစ်နဲ့ကတော့ ဂျပန်က အလကားပေးထားတာပါ ဒါပေမယ့် နောက်ပိုင်းသုံးကြည့်လို့ အဆင်ပြေတဲ့အခါ ကျရင် ရလာတဲ့ ကျွန်တော်တို့ ဌာန ရဲ့ငွေကြေးအပေါ်မူတည်ပြီး ရန်ကုန်မြို့ရဲ့မြို့နယ်အကုန်လုံးမှာတက်ဆင် သွားမှာပါ” ဟု ဦးသန့်ဇင်က ဆိုသည်။

လက်ရှိတွင် ဓာတ်အား လိုင်း အပြစ်အလိုလျောက် Section ပိုင်းဖြတ်စနစ် စက်သုံးလုံးအား တက်ဆင်ထားပြီး တက်ဆင်ထားသည့် နေရာများသည် ဒဂုံဆိပ်ကမ်းမြို့နယ် ဧရာဝဏ်လမ်းနှင့် ချင်းတွင်းလမ်းထောင့်၊ သာကေတမြို့နယ် ရှုခင်းသာ လမ်းမအပေါ်တွင် တက်ဆင်ထားခြင်းဖြစ်သည်။

နှင်းနွယ်
မြန်မာ့ခေတ်
လက်ရှိရန်ကုန်မြို့တွင် ဖြစ်နေသော လျှပ်စစ်ဓာတ်အား အချိန်ကြာမြင့်စွာ ပြတ်တောက်နေခြင်း လျော့နည်း စေရန် နှင့် ဓာတ်အားပြတ်တောက် ဧရိယာ လျော့နည်းစေရန်အတွက် ဂျပန်-မြန်မာ နည်းပညာပူး ပေါင်း ဆောင်ရွှက်မှု၏ စမ်းသပ်မှုတစ်ခုအဖြစ် ဓာတ်အား လိုင်း အပြစ်အလိုလျောက် Section ပိုင်းဖြတ်စနစ်အား ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် သာကေတမြို့နယ်တွင် စတင်တက်ဆင်ခဲ့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ သိရသည်။

ပွင့်ဖြူမြို့ နယ်တွင် ဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်ကာ မီးလောင်မှုဖြစ်

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ဗောဓိကုန်းကျေးရွာ အရှေ့တောင်ဘက်တစ် မိုင်ခန့်အကွာရှိ မြန်မာ့သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းသည် ဖေဖော်ဝါရီ ၉ ရက် နေ့လည်ပိုင်းက ပိုက်လိုင်းယိုစိမ့်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ သည်ဟု ဒေသခံများကပြောသည်။